မရောင်ရာ ဆီမလူးပါဘူး
“ကိုအောင်ရေ မင်းတို့ဟာက ဒီတစ်ခါတော့ နည်းနည်းလွန်သွားပြီထင်တယ်။ ဘာတဲ့ “ကောက်ရိုးကို နွားစာအဖြစ် အသုံးပြုခြင်း သုတေသန”ဆိုတာ မင်းတို့ဌာနမှာ သုတေသနလုပ်စရာ ဒီလောက်တောင် ရှားသလား ငါ့ညီရယ်။ မင်းတို့ ငါတို့ မမွေးခင်ကလည်း ငါတို့အဘိုးတွေခေတ်ကတည်းက တို့နွားတွေကို ကောက်ရိုးကျွေးပြီး မွေးခဲ့တာပဲ။ အဖေတို့ခေတ် ရောက်တော့လည်း ကောက်ရိုးကျွေးတာပဲ။ ငါတို့ခေတ်ရောက်တော့လည်း ကျွေးနေတာပဲ။ နောက်လည်း နွားတွေမွေးနေသမျှ စပါးတွေစိုက်နေသမျှ နွားကို ကောက်ရိုးကျွေးမှာပဲ။ မင်းတို့က သုတေသန သုတေသန ဆိုပြီး လူအများ အထင်ကြီးအောင် “မရောင်ရာဆီလူး ချစ်တီးခေါင်းသန်းရှာ”နေလို့ကတော့ တို့နိုင်ငံ ဘယ်လိုလုပ် တိုးတက်ပါ့မလဲကွာ”
အမေ့ရွာသို့ မရောက်သည်မှာ ကြာပါပြီ။ အခုလည်း ဖျာပုံဘက် စိုက်ပျိုးရေးကိစ္စများ ဆောင်ရွက်ရန် လာရောက်ရင်း ကျွန်တော့် အစ်ကိုကြီးအား ကန်တော့ရန် ဝင်ရောက်လာခြင်းဖြစ်သည်။ ရောက်မဆိုက်ပြောလာသော အစ်ကိုကြီး၏ ပဋိသန္ဓာရကလည်း အားရစရာ။ မည်သို့ဆိုစေ ကျွန်တော် ကျေနပ်သည်။ ဒီစကားသံတွေ မကြားရတာ ကြာ၍လည်း ကြားချင်၍ ကျွန်တော်ဝင်လာခြင်းဖြစ်သည်။
“တော်နဲ့ရီးသောင်းရယ် ကိုအောင်ဖြင့် ထိုင်တောင် ကောင်းကောင်း မထိုင်ရသေးဘူး။ မေးလိုက်ပုံကြီးကလည်း ဘာမှန်းကြီးလည်း မသိဘူး”
ကျွန်တော့်အတွက် ပျာပျာသလဲ ဖျာခင်းပေးရင်း အစ်ကိုကြီး၏တူမ ခင်မြက ပြောလိုက်ခြင်းဖြစ်သည်။
“ဟ..ဒီကောင်ကြီးက အချိန်ရတာမဟုတ်ဘူး။ ရောက်တုန်းမြန်မြန်မေးထားမှ ငါသိချင်တာသိရမှာ မဟုတ်လား။ ငါဖြင့် မေးချင်ပြောချင်နေတာ ကြာလှပြီ”
အစ်ကိုကြီးကလည်း သူ့ရင်ထဲက စကားတွေ ဖွင့်ပြောလာသည်။
