ပီအက်စ်ဂျီအသင်းက နည်းပြပိုချက်တီနိုကို ထုတ်ပယ်ပြီး ၎င်း၏နေရာ၌ နိုက်စ်အသင်းနည်းပြ ဂယ်တီယာကိုခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး မကြာမီအတည်ပြုကြေညာမည် ဖြစ်ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည် နည်းပြပိုချက်တီနိုကို ထုတ်ပယ်ရန် ပြီးခဲ့သည့်ဘောလုံးရာသီအကုန်ကတည်း က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း စာချုပ်လျော် ကြေးငွေညှိနှိုင်းမှု အဆင်မပြေဖြစ်နေသည့်အတွက် ကြန့်ကြာနေခဲ့ပြီး ယခုအခါ ပိုချက်တီနိုနှင့် နှစ်ဦးလမ်းခွဲရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် နည်းပြသစ်အဖြစ် နိုက်စ်အသင်းနည်းပြ ဂယ်တီယာကို ခန့်အပ်မည်ဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည် အစောပိုင်းက နည်းပြဇီဒန်းကိုခန့်အပ်ရန် ပြင်ဆင်ထားသော်လည်း နည်းပြဇီဒန်းကိုယ်တိုင်က ငြင်းဆိုခဲ့သည့်အတွက် နည်းပြဂယ်တီယာကိုသာ ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နည်းပြဂယ်တီယာသည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက လိုင်လီအသင်းကို ကိုင်တွယ်ရာတွင် ပြင်သစ်လီဂူးဝမ်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သကဲ့သို့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကလည်း နိုက်စ်အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ယခုအခါ ပီအက်စ်ဂျီအသင်းက နည်းပြသစ်အဖြစ် ဂယ်တီယာကိုခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပြီး မကြာမီ အတည်ပြု ကြေညာမည် ဖြစ်ကြောင်း သိရသည်။
Ref;L'Equipe