COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ဆက်လက်လက်ခံ

နေပြည်တော်၊  အောက်တိုဘာ - ၉

တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19)   ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးတို့အတွက် သီးသန့်စောင့်ကြည့်ရမည့် သူများအား လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌  သီးသန့်စောင့်ကြည် ရမည့်သူ ၃၉၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၆၆ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။ အဆိုပါသီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ စောင့်ကြည့်ထားသူများအနက်မှ COVID-19  ရောဂါပိုးတွေ့ရှိသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ကုတင်-၃၀၀)သို့ လွှဲပြောင်းပေးခဲ့သည်။
    
ယင်းသို့ စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁၇ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် သတ်မှတ်ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့်  COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။ 
    
နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်သူများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထိုသို့ သီးသန့်စောင့်ကြည့် ရမည့်သူများကို လူမျိုး၊ ဘာသာမခွဲခြားဘဲ လက်ခံခဲ့ပြီး လိုအပ်သည့် စောင့်ကြပ်ကြည့်ရှုမှုများ၊ စစ်ဆေးမှုများနှင့် နေထိုင်စားသောက်ရေးစီစဉ် ဆောင်ရွက်ပေးမှုများအပေါ် စောင့်ကြည့်ထားသူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါ တယ်-

“ဒီရောက်တော့ ကျန်းမာရေးစစ်တယ်။ တစ်နေ့နှစ်ခေါက်  အဖျားတိုင်းပေးတယ်။ ရောက်ရောက်ချင်းပဲ  ဗိုက်က ဆာပြီးလာတာ။

အဲနေ့က မုန့်တွေလည်းကျွေးတယ်။ ရောက်ရောက်ချင်းကို ကျွန်တော်တို့ကို ဒီမှာအဆောင်ပေးတယ်။ စောင်တွေ၊ အိပ်ရာတွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေအကုန်ပါပါတယ်။ အကုန်လုံး အဆင်ပြေပါတယ်။ ကျွန်တော် စရောက်တဲ့နေ့ ကတည်းက  ပြောပါတယ်။

ကျွန်တော်က ဘာသာခြား၊ ကျွန်တော်ဒီအသား၊ ကြက်သားတွေ၊ ဝက်သားတွေ ကျွန်တော်မစားဘူးလို့ ပြောပါတယ်။ သူတို့ကလည်း ဒီမှာဝက်သားတော့မကျွေးဘူးတဲ့။  ကြက်သားတော့ကျွေးတယ်တဲ့။    လူမျိုးပေါင်းစုံလာတဲ့ အတွက် ဝက်သား၊  အမဲသားတော့  မကျွေးဘူးတဲ့။ ကြက်တွေ ဘာတွေချက်တဲ့နေ့တွေဆိုရင် ကျွန်တော့်အတွက်ဆိုပြီး သီးသန့်ကြက်ဥ ကြော်တို့၊ ငါးဟင်းတို့၊ ငါးကြော်တို့၊ ကြက်ဥ ဟင်းတို့  အဲလိုမျိုး  ကျွန်တော့်အတွက်ကို သီးသန့်သေချာ လုပ်ပေးပါတယ်။ နေ့တိုင်း လည်း  ကျွန်တော့်ကို ဖုန်းဆက်ပြီးမေးပါတယ်။  ဘာလိုလဲ  ဘာလုပ်ပေးရမလဲ။ ဟိုဟာဒီဟာစားမလား   အမြဲတမ်းဖုန်းဆက်ပြီး မေးပါတယ်။   စားရသောက်ရတာအကုန် အဆင်ပြေပါတယ်။ ဒီမှာနေရတာလည်း အားလုံးအဆင်ပြေပါတယ်။ ဒီကလူအားလုံး ကိုလည်းကျေးဇူးတင်ပါတယ်”ဟု  သီးသန့်စောင့်ကြပ် ကြည့်ရှုထားသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အဖွဲ့က ဒီမှာရောက်တာ အားလုံးကားစီးလာတာ   ခုနစ်ယောက်။ ဘာသာခြားက   နှစ်ယောက်ပဲ ပါတာပေါ့။

ကျန်တဲ့သူတွေက   ဗုဒ္ဓဘာသာတွေပါ။ ဒီရန်ကုန်ကလူတွေပါပဲ။ တိုက်ကြီးတို့ဘက်က လူတွေပေါ့။ ကျွန်တော်တို့ မြဝတီကနေ တိုက်ရိုက်လာတဲ့အချိန်မှာ  အားလုံးပေါ့။

ဒီမှာပဲ Quarantine ဝင်ကြတာခုနစ်ယောက်လုံး။ နေဖို့အတွက်ကတော့ ကျွန်တော်တို့ကို မွေ့ရာ/ဂွမ်းကပ်တစ်ခုရယ်၊ စောင်ရယ်၊ ခြင်ထောင်ရယ်၊ တဘက်ရယ်အားလုံးပေးထားပါတယ်။ စားတာသောက်တာလည်း အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့က လူမျိုးခြားဆိုတော့ ကျွန်တော်တို့မစားတဲ့ဟာလေးတွေ ဒီတပ်က  ဗိုလ်မှူးကို  ပြောထားပါတယ်။

ဗိုလ်မှူးက အားလုံးစီစဉ်ဆောင်ရွက်ပေးပါတယ်။ ပြီးခဲ့တဲ့သုံးရက်ကတော့ ဆေးစစ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူထားပါတယ်။      အဖြေတော့ လောလောဆယ် မသိရသေးပါဘူး။ ကျွန်တော်တို့ကို  လိုလေသေးမရှိအောင် ထားပါတယ်။  လိုအပ်တာရှိရင်လည်း ဖုန်းဆက်ခိုင်းပါတယ်။ ကျွန်တော်တို့ကလည်း    လိုအပ်တာရှိရင်   ဖုန်းဆက်ပြီးပြောတယ်။   ကျွန်တော်တို့ ဖုန်းဆက်တာနဲ့ ချက်ချင်းဆောင်ရွက်ပေးပါတယ်။  တပ်မတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီတပ်က ဗိုလ်မှူးနဲ့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု သီးသန့်စောင့်ကြပ်ကြည့်ရှုထားသူ အမျိုးသားတစ်ဦးက ပြောသည်။