အရုဏ်ဦးက ပန်းတစ်ပွင့် သို့မဟုတ် နစက ပတ္တမြားကြီး

အရုဏ်ဦးက ပန်းတစ်ပွင့် သို့မဟုတ် နစက ပတ္တမြားကြီး

မြန်မာတို့သည် နဝရတ်ကိုးပါးဟုခေါ်သည့် ကျောက်မျက်ရတနာ ကိုးမျိုးကို  တန်ဖိုးထားကြသူများ ဖြစ်ကြ၏။ နဝရတ်  ဟူသည် “နဝရတန”ဟူသော  ပါဠိမှ ဆင်းသက်လာခြင်းဖြစ်ပြီး  ရတနာကိုးပါး ဟု အနက်ရသည်။ နဝရတ်ကိုးပါး ခြယ် ထားသော လက်စွပ်ကို  နဝရတ်လက်စွပ် ဟုခေါ်ကြသည်ကို လေ့လာမှတ်သားရပါသည်။

“ပတ္တမြား ဘုန်းတောက်၊ မြ ကျောက် အေးချမ်း  စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကား သိဒ္ဓိမဏိ နီလာ-မေတ္တာကဲချုပ်၊ ဂေါ်မုတ် ခွန်အား ဥဿဖရား ကျန်းမာ၊ သန္တာကြီးကဲပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်    ကိုးထွေ နဝရတ် စွမ်းရည်တည်း။  ။”

ဟူသော တစ်ခုချင်းစီ၏ စွမ်းရည်များကို ကြည့်ခြင်းအားဖြင့် ထူးကဲလှသော ဂုဏ်ရည် ဂုဏ်သွေးများကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ လူမှုဝန်းကျင်တွင်လည်း အမျိုးသမီး၊ အမျိုးသားမရွေး မိမိတို့တတ်နိုင်လျှင် တတ်နိုင်သလောက်  နဝရတ်ကိုးပါးထဲမှ တစ်ပါးပါးကို  ခန္ဓာကိုယ်တွင်  ဆင်ယင်ပြီး  ကိုယ်ရည်ကိုယ်သွေးများ တောက်ပအောင် ဆောင်ရွက်လျက် ရှိသည်ကို မြင်တွေ့ရလျက် ရှိပါသည်။  ပတ္တမြားနှင့် နီလာတို့အား ဘီစီ ၆၀၀ မှ ၅၀၀ အတွင်း အသုံးပြုခဲ့သည့် မှတ်တမ်းများကို တွေ့ရှိရပြီး မိမိတို့နိုင်ငံတွင် သာမက  အခြားသော ကမ္ဘာ့နိုင်ငံသားများ၏ အယူအဆမှာလည်း  ပတ္တမြားပိုင်ဆိုင်သူသည် “ပတ္တမြားဘုန်းတောက်” ဟူသည့် အတိုင်း   ဘုန်းတန်ခိုး ကြီးမားခြင်းနှင့် အများချစ်ခင် လေးစားမှုကိုရရှိသည့် အပြင် ရန်သူမျိုး(၅)ပါး နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်သည်ဟုလည်း ယုံကြည်ကြပါသည်။

စာရေးသူတို့နိုင်ငံသည်   မြေပေါ်မြေ အောက် သဘာဝ သယံဇာတများနှင့် ပြည့် နှက်နေသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ မြေအောက်သယံဇာတ များထဲတွင် အဖိုးတန် သတ္တုတူးဖော်ရေး လုပ်ငန်းများသာမက ကျောက်မျက်ရတနာများကလည်း သဘာ၀ ကပေးထားသည့် အဖိုးတန်လက်ဆောင် များအဖြစ် ပါဝင်နေပါသည်။ ကမ္ဘာပေါ်တွင် ပတ္တမြားထွက်ရှိသည့် နိုင်ငံဟူ၍ များများ စားစားမရှိပေ။ အမေရိကန်၊ ရုရှား၊ တရုတ် အစရှိသည့် နိုင်ငံကြီးများအပြင် ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ထိုင်း၊ သီရိလင်္ကာ၊ တန်ဇန်းနီးယား၊ ဗီယက်နမ်၊ သြစတြေးလျ၊ ကင်ညာ၊ အိန္ဒိယ၊ နီပေါ စသောနိုင်ငံများမှ ပတ္တမြား ထွက်ရှိကြသော်လည်း စာရေးသူတို့နိုင်ငံရှိ  မိုးကုတ်ဒေသမှ ထွက်သော ပတ္တမြားအရည် အသွေးကို မမီလောက်အောင် ကွာခြားလှပါသည်။ ဟိုရှေးယခင် ဘုရင်များလက်ထက် ကာလမှသည် ယနေ့ကာလတိုင် မြန်မာ နိုင်ငံထွက် ကျောက်မျက်ရတနာများသည် ကမ္ဘာ့တန်းဝင် ရတနာများအဖြစ်တည်ရှိ နေကြပါသည်။

