တန်ဖိုးထားအပ်သော မြန်မာစာ မြန်မာစကား

တန်ဖိုးထားအပ်သော မြန်မာစာ မြန်မာစကား

  မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာဖြစ်ပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၈၈ ရာခိုင်နှုန်းနီးပါး သက်ဝင်ယုံကြည် ကိုးကွယ်လျက်ရှိပါသည်။ နိုင်ငံရှိ လူဦးရေနှင့် သံဃာတော်အချိုး၊ ဘာသာတရားနှင့် ပတ်သက်၍ သုံးစွဲသည့်ငွေကြေး ပမာဏတို့ကို လေ့လာနှိုင်းယှဉ်ကြည့်မည် ဆိုပါက မြန်မာနိုင်ငံသည် ဘာသာရေး ကိုင်းရှိုင်းမှုအရှိဆုံး ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ကြောင်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့နိုင်ငံတွင် အမျိုးမျိုးသော ဘာသာရေး သက်ဝင်ယုံကြည်သူများဖြင့် အတူယှဉ်တွဲနေထိုင်လျက ်ရှိကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၈)၊ ပုဒ်မ ၃၆၁ တွင်လည်း နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု အသိအမှတ်ပြုထားပြီး ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံအုတ်မြစ်မှာ ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးတို့ကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်းပင်ဖြစ်သည်။

ရှေးယခင်ကတည်းကပင် ဗုဒ္ဓဘာသာကို အထွတ် အမြတ်တန်ဖိုးထား၍ ယုံကြည် ကိုးကွယ်ကြသည့် မိမိတို့မြန်မာဓလေ့ ထုံးတမ်းစဉ်လာအရ ဒကာ၊ ဒကာမများက ပင့်ဖိတ်ထားသော ရဟန်းသံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ ကပ်လှူပူဇော်ကြသည့်အခမ်းအနားကို ]]ဆွမ်းကြီးလောင်းသည်}} ဟူ၍ ကြည်ညိုသဒ္ဓါတရား ထက်သန်စွာ ခေါ်ဆိုပီတိ ဖြစ်ကြပါသည်။

မြတ်နိုးဖွယ်ရာကောင်းသည့် မြန်မာမှုရိုးရာဓလေ့နယ်ပယ်၌ မိမိတို့နေအိမ်အတွင်း အိမ်တက်မင်္ဂလာ အခမ်းအနားပြုလုပ်ရာတွင်ဖြစ်စေ၊ ရှင်ပြုနားသ အလှူတော်မင်္ဂလာ ကျင်းပရာတွင်ဖြစ်စေ၊ မွေးနေ့မင်္ဂလာကုသိုလ်ပြု ဆောင်ရွက်ရာတွင်ဖြစ်စေ ပစ္စည်းလေးပါးကပ်လှူပူဇော်နိုင်ရန်နှင့် ဥပုသ်သီတင်း သီလဆောက်တည်နိုင်ရန် အတွက် သံဃာတော်အရှင်သူမြတ်တို့ အား  ပင့်လျှောက်ဦးတင် ကြရာတွင် လည်းကောင်း၊ မိမိတို့ထက် အသက်၊ ဂုဏ်ဝါ၊ သြဇာကြီးမားသည့် မိဘ၊ ဆရာသမားတို့အပါအဝင် ဘိုးဘွား/သက်ကြီးရွယ်အိုများကို ပင့်ဆောင်ဖိတ်ကြားမှု ပြုလုပ်ရာတွင် လည်းကောင်း၊ “ပင့်သည်”ဟူသည့် ဝေါဟာရစကားကို အလေးအမြတ်ထားခြင်းအားဖြင့်  သုံးနှုန်းပြောဆိုတတ်လေ့ရှိကြပါသည်။

