မြင်အောင်ကြည့် သိအောင်ကြိုးစား

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်)

တပ်မတော်အနေဖြင့် နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေခြင်းမှာ နိုင်ငံတော်အတွက် လိုအပ်ချက် အရပါဝင်ဆောင်ရွက်နေရခြင်း ဖြစ်သည်။ အမျိုးသားနိုင်ငံရေးဆိုသည်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါး ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးသည် စက်ဝိုင်းတစ်ခုကဲ့သို့ တစ်ခုနှင့်တစ်ခုအကြား အလပ်မရှိအောင် ထိစပ်လျက်ရှိသည်။ ဆိုလိုသည်မှာ ပြည်ထောင်စု ပြိုကွဲသည်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာများ ဆုံးရှုံးမည်သာဖြစ်သည်။

ထို့အတူ အချုပ်အခြာအာဏာ ဆုံးရှုံးပြီဆိုလျှင်လည်း အခြားသော အချက်နှစ်ချက်(အရေးနှစ်ပါး)သည်လည်း အလိုအလျောက် ပျက်ယွင်းသွားမည်ဖြစ်သည်။ ကိုလိုနီခေတ်မြန်မာတို့ သူ့ကျွန်ဘဝနေရစဉ်က ထိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရပြီးဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားကြီးတို့သည် ပြည်ထောင်စုနိုင်ငံတော်ကို တည်ထောင်ပေးထားခဲ့ခြင်း ဖြစ်သည်။ ကိုလိုနီခေတ်တွင် တိုင်းရင်းသား အချင်းချင်းသွေးခွဲမှုခံခဲ့ရခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာကာ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်ခြင်းခံရသည်မှာ ယနေ့တိုင်ဖြစ်သည်ဟု ဆိုနိုင်သည်။

တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး လွတ်လပ်ရေးရရှိအောင် ဦးဆောင်ကြိုးပမ်းမှု တွင် ပြည်သူလူထုကို ဦးဆောင်ပါဝင်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးသည့် ကာလတွင်တပ်မတော်သည် လွတ်လပ်ရေး တည်တံ့ ခိုင်မြဲရေးအတွက် အသက်သွေးချွေးများစွာ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ရသည်။ အထင်ရှားဆုံးသာဓကမှာ ရန်ကုန်အစိုးရဟု လှောင် ပြောင်ခံခဲ့ရသောကာလနှင့် ကူမင်တန်တရုတ်ဖြူကျူးကျော်မှုကို အောင်မြင်စွာနှိမ်နင်းခဲ့ရသော စစ်ဆင်ရေးအောင်ပွဲများ ဖြစ်သည်။ ထိုအချိန်က နိုင်ငံတော်ကို အုပ်ချုပ်သည့်အစိုးရသည် စိတ်ဝမ်းကွဲပြားကာ အုပ်ချုပ်နိုင်စွမ်းမရှိတော့သည့်အတွက် တပ်မတော်ကို အိမ်စောင့်အစိုးရအဖြစ် တာဝန်လွှဲအပ်ခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းအောင်၊ တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ပေးခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပေးကာ အနိုင်ရပါတီကို နိုင်ငံတော်တာဝန်လွှဲအပ်ပေးခဲ့သည်။ မြန်မာနိုင်ငံအတွက်ကံဆိုးသည်မှာ ပြည်ပက သွေးထိုးနှောင့် ယှက်မှုပယောဂများ ရှိနေခြင်းဖြစ်သည်။ တည်ငြိမ်နေသောရေပြင်ကို ခဲပစ်သကဲ့သို့ စုစည်းညီညွတ်နေသောပြည်ထောင်စုကို ကွဲအက်ရန် လုပ်ဆောင်မှုများရှိလာသည်။ ထို့ကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတွင်ပါဝင်ခဲ့ရသည်။

၁၉၈၈ ခုနှစ်၌ ပြည်သူလူထုအနေဖြင့် တစ်ပါတီအုပ်ချုပ်မှုကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွားရေးကျဆင်းခြင်းတို့ကြောင့် တိုင်းပြည်၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းအခြေအနေအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၏ မြှောက်ပင့် သွေးထိုးမှု များကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သဖြင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် တပ်မတော်ကပါဝင်ခဲ့ရသည်။ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်း နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူကာ အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ပေးနိုင်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၄ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် “အိမ်နီးချင်းနိုင်ငံများတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ နိုင်ငံရေးစနစ်မတူညီကွဲပြားမှုများရှိကြောင်း၊ အချို့သော နယ်စပ်ဒေသ များတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေခံအချက်များအပြင် အခြားအခြားသော အချက်များစွာတို့အရ နိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ ယနေ့အထိ လိုအပ်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုများရှိရန်အတွက် မိမိတို့နိုင်ငံတွင် ခိုင်မာသည့် အင်စတီကျူးရှင်း လိုအပ်ကြောင်း၊ ထိုအင်စတီကျူးရှင်းမှာ တပ်မတော်သာဖြစ်ပြီး နိုင်ငံတော်၏ Guardian အနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နေပြီး လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ အမျိုးသားရေး ရည်မှန်းချက်များ ချမှတ်၍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများမှာ ထင်သာမြင်သာသော အခြေအနေများဖြစ်ပါသည်။ အခြေအနေမှန်များကို မြင်အောင်ကြည့်၍ တိုင်းပြည်ကောင်းကျိုးအတွက် ပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။