ရှားပါးသော ပစ္စည်းများသည် တန်ဖိုးထိုက်တန်သည်မှာ ဓမ္မတာပင်ဖြစ်၏။

တန်ဖိုးထိုက်သောပစ္စည်းများကို လူတို့ခုံမင်မြတ်နိုးသည်မှာလည်း လောကသဘာ၀ တစ်ခုပင်ဖြစ်ပြန်သည်။ အဖိုးထိုက်သော ပတ္တမြားကြီးအချို့   မြန်မာ့ရာဇဝင်တွင် ပေါ်ထွက်ခဲ့ဖူးပါသည်။ ပတ္တမြားငမောက်ဟု ဆိုလျှင် မကြားဖူးသူ ခပ်ရှားရှားပင်ဖြစ်၏။ သက္ကရာဇ် ၁၀၂၃ ခုနှစ်  ပင်းတလဲမင်း လက်ထက်တွင် ထူးခြားလှသော  သမိုင်း ကြောင်းများနှင့် ပေါ်ထွက်ခဲ့သည့် ပတ္တမြားကြီးအား ဆက်သသူအမည်ကို အစွဲပြု၍ ငမောက်ပတ္တမြားဟု အစဉ်အဆက်ခေါ်ဆို ခဲ့ကြပြီး    နန်းစဉ်ရတနာ အဖြစ်လည်း အသုံးပြုခဲ့ကြပါသည်။ ၁၉၉၀ ပြည့်နှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက် ကာလတွင် အရွယ်အစားကြီးမားပြီး  အရည်အသွေးပိုင်းပါ ကောင်းမွန်သည့် အလေးချိန် ၄၉၆ ကာရက်ရှိ   ပတ္တမြားကြီးကိုလည်း    နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်ကို  မှတ်သားခဲ့ရပါသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်   ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းမှ  အလေးချိန်  ၁၉၀၇ ကာရက်ရှိ ပတ္တမြားကြီးကို နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခဲ့မှု ပုံရိပ်များကိုလည်း မျက်လုံးအိမ်တွင်   ယနေ့ထက်တိုင် မြင်ယောင်နေမိပါသေးသည်။ ရှားပါးပြီး အဖိုးထိုက်သော ပစ္စည်းများအား  အများသူငါ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်ပြီး ကိုယ်ကျိုးမဖက်သော စိတ်များဖြင့် နိုင်ငံတော်သို့ လှူဒါန်းခဲ့သည့် အင်းဝခေတ်မှ ငမောက်ဆိုသော အမျိုးသားကောင်းမှသည် သမိုင်းတစ်လျှောက် ပေါ်ထွက်ခဲ့ပြီးသော စေတနာရှင် ပုဂ္ဂိုလ်များအပေါ် စာရေးသူအနေဖြင့်လေးစားအားကျမိသလို မုဒိတာလည်း ပွားမိပြန်ပါသည်။

ယနေ့အချိန်တွင်လည်း တပ်မတော်နှင့် နိုင်ငံတော်ကို ချစ်ခင်လေးစားသည့် စေတနာ ရှင်လူငယ်တစ်ဦးက သူ၏ဘိုးဘွားမိဘများ လက်ထက်က ထိန်းသိမ်းထားရှိခဲ့သည့် ပတ္တမြားကြီးကို တပ်မတော်သို့လှူဒါန်း ရန်အတွက် ကမ်းလှမ်းခဲ့ရာမှ အစပြုပြီး အလေးချိန် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီး လှူဒါန်းခြင်း အခမ်းအနားကို  ကြည့်ရှုလိုက်ရသည်။ စေတနာရှင် လူငယ်မှ တပ်မတော်ကို လှူသည်။