ကျေးဇူးတရားအပေါ် နားလည်သိတတ်ခြင်းကို အခြေခံသော ရိုသေထိုက်သူကို ရိုသေလေးစား ကိုင်းရှိုင်းခြင်းသည်  ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သည့် မင်္ဂလာ တရားတော်နှင့် ညီကြောင်း  ငယ်စဉ်ဘဝကပင် လေ့လာမှတ်သား သိရှိခဲ့ကြပြီး  ဖြစ်ကြပါလိမ့်မည်။

ကျွန်ုပ်တို့မြန်မာလူမျိုးများ သည်ကား အသက်အရွယ်အားဖြင့် မိမိထက် တစ်ရက်/ တစ်လမျှပင် ကြီးစေကာမူ  “ဂါရဝတရား”နှင့်အညီ ရိုကျိုးသိမ်မွေ့စွာ ပြုမူပြောဆိုဆက်ဆံတတ်ခြင်းသည် လွန်စွာမှကြည်နူးချစ်ခင်ဖွယ်ရာ ကောင်းသည့်    ရိုးရာအလေ့အထ ကောင်းတစ်ရပ်ပင်ဖြစ်ပါသည်။

ယနေ့ခေတ်ကမ္ဘာကြီးသည် နေ့စဉ်ပြောင်းလဲမှုပေါင်းမြောက်မြားစွာ   လည်ပတ်ရွေ့လျား နေလျက်ရှိပါသည်။ စင်စစ် ထိုပြောင်းလဲလာမှုမျာတွင် တိုးတက် ကောင်းမွန်လာသော ပြောင်းလဲမှုများနှင့် ဆုတ်ယုတ်ပျက်စီးသွားသော ပြောင်းလဲမှုများ ပါဝင်လျက်ရှိနေသည်ကို စိစစ်ခွဲခြားသိမြင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သတိချပ်သင့်ပါသည်။ ခေတ်ရေစီးကြောင်းများ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိရာတွင် နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး၊  ဘာသာရေး  အစရှိသည့် နယ်ပယ်အသီးသီး သာမက ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပြောင်းလဲ လာမှုများကိုလည်း အသိ၊ သတိကြီးစွာ ဆင်ခြင်ဝေဖန်သုံးသပ်နိုင်ကြရန် အရေးကြီးလှပါသည်။

စီးဆင်းလာမှုတိုင်းတွင်သာ လိုက်ပါစီးမျောနေမည် ဆိုပါက ကောင်းသော စီးမျောခြင်းများသာ ဖြစ်နိုင်သည်ဟု  တထစ်ချမှတ်ယူ၍  ရနိုင်လိမ့်မည်မဟုတ်ပေ။ ရေစစ်နှင့် အလားသဏ္ဌာန်တူသော တိုင်းရင်းသား လူမျိုးအပေါင်းတို့၏  ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး  အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း အလွန်အရေးကြီးလှပေသည်။

မျက်မှောက်ခေတ်ကျွန်ုပ်တို့လူမှုပတ်ဝန်းကျင်တွင် ခေတ်လူငယ်အများစု၏ နှုတ်ဖျား၌ “ဆွမ်းကြီးလောင်းသည”၊ “ပင့်သည” “ “ဂါရဝပြုသည်”ဟူသည့် ခေတ်အဆက်ဆက် အလေးအမြတ် တန်ဖိုးထားသုံးနှုန်းခဲ့သော မြန်မာ့ရိုးရာဓလေ့သုံးစကားလုံးများကို “တလွဲဆံပင်ကောင်း< စွာ ပေါ့ပေါ့တန်တန် ဖြစ်ကတတ်ဆန်း ပြောဆိုနေလျက်ရှိကြသည်ကို     စိတ်မချမ်းမြေ့ဖွယ် မကြားဝံ့မနာသာဖြင့်    နိစ္စဓူဝကြားနေရပါတော့သည်။