“ဟုတ်ပါတယ် အစ်ကိုကြီး ကောက်ရိုးကို ကမ္ဘာဦးအစကတည်းက ကျွန်တော်တို့ ဘိုးဘွားတွေ လက်ထက်၊ အဖေတို့လက်ထက်ရော၊ အခုအချိန်ထိပါ နွားစာအဖြစ် ကျွေးခဲ့တာပါ။ အဲ ဒါပေမဲ့ ကောက်ရိုးက အာဟာရဖြစ်မှုမှာ အတော်လေး အားနည်းပါတယ်။ အထူးသဖြင့် ပရိုတိန်းလို့ခေါ်တဲ့ အသားဓာတ် ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုက အတော်လေး များပါတယ်။ အဲဒါကြောင့် နွားတွေ သူတို့ဗိုက်ကြီး တစ်လုံးပြည့်အောင်စားလည်း ကြီးထွားမှု နှုန်းနည်းပါတယ်။ ကောက်ရိုးနဲ့ပတ်သက်ပြီး မြန်မာ့အာယုဗ္ဗေဒ ဆေးသိပ္ပံ ဆရာတော် အရှင်နာဂသိန်က သူ့ရဲ့အခြေပြုဆေး အဘိဓာန်မှာ ကောက်ရိုးကို တိုက်ရိုက်ပြောမထားပေမယ့် ကောက်ရိုးနွယ်နဲ့ ပတ်သက်ပြီး ကောက်ရိုးနွယ်အမြစ်သည် ဝမ်းသက်စေ၏။ အရွက်လည်း ဝဖြိုးစေ၏။ အဖု၊ အကျိတ်၊ အနာများကို ပတ်တီးစည်းပေးရာ၌ အကျိုးပြု၏။ ကောက်ရိုးနွယ် တစ်မျိုးသည် ခြောက်ထပ်စေ၏။ ကြေခဲ၏။ ကာမကို အားပေး၏၊ ဝမ်းသက်စေ၏၊ ပိုးကိုပယ်တတ်၏။ ၎င်းပြင် ဆီး၊ အနာပေါက်၊ လေပြွန်ချောင်းပူခြင်းတို့၌ ကျေးဇူးပြု၏”
“ကောက်ရိုးနဲ့ ပတ်သက်ပြီး ယောအတွင်းဝန် ဦးဖိုးလှိုင်ရေးတဲ့ ဥတုဘောဇန သင်္ဂဟကျမ်းမှာ...”
“တော်ပါတော့ ကိုအောင်ရေ မင်းကျက်ထားတာတွေ ငါ့ကို လာရွတ်ပြမနေပါနဲ့။ တို့တစ်သက်လုံးနွားတွေကို ကျွေးလာတဲ့ ကောက်ရိုးကိုသာ ဘာကြောင့် သုတေသန လုပ်ရသလဲဆိုတာ ပြောစမ်းပါ။”
ကျွန်တော် နိဒါန်းချီတာများသွား၍ အစ်ကိုကြီး စိတ်မရှည်တော့။
“ကျွန်တော်လည်း ကျွန်တော်ပြောတဲ့ စကားတွေကို စိတ်ဝင်တစား နားထောင်တဲ့လူက အစ်ကိုကြီးပဲ ရှိတာကြောင့် ပြောဖြစ်တာပါ။ အဲ့ဒီတော့ ကျွန်တော် စောစောက ပြောသလို ကောက်ရိုးမှာ အမျှင်ဓာတ်ကများပြီး အသားဓာတ်က နည်းတယ်။ ဒီတော့ ဒီကောက်ရိုးကို ဘယ်လိုပြုပြင်ပြီး ကျွေးရင် နွားတွေအတွက် အာဟာရပိုပြီး ဖြစ်မယ်။ အသားတိုးနှုန်း ပိုလာမယ်ဆိုတာကို သိရအောင် ကျွန်တော်တို့ ဌာနက သုတေသနပြုတာပါ။ ပထမဆုံးကောက်ရိုးထဲမှာ အဓိကပါတဲ့ လစ်ဂနင်(LIGNIN)လို့ ခေါ်တဲ့ အမျှင်ဓာတ်ကို ချေဖျက်မယ်။ ဒီလိုချေဖျက်ပြီး အာဟာရပြည့်ဝတဲ့ ပဲမျိုးနွယ်တွေနဲ့ ရောစပ်ပြီး ကျွေးကြည့်မယ်။ အဲဒီလို ကျွေးကြည့်ပြီး တိုးတက်မှု၊ ဆုတ်ယုတ်မှုကို လေ့လာမယ်။ နွားရဲ့ အစာစားနှုန်းနဲ့ ခန္ဓာကိုယ်ကြီးထွားမှုကို လေ့လာမယ်။ အဲဒါ ကျွန်တော်တို့ သုတေသနရဲ့အဓိက ရည်မှန်းချက်ပဲ”
ပြောရသည်မှာ မမောပါ။ သို့သော် အစ်ကိုကြီး ဘာပြန်ပြောလာမည်ကို သိချင်၍ ငှဲ့ထားသောရေနွေးကြမ်းခွက်ကိုယူ၍ ကျွန်တော်မှုတ်ပြီး သောက်နေလိုက်သည်။
“မင်းပြောတာက မဆိုးဘူး။ ဒီလိုဆိုတော့လည်း မင်းတို့သုတေသနက လက်တွေ့ကျတာပဲ။ ဒီတော့ မင်းပြောတဲ့ ကောက်ရိုးမှာပါတဲ့ လစ်ဂနင်ကို ဘယ်လိုလျော့အောင် လုပ်ရသလဲ ပြောစမ်းပါဦး။”
အစ်ကိုကြီး အမေးက ကျွန်တော့်ကို အားတက်စေပါသည်။
“အဲဒါကလည်း မခက်ဘူး အစ်ကိုကြီးရ။ ကျွန်တော်တို့ လယ်သမားတွေ လူတိုင်း လုပ်လို့ရတယ်။ ကျွန်တော်တို့ လယ်သမားတွေ သုံးနေကြတဲ့ ယူရီးယား ဓာတ်မြေသြဇာ (ပုလဲ) ၁ ကီလိုကိုအကြမ်းဖျင်းရေ ၄ ဂါလန်နဲ့ ရောဖို့လိုတယ်။ အဲ...ကောက်ရိုးပိဿာ ၆၀ ကို လုပ်မယ်ဆိုရင် ရေ ၆၅ လီတာ ဒါမှမဟုတ် ၁၅ ဂါလန်နဲ့ ယူရီးယား ၄ ကီလိုရောပြီး ဖျော်မယ်။ ပြီးတော့ အောက်က မိုးကာခင်း၊ ကောက်ရိုးကို လေးပုံတစ်ပုံတစ်ပုံလောက် ယူပြီး ဖြန့်ခင်း၊ စောစော ဖျော်ထားတဲ့ ယူရီးယား ဖျော်ရည်နဲ့လောင်း၊ သိပ်သွားအောင်နင်းပြီးပေး နောက်တစ်ထပ် ထပ်ပြီးထည့် ယူရီးယားဖျော်ရည် ထပ်ပြီးလောင်း၊ ထပ်ပြီးနင်း၊ လေးထပ်၊ ငါးထပ်လောက် ထပ်ပြီးထည့် ဖျော်ရည်လောင်း၊ ထပ်နင်းပြီးရင် အဲဒီကောက်ရိုးပုံကို လေလုံအောင် မိုးကာနဲ့အုပ်ပြီးထား။ ၂၁ ရက်ကြာအောင်တော့ အုပ်ထားရမယ်။ အဲဒါမှ ကောက်ရိုးထဲမှာပါတဲ့ လစ်ဂနင်လို့ခေါ်တဲ့ အမျှင်ဓာတ်ကို ဖယ်ရှားပစ်မှာ။ ၂၁ ရက် ပြည့်ပြီးရင် အဲဒီမိုးကာကိုဖယ်ပြီး