ရှမ်းယူနိုက်တက်အသင်းက GFA အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိ
နေပြည်တော် ဇူလိုင် ၆
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂)ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၂)မှ ရှမ်းယူနိုက်တက် အသင်းနှင့် GFA အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက် အသင်းက GFA အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။
ပထမပိုင်းပွဲကစားချိန်တွင် နှစ်ဖက်အသင်းများမှာ အကြိတ်အနယ်ရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်း အနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အများဆုံးဖြင့် GFA အသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ရာ ပထမပိုင်းပွဲကစားချိန် ၁၁ မိနစ်တွင် နန္ဒကျော်၏ ပံ့ပိုးပေးမှုနှင့်အတူ ဆန်းဒေးမက်သရူးမှ ဂိုးဧရိယာ အတွင်းစည်းမှ တစ်ဖက်အသင်း၏ ဂိုးသမားကိုဖြတ်ကျော်ကာ ခေါင်းတိုက်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုးကိုစတင်သွင်းယူ ပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းပွဲကစားချိန် ၅၇ မိနစ်တွင် ပြစ်ဒဏ်ဘောမှ တစ်ဆင့် ကျော်ဇင်လွင်မှ ရှမ်းယူနိုက်တက် အသင်းအတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့သည်။ GFA အသင်းမှလည်း ခြေပဂိုးပြန်လည် ရရှိရေးအတွက် ရှေ့တန်းနောက်တန်း ဟန်ချက်ညီ ကစားခဲ့ရာ ပွဲကစားချိန် ၈၆ မိနစ်တွင် GFA အသင်းအတွက် ထွန်းလင်းအောင်က ချေပဂိုး သွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်းပွဲပြီးချိန်တွင် ရှမ်းယူနိုက်တက် အသင်းက GFA အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။