စပါးအသင်းတိုက်စစ်မှူး ရစ်ချာလီဆန် အသင်းဟောင်းနှင့် ပွဲစဉ်မှပြစ်ဒဏ်ကြောင့် လာမည့်ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို လွဲချော်မည်

လက်ရှိ  နွေရာသီကစားသမားအပြောင်းအရွှေ့ ကာလအတွင်း အဲဗာတန်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သည့် တိုက်စစ်မှူး ရစ်ချာလီဆန်သည် အဲဗာတန်အသင်းတွင် ရှိစဉ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမည့်ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ကစားမည့် ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် ရစ်ချာလီဆန်သည် ပြီးခဲ့သည့်ဘောလုံးရာသီက ချယ်လ်ဆီးအသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဲဗာတန်အသင်းအတွက်  ဂိုးသွင်းယူနိုင်ပြီးနောက်  ပရိသတ်များက ကွင်းအတွင်းပစ်ပေါက်ခဲ့သည့်     မီးရှူးမီးပန်းကို ကောက်ယူကာ  ပရိသတ်များထဲ  ပြန်လည်ပစ်ပေါက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ်က ရစ်ချာလီဆန်ကို စွဲချက်တင်စစ်ဆေးပြီးနောက် ပရီးမီးယားလိဂ် တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ရစ်ချာလီဆန်သည် အဲဗာတန်အသင်းတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သော်လည်း အသင်းသစ်နှင့်အတူ ၎င်း၏ပြစ်ဒဏ်မှာ အကျုံးဝင်မည်ဖြစ်သည့် အတွက် စပါးအသင်းတွင်လည်း တစ်ပွဲပယ်ပြစ်ဒဏ် ခံယူရမည်ဖြစ်၍     ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

ရစ်ချာလီဆန်သည် ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် ချယ်လ်ဆီး အသင်းနှင့် ပွဲစဉ်မှသာ ပြန်လည် ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref;Football London