အရိပ်အောက်မှာ နှစ်ရက်လောက် ဖြန့်ထားပေးဖို့လိုမယ်။ အဲဒါမှ အနံ့အသက်ပျောက်ပြီး နွားစားချင်စိတ်ပေါက်မှာ။ နှစ်ရက်လောက် ထားပြီးရင်တော့ အဲဒီကောက်ရိုးကို စဉ်းပြီးကျွေးကျွေး၊ ဒီအတိုင်း ကျွေးကျွေး ကျွေးလို့ရပြီ။ အဲတကယ်လို့ ဒီအတိုင်း မကျွေးဘဲ မြေပဲဖတ်တို့၊ ပဲစင်းငုံတို့၊ ဖွဲနုတို့ရောပြီး အာဟာရဖြည့် နွားစာတုံးလုပ်ပြီး ကျွေးရင်တော့ နွားလည်းပိုပြီး အသားတက်တဲ့အပြင် ကောက်ရိုးလေလွင့် ဆုံးရှုံးမှုလည်း သက်သာတာပေါ့။”
“ဘာလဲကွ အာဟာရဖြည့်နွားစာတုံး။ မင်းတို့ခေတ်က ကြော်ငြာတော့ ကောင်းလွန်းသကွာ။ နွားကျွေးတာများ အာဟာရဖြည့် နွားစာတုံးလို့ လျှောက်ပြီး ပြောလို့ပြော။”
အစ်ကိုကြီးက ကျွန်တော့် စကားကိုဝင်၍ ထောက်လိုက်သည်။
“ဟုတ်တယ်လေ အစ်ကိုကြီးရ။ ဒီခေတ်လူငယ်တွေက ရယ်ဒီမိတ်မှ ကြိုက်တာကြောင့် ကျွန်တော်တို့ဌာနတွေကလည်း အသင့်ကျွေးနိုင်အောင်၊ နွားတွေလည်း အသင့်စား နိုင်အောင် အာဟာရဖြည့် နွားစာတုံး လုပ်ထားရတာ။”
“တတ်လည်းတတ်နိုင်ပါပေ့ မောင်ရာ။ မင်းတို့ခေတ်ကလည်း။ ကဲ တစ်လက်စတည်း ပြောစမ်းပါဦး။ အဲဒီအာဟာရဖြည့် နွားစာတုံးကလည်း ဘယ်လိုလုပ်တာလဲ”
ကျွန်တော့်အစ်ကိုကြီး စိတ်ဝင်တစားရှိ၍ ကျွန်တော့်မှာ ပြောအားရှိရသည်။
“အာဟာရဖြည့် နွားစာတုံးလုပ်တာက မခက်ပါဘူး။ စောစောက ယူရီးယားနဲ့ ပြုပြင်ထားတဲ့ ကောက်ရိုးကို ၃ လက်မ၊ ၄ လက်မ အရှည်စဉ်း။ ပြီးတော့ ရေထဲမှာ မြေပဲမှုန့်၊ ပဲမှုန့်၊ သတ္တုဓာတ်အရော၊ ဆား၊ ဆန်ဖွဲ၊ ဂျုံဖွဲ၊ ပီလောပီနံမှုန့်၊ မြေပဲရိုး၊ မြေပဲရွက်၊ ပဲတီစိမ်းရရင် ပဲတီစိမ်း၊ ပဲလွမ်း အရိုး၊ အရွက် ဒါတွေကိုရောပြီး ပျစ်အောင် ကျိုပြီးတော့ အဲဒီပျစ်နှစ်နေအောင် ကျိုထားတဲ့ အရည်နဲ့ စဉ်းထားတဲ့ ကောက်ရိုးကို သမအောင်မွှေပြီးတော့ အဲဒါကို ပုံစံခွက်နဲ့ ဖိသိပ်ပြီး အခဲလုပ်။ အဝိုင်းကြိုက်ရင် အဝိုင်း၊ လေးထောင့်ကြိုက်ရင် လေးထောင့် ကိုယ်ကြိုက်တဲ့ပုံစံ လုပ်လို့ရတယ်။ ပြီးတော့ အခြောက်ခံထားပြီး သုံးလို့ရတယ်။