ထို့နောက် တပ်မတော်မှ နိုင်ငံတော်သို့ တစ်ဖန်  လွှဲပြောင်းလှူဒါန်းသည်။  မြင်ရသည်မှာ  ကြည်နူးနှစ်သက်ဖွယ်ကောင်းလှပါဘိ။ တပ်မတော်မှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့်  ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ   ပတ္တမြားကြီးသည် ပွတ်ချော အမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာကင်းကာ မာခြင်းအဆင့် ၉ ရှိ၍ သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိသည်။ အရောင်မှာ ခရမ်းရောင် အနည်းငယ်သန်းသည့် အနီရောင်  (Red  With  Purplish  tint) ဖြစ်ပြီး မိုးကုတ်ရတနာ နယ်မြေမှ ထွက်ရှိသည့်  အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်သည်။

ယခုပတ္တမြားကြီးကို နိုင်ငံတော် ပတ္တမြား (နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်သည်ဟု သိရှိရသည်။ ဆန်ရေစပါးပေါများသည့် တိုင်းဒေသကြီးများအား နိုင်ငံ၏ စပါးကျီဟု တင်စားမည်ဆိုပါလျှင် စာရေးသူတို့နိုင်ငံရှိ မိုးကုတ်ရတနာမြေနှင့် မိုင်းရှူး ရတနာမြေတို့ကိုလည်း နဝရတ်ကိုးပါး စီခြယ်ပြီး  အသွေးအရောင် စုံလင်သည့်ဒေသအဖြစ် တင်စားရမည်ဖြစ်ပါသည်။

စာရေးသူတို့နိုင်ငံသည် သဘာဝပထဝီ မြေမျက်နှာသွင်ပြင်မှ ဖန်တီးပေးထားသော လက်ဆောင်ကောင်းများကို ရရှိထားသည့် နိုင်ငံဟုဆိုနိုင်ပါသည်။ ရှည်လျားပြီး အဖိုး တန်သော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့သို့ မြေပေါ်မြေအောက် သယံဇာတ များ၊ ကောင်းမွန်သော မြေဆီမြေနှစ်များ၊ မျှတသော ရာသီဥတုများကိုလည်း ပိုင်ဆိုင် ထားပါသေးသည်။  တိုင်းပြည်တည်ငြိမ် အေးချမ်းလျှင် ရှိပြီးသား သဘာဝအရင်း အမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ပါသည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် အစွမ်း ကုန်ဆောင်ရွက်နေချိန်တွင်  စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ် ဓာတ်အပြည့်အဝရှိသည့် လူငယ်၏ဆောင် ရွက်ချက်အပေါ်  စာရေးသူအနေဖြင့်  များစွာလေးစား ဂုဏ်ယူမိပါသည်။ နှစ်စဉ် ကျောက်မျက်ရတနာပြပွဲများ  ပြုလုပ်နေသော်လည်း ယခုအလှူရှင် လူငယ်လှူဒါန်း သည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ အရွယ်အစားနှင့် အရည်အသွေးပိုင်း ပြည့်စုံကောင်း မွန်သည့် ပတ္တမြားမျိုး ပေါ်ထွက်လာရန်မှာမူ ခဲယဉ်းလှပါသည်။   တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဟူသည့်အတိုင်း အလှူရှင် လူငယ်ကို ထိုက်တန်သည့်  ချီးမြှင့်မှုများ ဆောင်ရွက်မည်ဟု သိရသည့် အတွက်လည်း နှောင်းလူများ အားကျ အတုယူစရာပင်ဖြစ် ပါသည်။  စာရေးသူအနေဖြင့် နစကပတ္တမြားကြီး ပေါ်ပေါက်လာခြင်းသည် အဘက်ဘက်မှ ဝိုင်းဝန်းတိုက်ခတ်နေသည့်  လေပွေရိုင်း များကြားမှ ပန်းတစ်ပွင့် လန်းလန်းစွင့်စွင့် ပွင့်လာခဲ့သည့်ပမာ အရုဏ်ဦးကိုအလှဆင် နေသည်ဟုပင်  တင်စားချင်ပါတော့သည်။    ။  

နွေကံ့ကော်(မြို့လှ)