ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၉
    
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဆန်းမှစတင်၍ တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၁၃ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်စာသင်တိုက်နှင့် အခြားဘာသာရေး ကျောင်း ၂၁ ကျောင်းသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးနှင့် တာဝန် ရှိသူများက သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့အပြင်  COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၈ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရေးမြို့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် လှိုင်းဘွဲမြို့၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နှင့်သံတောင်မြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ကျန်းမာ ရေးစစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက် အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။