ပီအက်စ်ဂျီအသင်း နည်းပြသစ်အဖြစ် ဂယ်တီယာကို ခန့်အပ်ပြီးနောက် တိုက်စစ်မှူးနေမာ အသင်းနှင့် ဆက်လက်လက်တွဲဖွယ်ရှိနေ

ပီအက်စ်ဂျီအသင်းသည် အစောပိုင်းက တိုက်စစ်မှူး နေမာကို  လက်ရှိ ကစားသမားအပြောင်းအရွှေ့ ကာလအတွင်း ရောင်းချမည်ဟု ကြေညာထားသော်လည်း နည်းပြသစ်အဖြစ် ဂယ်တီယာကို ခန့်အပ်ခဲ့ပြီးနောက်  နည်းပြသစ်ကိုယ်တိုင်က   နေမာကို အသင်း၌ ဆက်ရှိစေလိုသည့်အတွက်    အသင်းနှင့် ဆက်လက်လက် တွဲဖွယ်ရှိနေကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းက  အမ်ဘတ်ပီကို  မြင့်မားသည့် လုပ်ခလစာဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ ပြီးနောက် အသင်းအသုံးစရိတ် လျှော့ချရန် လိုအပ်နေသည့်အတွက် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ခြောက်သိန်းအထိပေးချေနေရသည့် နေမာကို ရောင်းချရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းက ရောင်းချရန်ကြေညာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးများက  ခေါ်ယူ လိုနေသော်လည်း နေမာကိုယ်တိုင်က ပီအက်စ်ဂျီအသင်းမှ မထွက်ခွာလိုဘဲ အသင်း၌သာ စာချုပ် သက်တမ်းကုန်ဆုံးချိန်အထိ ကစားလိုနေသည့်အတွက် တရားဝင် ကမ်းလှမ်းမှုများမရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ပီအက်စ်ဂျီအသင်းက နည်းပြအပြောင်း အလဲပြုလုပ်ခဲ့ပြီး နည်းပြပိုချက်တီနိုကို ထုတ်ပယ်ခဲ့ ကာ နည်းပြသစ်အဖြစ် နိုက်စ်အသင်းနည်းပြ ဂယ်တီ ယာကို အတည်ပြုခန့်အပ်ခဲ့ပြီးနောက် နည်းပြသစ် ကိုယ်တိုင်က  နေမာကို အသင်းတွင်  ဆက်လက် ထိန်းသိမ်းထားလိုနေခြင်းဖြစ်သည်။

နည်းပြသစ် ဂယ်တီယာက နေမာက  ထိပ်တန်းနည်းပြတိုင်း အလိုရှိတဲ့ကစားသမားတစ်ဦးပါ။ သူက ကမ္ဘာ့ထိပ်တန်း ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲပါ။ ကျွန်တော့်ရဲ့နည်းစနစ်တွေမှာလည်း နေမာက အဓိက ကစားသမားအဖြစ်ရှိလာပါလိမ့်မယ်။ သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်ဟု အသင်းနှင့်  ပထမဆုံးအင်တာဗျူး အစီအစဉ်တစ်ခုတွင် ပြောကြားသည်။

နေမာသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေကြောင်း  သိရသည်။                           

Ref;Dailymail