အဲ...များများ လုပ်မယ်ဆိုရင်တော့ စက်နဲ့ ကောက်ရိုးစဉ်း၊ စက်နဲ့နယ်၊ စက်နဲ့ ပုံစံတုံးလုပ်ရင်တော့ ကိုယ့်နွားကိုယ် ကျွေးရုံမက ရောင်းစားလို့တောင် ရတာပေါ့။”
“မင်းကလည်း အရေးထဲ ရောင်းစားဖို့လာပြီး ပြောနေသေးတယ်။ နွားစာတုံးလုပ်တဲ့ ဖော်မြူလာတော့ ပြောဦးလေကွာ။ အခုလိုတော့ ငါကို ဖြဲပြီးမပြောနဲ့။ ပြောမယ်ဆိုရင် တိတိကျကျပြော။”
ကျွန်တော့်အစ်ကိုကြီး၏ စကားကို အတော်လေး သဘောကျသွားသည်။ ပြောမည်ဆိုလျှင် တိတိကျကျပြောကြဖို့ လိုပါမည်။
“အာဟာရဖြည့်နွားစာတုံး ပိဿာ ၁၀၀ လုပ်မယ်ဆိုရင် ယူရီးယားမြေသြဇာ၊ ရေနဲ့ နှပ်ထားတဲ့ကောက်ရိုး ၈၅ ပိဿာ၊ မြေပဲကြိတ်ဖတ် ဒါမှမဟုတ် နှမ်းကြိတ်ဖတ်၊ ဝါစေ့ကြိတ်ဖတ် ၄ ဒသမ ၅ ပိဿာ၊ ဆန်မှုန့် ဒါမှမဟုတ် ဂျုံမှုန့်၊ ဖွဲနုမှုန့် ၇ ဒသမ ၅ ပိဿာ၊ သတ္တုဓာတ်အရော နှစ်ပိဿာနဲ့ ဆားတစ်ပိဿာ ရောစပ်ဖို့ လိုပါတယ်။ အဲဒီအထဲမှာ စောစောက ကျွန်တော်ပြောတဲ့ မြေပဲရိုးတို့၊ မြေပဲရွက်တို့၊ ပဲလွမ်းအရိုးတို့၊ အရွက်တို့၊ ဆီကြိတ်လို့ရတဲ့ ဘေးထွက်ပစ္စည်းတွေပါရောပြီး လုပ်လို့ရတယ်။
အလေးချိန်နဲ့ အရွယ်အစားကတော့ စောစောက ကျွန်တော်ပြောသလို ကိုယ်ကြိုက်သလို လုပ်ရတယ်။ အဲကျွန်တော်တို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနကတော့ တစ်ကီလိုတုံးတွေ ထုတ်တယ်။”
“အေး ထုတ်တာလုပ်တာတော့ ဟုတ်ပါပြီ။ မင်းက တကယ်အရေးကြီးတဲ့ အကျိုးအာနိသင်အကြောင်း ပြောဦးလေကွာ။ ကောက်ရိုး ရိုးရိုးကျွေးတာနဲ့ ယူရီးယားနဲ့ ပြုပြင်ပြီးကျွေးတာ၊ နောက်ပြီး မင်းအခုပြောတဲ့ အာဟာရဖြည့် နွားစာတုံးလုပ်ပြီး ကျွေးတာ ဘယ်လိုကွာခြားတယ်။ ဘယ်လိုအကျိုး ရှိတယ်ဆိုတာ ပြောဦးမှပေါ့။”
