နေပြည်တော် ဇူလိုင် ၆
လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)ရှိ အားကစားသမားများ၏ စခန်းဝင်လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော မျိုးဆက်သစ် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ပြေးခုန်ပစ် အားကစားသမားများ၏ လေ့ကျင့် နေမှုကို လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၂)၌ ဘောလုံး(အမျိုးသား/အမျိုးသမီး) အားကစားသမားများ၏ လေ့ကျင့်နေမှု များကို လည်းကောင်း၊ Training Hall (၂) ၌ လက်ဝှေ့အားကစားသမားများနှင့် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုကို လည်းကောင်း၊ Training Hall (၃) ၌ ဂျူဒိုအားကစားသမားများ၊ ကရာတေးဒို အားကစားသမားများနှင့် တိုက်ကွမ်ဒို အားကစား သမားများ၏ လေ့ကျင့်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးပြီး နည်းပြဆရာများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ စားရိပ်သာတွင် (Youth Camp)မှ အားကစားသမားများ၏ နေ့လယ်စာစားသုံးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား အာဟာရနှင့် ညီညွတ်မျှတစွာ ချက်ပြုတ်ကျွေးမွေးရန်နှင့် နေထိုင်သွားလာ စားသောက်မှုများတွင် စနစ်တကျကြီးကြပ် ဆောင်ရွက် သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိစေရန်ရည်ရွယ်၍ နေပြည်တော်၌ လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp)ကိုဖွင့်လှစ်၍ ပြေးခုန်ပစ်၊ ဘောလုံး၊ လက်ဝှေ့၊ အလေးမ၊ ဂျူဒို၊ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားနည်းများတွင် အုပ်ချုပ်/နည်းပြ ၄၀၊ အားကစားသမား ၂၀၉ ဦး စုစုပေါင်း ၂၄၉ ဦးတို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ စနစ်တကျ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)