အာဆီယံ ယူ-၁၉ အမျိုးသား ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်ကို အနိုင်ရရှိ
နေပြည်တော် ဇူလိုင် ၆
အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship)ပြိုင်ပွဲ အုပ်စု(က) တတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၉ အသင်းနှင့် ဖိလစ်ပိုင် ယူ-၁၉ အသင်းတို့ ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Madya Senayan ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၁၉ အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် ယခုပွဲတွင် အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ဟိန်းထက်စိုး(ဂိုး)၊ ကျော်ဝဏ္ဏ၊ လန်းဆန်းအောင်၊ ဇော်ဝင်းသိန်း၊ လမင်းထွေး၊ ဟိန်း ဇော်နိုင်၊ သာယာဝင်းထက်၊ ဖြိုးသန့်ကိုကို၊ စွမ်းထက်၊ သိန်းဇော်သီဟ၊ ခန့်ဇင်ဟိန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။
မြန်မာအသင်းသည် ယခုပွဲအနိုင်ရမှ ဆီမီးတက်ရေး အခွင့်အရေးရှိမည်ဖြစ်သော ကြောင့် ပွဲအစကတည်းက အာရုံစူးစိုက်မှု အပြည့်ဖြင့် ကစားခဲ့ရာ ပွဲချိန် ၃ မိနစ်နှင့် ၆ မိနစ်တို့တွင် ဖိလစ်ပိုင်နောက်တန်း အားနည်းချက်ကို အခွင့်ကောင်းယူပြီး စွမ်းထက်နှင့် သိန်းဇော်သီဟတို့က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူပေးခဲ့သည်။
ပွဲချိန် ၂၉ မိနစ်တွင် ရို့စ်ကွီလိုက အဝေး ကန်ချက်ဖြင့် ဖိလစ်ပိုင်အသင်းအတွက် ပထမချေပဂိုး သွင်းယူခဲ့သော်လည်း ပွဲချိန် ၄၁ မိနစ်တွင် ဇော်ဝင်းသိန်းက မြန်မာအသင်း အတွက် တတိယဂိုးသွင်း ယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ၃ ဂိုး ၁ ဂိုးအနိုင်ရလဒ်ဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် ဖိလစ်ပိုင်အသင်းက ချေပဂိုးရရှိရေး တိုက်စစ်အရှိန် မြှင့်ခဲ့သော်လည်း မြန်မာအသင်းက ကစားသမား အပြောင်းအလဲများ ပြုလုပ်ကာ အမှားအယွင်း မရှိကစားနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ၃ ဂိုး ၁ ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ- ၁၉ အသင်းသည် ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်၊ ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှား အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။