အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)တွင် အမှာစကားပြောကြားရာ၌ “တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် သယ်ဆောင်မှုများ၊ သိုလှောင်မှုများကို ဖမ်းဆီးအရေးယူမှုများအပြင် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်အောင် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားရမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လာရခြင်းတွင် အခြေခံအကြောင်းများစွာရှိရာ အခွန်ရှောင်လွှဲလိုသည့် ရည်ရွယ်ချက်ဖြင့် တင်ပို့၊ တင်သွင်းခြင်းများ၊ တားမြစ်ကုန်ပစ္စည်းနှင့်ကန့်သတ်ကုန်ပစ္စည်းများကို တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးအရေးယူရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုရှိနေခြင်းကြောင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတားဖြစ်စေသကဲ့သို့ တရားဝင်ကုန်သွယ်မှု လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေပါသည်။ ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကုန်သွယ်မှု ကဏ္ဍပိုမိုတိုးတက်မြင့်မားစေရန်ရည်ရွယ်ပြီး သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန် နိုင်ငံတော် အစိုးရက လုပ်ငန်းစဉ်များ အားဖြေလျှော့မှုများနှင့်အတူ လမ်းကြောင်းများစွာကို ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေကြောင်း၊ လေကြောင်းဖြင့် နိုင်ငံတကာကုန်ပစ္စည်းများအား ကုန်သွယ်မှုပြုလျက်ရှိသည်။
နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ဇုန်များမှတစ်ဆင့် ကုန်စည်ကူးသန်း ရောင်းဝယ်လျက်ရှိသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် တရုတ်နိုင်ငံနယ်စပ်တွင် စခန်းလေးခု၊ ထိုင်းနိုင်ငံနယ်စပ် တစ်လျှောက်တွင်စခန်းရှစ်ခု၊ အိန္ဒိယနိုင်ငံနယ်စပ်တွင် စခန်းနှစ်ခု၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စခန်းနှစ်ခု အသီးသီးဖွင့်လှစ်ထား ရှိသည်။ ထိုနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းလိုင်စင်အမျိုးမျိုးဖြင့်ကုန်သွယ်ကြပြီး တစ်ပိုင်တစ်နိုင် ကုန်သွယ်ကူးသန်း ရောင်းဝယ်နိုင်ရန်အတွက်လည်း ခွင့်ပြုချက်များဖြင့် သတ်မှတ်ချက်အတိုင်း ကုန်သွယ်နိုင်ပြီဖြစ်သည်။
ထိုသို့တရားဝင်ကုန်သွယ်ရေး စခန်းများဖွင့်လှစ်ကာ တရားဝင်ရောင်းဝယ်မှုများ ပြုသင့်ပါလျက် တရားမဝင်ကုန်သွယ်မှုများကြောင့် နယ်စပ်ကုန်သွယ်မှု ပမာဏလျော့ကျလျက်ရှိကြောင်း သိရှိရသည်။ ထို့ကြောင့်တရားမဝင် ကုန်သွယ်မှုကို ထိထိရောက်ရောက် တိုက်ဖျက်နေခြင်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၊ အကောက်ခွန် ဦးစီးဌာနနှင့် OSS ဌာနဆိုင်ရာများအနေဖြင့် စီမံချက်များအတိုင်း ထိထိမိမိတားဆီး စစ်ဆေးဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင် မည်ဖြစ်ကြောင်းသိရှိရသည်။ တရားမဝင်ကုန်သွယ်မှုစတင်သည့်နေရာ၊ သိုလှောင်ထားရှိသည့် နေရာများနှင့် တင်သွင်း ရောက်ရှိပြီး ဖြန့်ဖြူးရန်သိုလှောင်ထားသည့်နေရာများကိုပါ ပုံမှန်၊ ရှောင်တခင်စစ်ဆေး အရေးယူခြင်းများကို ဆောင်ရွက်လျက် ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုကို ရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်း ချုပ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်” ဟူ၍ ဖော်ပြထားသည်။ တရားမဝင် ကုန်သွယ်မှုများ ရှိနေခြင်းသည် နိုင်ငံ့စီးပွားတိုးတက်ရေးကို အဟန့်အတားဖြစ်စေပြီး ပြည်သူများအတွက်လည်း ကောင်းကျိုးထက် ဆိုးကျိုးကိုသာ တိုးပွားစေသည်။ အချို့သော ကုန်ပစ္စည်းများမှာ ဈေးနှုန်းချိုသာသည့်အတွက် သုံးစွဲမိသည့်အခါ တရားဝင်တင်သွင်းခွင့် မရှိသော ကုန်ပစ္စည်းများဖြစ်နေတတ်ပေရာ ပြည်သူတို့၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်။
တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသလို တားဆီးအရေးယူရာတွင်လည်း ဌာန အချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီး စီးပွားရေးအမြင်၊ နိုင်ငံရေးအမြင်၊ လုံခြုံရေး အမြင်များဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်သွားကြရန် ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု ပပျောက်မှသာ ကုန်သွယ်မှုပမာဏပိုမိုတိုးတက်ပြီး ကုန်သွယ်မှုပိုငွေများ တိုးတက်ရရှိကာ နိုင်ငံတော် ဘဏ္ဍာငွေများ တိုးတက်လာမည်ဖြစ်သည်။
ကိုယ်ကျိုးအတ္တကိုသာ အဓိကထားပြီး မတော်လောဘစီးပွားရေးသမားများသည် နိုင်ငံတော်နှင့်ပြည်သူလူထု၏ ကောင်းကျိုးကို လျစ်လျူရှုကာ တရားမဝင်ကုန်သွယ်မှုလုပ်ဆောင်နေခြင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တရားမဝင်ကုန်သွယ်မှုပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ တစ်ရပ်တည်း ကသာ တာဝန်ယူလုပ်ဆောင်၍ရမည်မဟုတ်ဘဲ ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ ပြည်သူများပါ ပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။