“ပြောမှာပေါ့ အစ်ကိုကြီးရ။ အစ်ကိုကြီး ဟိုစကား ကြားဖူးတယ်မဟုတ်လား”
“ဘယ်စကားတုံး”
“လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက် နှေးရမယ်ဆိုတာလေ”
ကျွန်တော်က အစ်ကိုကြီး စိတ်ဝင်စားမှန်းသိ၍ သက်သက်စနေခြင်းဖြစ်သည်။
“တော်ပါတော့ ကိုအောင်ရယ်။ ပြောစရာရှိတာသာ မြန်မြန်ပြောစမ်းပါ။ ခရီးဆက်သွားဖို့ မင်းတပည့် ဖင်တကြွကြွဖြစ်နေပြီ။”
“ဟုတ်ကဲ့ ကောင်းပါပြီ။ ကျွန်တော်တို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနက ဒီကောက်ရိုးကို နွားစာအဖြစ် အသုံးပြုခြင်း သုတေသနကို ၂၀၁၇-၂၀၁၈ ခုနှစ်ကတည်းက စတင်ပြီး ဆောင်ရွက်ခဲ့တာပါ။ တစ်ဖက်ကလည်း ပိုပြီးသေချာအောင် နွားတွေရဲ့ အစာချေဖျက်နိုင်စွမ်းကို တိတိကျကျ သိရှိနိုင်ဖို့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နဲ့ ၂၀၁၈-၂၀၁၉ ကစပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ပထမတုန်းကတော့ ကောက်ရိုးကို ယူရီးယားနဲ့ပဲပြုပြင်ကျွေးမွေးတာ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အာဟာရဖြည့် နွားစာတုံးလုပ်ပြီး နွားစာတုံးမှာ ပဲတီစိမ်းအရိုး၊ အရွက်၊ မြေပဲ အရိုး၊ အရွက်၊ ပဲလွမ်းအရိုး၊ အရွက်တို့ကို ထည့်သွင်း စမ်းသပ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ ဒေသတွင်း မွေးမြူထားတဲ့ အသက်တစ်နှစ်မှ လေးနှစ်အတွင်းရှိ နွားကိုးကောင်ကို ကောက်ရိုးသီးသန့်၊ ကောက်ရိုးကို ၄ ရာခိုင်နှုန်း ယူရီးယားနဲ့ နှပ်ထားတဲ့ ကောက်ရိုးနဲ့ စမ်းသပ်ကျွေးတာ၊ အာဟာရဖြည့်တင်းထားတဲ့ နွားစာတုံးနဲ့ ကျွေးတာ၊ သုံးကောင်စီ ခွဲခြားပြီး ဆောင်ရွက်ခဲ့ပါတယ်။”
အဲဒီလိုအစာသုံးမျိုးနဲ့ ခွဲခြားပြီး ကျွေးတဲ့အခါမှာ အစာသုံးမျိုး စလုံးမှာ စမ်းသပ်တဲ့ နွားတွေရဲ့ စားသောက်နှုန်းကတော့ သိပ်ပြီး မထူးခြားတာကို တွေ့ရပေမယ့်...