မိမိတို့နှင့် ခံယူချက်၊ ယုံကြည်ချက်မတူညီသော၊ တစ်နည်းအားဖြင့် မိမိတို့အသင်းအဖွဲ့နှင့် ပေါင်းသင်း ဆက်ဆံရေး ပြေလည်မှု မရှိသော၊ ထိုမှတစ်ဆင့်တက်ပြီး ရန်သူသဖွယ် အငြိုးအတေးထားသော     တစ်ဦးတစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်ကြရာတွင်”ဆွမ်းကြီးဝိုင်းလောင်းကြမည်”ဟူ၍ လည်းကောင်း၊ အပုပ်ချိန်ဖြစ်သည့် ညသန်းခေါင်ဝန်းကျင် လူခြေတိတ်ချိန်များတွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ပျော်ပါးရန် သက်သက်ခေါ်ဆောင်ရာ၌ “ကောင်မလေးကို ပင့်သွားပြီ” ဟူ၍လည်းကောင်း၊ လုပ်ငန်း အောင်မြင်စေရေးအတွက် တရားနည်းလမ်း မကျသည့် ရိုးစင်းမှုမရှိသော အခွင့်အရေး ရရှိနိုင်ရန်နှင့်  မိမိကိုယ်ကျိုးစီးပွားအလို့ငှာ လာဘ်ပေးလာဘ်ယူခြင်း သဘောဆောင်သည့် အပေးအယူကိစ္စရပ်များ ဆောင်ရွက်ရာတွင် “ဂါဖို့လိုတယ်၊ ဂါရဦးမယ်” ဟူ၍လည်းကောင်း နေရာလွဲမှားစွာ သုံးနှုန်းပြောဆိုလျက်ရှိသည်ကို ဝမ်းနည်းကြေကွဲဖွယ် ကောင်းစွာကြားနေကြရပါသည်။

အပြုသဘောဆောင်၍ ပြောဆိုခြင်းမှသည် အပျက်သဘောဆောင်သည့် ပြောဆိုခြင်းမျိုးကိုသာ ဦးတည် လာသည့် အန္တရာယ်ကြီးမားသော ဘာသာစကား ခေါ်ဝေါ်သုံးစွဲမှု ချို့ယွင်း ားနည်းလာခြင်းဟူ၍ပင် စိတ်မကောင်းဖြစ်ရပါသည်။ ထိုမျှမက မြန်မာစကား၏ အဓိပ္ပာယ်နှင့် ဝေါဟာရ အနှစ်သာရကြွယ်ဝမှုများကိုပါ သိရှိနားလည်နိုင်တော့မည် မဟုတ်သည်ကို စိုးရိမ်ကြီးစွာ ပူပန်ရမိပြန်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားခဲ့သည့် (၃၈)ဖြာသော မင်္ဂလာတရားတော်များ အနက်မှ လောကီနှင့် တိုက်ရိုက်သက်ဆိုင်သော ပညာရေးဆိုင်ရာ မင်္ဂလာ (၄)ပါးတွင် ပါဝင်သည့် “သုဘာသိတာ စ ယာ ဝါစာ” ဟူသည့် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော စကားကိုပြောဆိုခြင်းမှလည်း သွေဖည်ရာရောက်မှန်းမသိ ရောက်ရှိသွားနိုင်သည်ကို စိုးရိမ်ပူပန်သင့်ပါသည်။ ထို့ကြောင့် “သမ္မာဝါစာ” ဟူသည့် ကောင်းမွန်မှန်ကန်သော အကျိုးရှိစေမည့် စကားများကိုသာ လိုက်လျောညီထွေမှုရှိစွာ သူ့နေရာနှင့်သူ မှန်မှန်ကန်ကန် သုံးနှုန်းပြောဆို ကြရန် လိုအပ်မည်ဖြစ်ပါသည်။    

