လေပြင်းတိုက်ခတ်ပြီး လှိုင်းပုတ်မှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့်လှေပေါ်မှ လှေသားများအား တပ်မတော်က ကူညီကယ်ဆယ်

နေပြည်တော်၊ အောက်တိုဘာ-၉
    
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းရန် မြိတ်မြို့မှ ထွက်ခွာလာသော အောင်ဌေးနိုင်-၉ အမည်ရှိ ကင်းမွန်မီးထွန်းလှေတစ်စီးသည် အောက်တိုဘာ ၈ ရက်ညနေ ၅ နာရီခွဲခန့်တွင် ပိန္နဲကျွန်း၏အနောက်တောင်ဘက်ရေမိုင် ၀ ဒသမ ၅ မိုင်ခန့် အကွာသို့ အရောက်၌ လေပြင်းတိုက်ခတ်ပြီး လှိုင်းပုတ်မှုကြောင့် လှေအတွင်းသို့ ရေများဝင်ရောက်ပြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
    
အဆိုပါလှေနစ်မြုပ်ရာသို့ ပင်လယ်ပြင်အတွင်းလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများက သွားရောက်၍ လှေပေါ်ပါလှေသား ၁၂ ဦးအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။