ကျွန်တော်က အစ်ကိုကြီး၏ မျက်နှာကို တစ်ချက်မော့ကြည့်ရင်း ရေနွေးကြမ်းတစ်ခွက်ကို ကောက်သောက်လိုက်သည်။
“ပြောမှာ ပြောစမ်းပါကွာ။ မင်းရေနွေးကလည်း သောက်ပဲ သောက်နိုင်လွန်းတယ်။”
“ပြောမှာပေါ့ အစ်ကိုကြီးရယ် အာခေါင်ခြောက်လို့ပါ။ အဲ အဲဒီမှာ ပုလဲဓာတ်မြေသြဇာနဲ့ နှပ်ထားတဲ့ကောက်ရိုးနဲ့ အာဟာရဖြည့်အစာတုံးပဲ ကျွေးတဲ့ နွားတွေရဲ့ ခန္ဓာကိုယ် တိုးတက်မှုနှုန်း အလေးချိန်က ကောက်ရိုးသက်သက်သာ ကျွေးတဲ့ နွားတွေထက် ပိုမိုတိုးတက်တာကို တွေ့ရှိရပါတယ်။ အဲနောက်ပြီးတော့ အစာသုံးမျိုး ကျွေးတဲ့ နွားသုံးမျိုးရဲ့မစင်ကို စစ်ဆေးကြည့်တဲ့ အခါမှာလည်း နှပ်ထားတဲ့ ကောက်ရိုးနဲ့ အာဟာရဖြည့်စွက် အစာတုံးကျွေးထားတဲ့ နွားတွေရဲ့မစင်ထဲမှာ အသားဓာတ်နဲ့ Dry Matter လို့ခေါ်တဲ့ အစာခြောက် စွန့်ပစ်မှုနည်းတာ တွေ့ရပါတယ်။ ဒါကြောင့် အသားတိုးနှုန်း ပိုတာဖြစ်ပါတယ်။”
“ဒါ့အပြင်စောစောက ကျွန်တော်ပြောတဲ့ မြေပဲရိုး၊ မြေပဲရွက်၊ ပဲစင်းငုံရိုး၊ ပဲစင်းငုံရွက်၊ ပဲလွမ်းရိုး၊ ပဲလွမ်းရွက်တို့ကို ထည့်ပြီး အစာတုံးပြုလုပ် ကျွေးမွေးခြင်းဟာ ပုံမှန်အစာတုံး ပြုလုပ်ကျွေးမွေးတာထက် အသားဓာတ်ပိုမိုရရှိပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ပိုတာကို တွေ့ရှိရပါတယ်။ အဲဒီဘယ်လောက် တိုးတယ်၊ ဘယ်လောက်ပိုတယ်၊ ဘယ်လိုအကျိုး ရှိတယ်ဆိုတာကိုတော့ ကိန်းဂဏန်း တိတိကျကျနဲ့ ကျွန်တော်တို့ သုတေသန ပြုလုပ်ထားတာရှိပါတယ်။ အဲ...ဒီ့အပြင် အာဟာရဖြည့် အစာတုံး ပြုလုပ်သုံးစွဲတဲ့ အခါမှာ စောစောကပြောတဲ့ မြေပဲရိုး၊ ပဲစင်းငုံရိုး၊ ပဲလွမ်းရိုးတို့အပြင် ဘယ်ဖြည့်စွက်စာ၊ ဘေးထွက်ပစ္စည်းကို နွားတွေပိုပြီးကြိုက်တယ်။ သူတို့အတွက် ပိုပြီး အသားတိုးတယ် ဆိုတာကို ကျွန်တော်တို့ ဆက်ပြီး လေ့လာသုတေသန ပြုနေပါတယ်။”
“တကယ်တော့ သုတေသနပြုလုပ်တဲ့ နယ်ပယ်ဟာ ကျယ်ဝန်းပါတယ်။ ရည်ရွယ်ချက် များစွာရှိတဲ့အပြင် အချိန်လည်း အများကြီး ယူရပါတယ်။ မသိတဲ့လူ၊ အပေါ်ယံ စဉ်းစားသူအဖို့တော့ ” ရောင်ရာဆီလူး ချစ်တီးခေါင်း သန်းရှာတယ်”လို့ ထင်တတ်ကြပါတယ်။”
“မင်းက ငါ့ကိုစောင်းပြောတာ မဟုတ်ဘဲ ဒဲ့တောင်ပြောနေပါလား။”မရောင်ရာ ဆီလူးတဲ့အထဲ ငါမပါပါဘူးကွာ။ ကိုယ့်ညီမို့ မင်းပြောတဲ့ စကားတွေကြားချင်လို့ စလိုက်တာပါ။
အစ်ကိုကြီးက ပြုံးပြုံးကြီး ပြန်ပြောလိုက်ပါသည်။
ကျွန်တော်လည်း “မရောင်ရာဆီလူးနေသည်”ထင်သူများအတွက် ရှင်းပြလိုက်ရ၍ ကျေနပ် နှစ်သိမ့်မိပါသည်။ ။
မောင်အောင်