မြန်မာနိုင်ငံသည် ရှေးယခင် နှစ်ပေါင်းများစွာကတည်းကပင် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဂီတ၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်ဘာသာစကားနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် ခံ့ညားထည်ဝါစွာ ရပ်တည်၍ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာနိုင်ခဲ့သော သမိုင်းအစဉ်အလာ ကြီးမြတ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဘိုးဘွားအစဉ်အဆက် အထိအခိုက် အပွန်းအပဲ့မရှိ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ ကြသော ယဉ်ကျေးမှုစရိုက် လက္ခဏာများကို နိုင်ငံသား တစ်ဦးချင်းစီက  အမြတ်တနိုးတန်ဖိုးထား၍ ထိန်းသိမ်း စောင့်ရှောက်နိုင်ကြမှသာလျှင် မြန်မာစာ မြန်မာမှုနှင့် မြန်မာစာ မြန်မာစကားတို့၏ ပကတိဖြစ်သော မူရင်းအနှစ်သာရများ မပျောက်ပျက်ဘဲ ယနေ့ခေတ်မှသည် နောင်အနာဂတ်သို့တိုင် ဂုဏ်ယူဝံ့ကြွားဖွယ် ငွားငွားစွင့်စွင့် မြင့်မားထည်ဝါစွာ တည်ရှိနေနိုင်မည်ဖြစ်ပါသည်။

လက်ဆင့်ကမ်းအမွေများကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ဆဲဖြစ်သော ကျွန်ုပ်တို့အနေဖြင့် သမိုင်းတစ်ခေတ်ကို အသစ်တီထွင် ဖန်တီးနိုင်ခြင်း မရှိသည့်တိုင် ရှိနှင့်နေပြီးဖြစ်သော သမိုင်းကောင်း ပေတစ်ချပ်ကိုမူ အသရေမဖျက်ကြရန် ဂရုပြုဆင်ခြင်ကြရမည် ဖြစ်ပါသည်။ သို့မှသာ အတိတ်ပန်းချီကားကို ဆေးရောင်မှေးမှိန် ပျက်ပြယ်စေခြင်း မရှိသော အနာဂတ်ကိုလည်း သစ်လွင်တောက်ပ လင်းလက်စေနိုင်သော  တာဝန်ကျေပွန်သည့် ပစ္စုပ္ပန်လူကောင်း လူတော်များဖြစ်ကြပါလိမ့်မည်။ ဆိုလိုသည်မှာ သမိုင်း၏တရားခံများ မဖြစ်ကြစေရန် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ဝေဖန်ပိုင်းခြားနိုင်သော “ပညာ”ဖြင့် သတိပြုဆင်ခြင် ပြောဆိုနိုင်ကြရန်ပင်ဖြစ်ပါသည်။

သန့်ရှင်းစင်ကြယ်ခြင်း မရှိဘဲ ဆုတ်ယုတ်ခြင်းဖြင့် ပြောင်းလဲလာလျက်ရှိသော ခေတ်ရေစီးကြောင်းပါ အမှိုက်သရိုက် ရောနှောနေသည့် ရေများကို သတိချပ် ဝေဖန်ပိုင်းခြားဆင်ခြင်ကာ   စုန်ဆင်းခြင်းမှသည် ဆန်တက်ခြင်းဆီသို့ ပြုပြင်ပြောင်းလဲ ခြင်းများကိုလည်း လိုအပ်ပါက မဖြစ်မနေ ပြုလုပ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆရာဇော်ဂျီ၏ “သင်သေသွားသော်”  ကဗျာမှတစ်ဆင့်လည်း “သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊   ကျန်ကောင်းသင့်၏။” ဟူ၍ မီးမောင်းထိုး သတိပေးထားရှိပြီး ဖြစ်ပါကြောင်း ဆန္ဒမွန်ကောင်းများဖြင့် ထပ်လောင်း တိုက်တွန်းရေးသားလိုက်ရပါကြောင်း။     ။

ကြေးမုံဖြိုးသန့်(ရွှေရတု)