မြန်မာတွေဟာ ဒေသစွဲကြီးကြပါတယ်။ အဲဒီထဲကမှ ကျွန်တော်လည်း ဒေသစွဲကြီးသူတွေထဲကတစ်ယောက်ပါ။ အနီးစပ်ဆုံးအားကစားနဲ့ပတ်သက်ပြီးပဲ တွေးကြည့်မိတယ်။ ညတစ်ရေးနိုးလို့ ဘယ်အသင်း အကြိုက်ဆုံးလဲ မေးလာရင် မြန်မာအသင်းလို့ ကျွန်တော်သေချာပေါက် ဖြေလိမ့်မယ်။ ကျွန်တော့်လိုပဲ အခြားမြန်မာတွေမှာလည်း ဒီလိုစိတ်တွေရှိနေပါလိမ့်မယ်။ မြန်မာပြိုင်တယ်ဆိုရင် ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် မရမကအားပေးတတ်ကြတဲ့ အကျင့်မျိုး၊ ဒီလိုအမူအကျင့်တွေက ကျွန်တော်တို့လူမျိုးတွေဆီမှာသူများတွေထက် ပိုသာနေတာတော့ သေချာပါတယ်။
အကြောင်းရင်းအမှန်ကိုသိဖို့လို
မြန်မာကွ ဆိုပြီး အားပေးနေရုံနဲ့တော့ ကျွန်တော်တို့ တာဝန်မကျေနိုင်သေးပါ။ မြန်မာ့အားကစား ဘာလို့နောက်ကျနေလဲ ဆိုတာအဖြေရှာနိုင်မှ ကျွန်တော်တို့တာဝန် ကျေပါလိမ့်မယ်။ ဆယ်စုနှစ် ကာလတစ်ခုအတွင်း ကျွန်တော်တို့ရဲ့ အားကစားအဆင့်ဟာ အိုလံပစ်မဆိုထားနှင့်၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ ယှဉ်လျှင်ပင် ထိပ်တန်းအဆင့်သို့ မရောက်ရှိနိုင်သေးပါ။ နိုင်ငံရဲ့ အားကစားအဆင့် တိုးတက်မှုနှေးခြင်း အကြောင်းကို ဝိုင်းဝန်းအဖြေရှာဖို့လိုအပ်ပါပြီ။ တိကျပြီး အခြေခံအကျဆုံးအဖြေကို ပြောပါဆိုရင်တော့ ကျွန်တော်တို့လူထုတစ်ရပ်လုံး အားကစားလှုပ်ရှားမှု အားနည်းလွန်းလို့သာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့ အားကစားပြန်လည်အဆင့်မြှင့်တင်ဖို့ဆိုရင် လူထုတစ်ရပ်လုံးရဲ့ အားကစားလှုပ်ရှားမှုဟာ အခြေခံအကျဆုံးအချက်ပဲ ဖြစ်တယ်။
အားကစားလုပ်နိုင်ဖို့ ကျန်းမာရေး ကောင်းရန်လို
နိုင်ငံတော်အကြီးအကဲရဲ့ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးဆုတောင်းစကားမှာ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ မိမိတို့၏အနာဂတ်ကို ကောင်းမွန်စွာဖန်တီးနိုင်မည်လို့ လူထုတစ်ရပ်လုံးကို အလေးအနက်ပြောဆိုထားတာ တွေ့ရတယ်။ သွေးထွက်အောင် မှန်လွန်းတဲ့စကားလည်း ဖြစ်တယ်။ ကျွန်တော်တို့လူမျိုးက မကျန်းမာ၍ အားကစားမလုပ်၊ အားကစားမလုပ်၍ မကျန်းမာ ဆိုတဲ့ သံသရာမှာတဝဲလည်လည်ပါ။ ကျန်းမာရေး အဆင့်နိမ့်ခြင်းကြောင့် အားကစားဟာ ထင်သလောက်ခရီးမပေါက် တာကိုလည်းတွေ့ရပါတယ်။ WHO သတ်မှတ်ချက်အရ ကျွန်တော်တို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း (Life Expectancy ) ဟာ ၆၇ ဒသမ ၈ နှစ်ပဲရှိတယ်။ ဒါကိုကြည့်ရင် ကျွန်တော်တို့လူမျိုးတွေ အသေစောနေတာကို သိသိသာသာမြင်နိုင်ပါတယ်။ ၉၅ ရာခိုင်နှုန်းသော ကျွန်တော်တို့ဟာ ရောဂါကြောင့် သေဆုံးရတာဖြစ်ပြီး ၅ ရာခိုင်နှုန်းလောက်ကပဲ အသက်ကြီးလို့ သေဆုံးသွားတာမျိုး ဖြစ်ပါတယ်။ ရောဂါတွေနဲ့သေဆုံးရာမှာ ကူးစက်ရောဂါတွေထက် မကူးစက်ရောဂါတွေနဲ့သေဆုံးမှုက ပိုများတာကိုတွေ့ရပြန်တယ်။ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေမှာ အသက် ၃၀ နှစ်ကနေ ၆၉ နှစ်ကြား သေဆုံးမှုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ မကူးစက်နိုင်သော ရောဂါများ (Non-communicable Diseases)တွေ ကြောင့်ဖြစ်တယ်လို့ WHO မှာ ဖော်ပြထားပြန်တယ်။ မကူးစက်နိုင်တဲ့ရောဂါတွေကနေ ကင်းဝေးစေမယ့် အဓိကအချက်တွေထဲမှာ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဟာ အခြေခံကျတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။
မကူးစက်ရောဂါတွေကင်းဝေးဖို့ လမ်းလျှောက်ကြပါစို့
ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ဆိုတဲ့ဆောင်ပုဒ်အတိုင်း အနာရောဂါကင်း ရှင်းစေရန်နှင့် ကျန်းမာကြံ့ခိုင် နေစေရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုက ပုံမှန်ပြုလုပ်ဖို့လိုအပ်လာပါပြီ။ လူတိုင်းအတွက် အခမဲ့လွယ်ကူပြီး နေရာတိုင်းမှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားဟာ လမ်းလျှောက်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က ကိုယ်လက်လှုပ်ရှား ကစားခြင်းနဲ့ ပတ်သက်ပြီး အလွယ်ကူဆုံးအားကစားနှစ်ခုဟာ လမ်းလျှောက်ခြင်းနဲ့ ပြေးခြင်းဖြစ်တယ်လို့ ဆိုထား ခြင်းဖြစ်တယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန်လမ်းလျှောက်ပေးရုံနဲ့ ထူးခြားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရပါတယ်။ လမ်းမှန်မှန်လျှောက်သူဟာ လေဖြတ်တာ၊ သွေးတိုးတာတွေ ဘယ်တော့မှမဖြစ်ပါဘူး။ နာတာရှည်ရောဂါဖြစ်ဖို့ ခဲယဉ်းတယ်။ ကျောက်ကပ်ရောဂါကနေ ကာကွယ်နိုင်ပါတယ်။ အသက်အရွယ်ကြောင့် အရိုး အဆစ်ထိခိုက်နာကျင်တာ၊ အရိုးပွတာ တွေကို ပျောက်ကင်းစေတယ်။ တိတိပပ ပြောရရင် မကူးစက်နိုင်တဲ့ရောဂါတွေကနေ ကင်းဝေးစေတဲ့ အကောင်းဆုံးသောကိုယ် လက်လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂရိသမားတော်ကြီး ဟစ်ပိုခရိတ်က လမ်းလျှောက်ခြင်းဟာ လူအတွက်အကောင်း ဆုံးဆေးလို့ ဆိုထားခဲ့တာဖြစ်ပါတယ်။
လမ်းလျှောက်ခြင်းဟာ ကူးစက်ရောဂါတွေပါ ပျောက်ကင်းနိုင်
တရုတ်နိုင်ငံကို ရောက်ခဲ့ဖူးပါတယ်။ တရုတ်လူမျိုးအများစုဟာ မနက်စောစော ပုံမှန်လမ်းလျှောက်ကြတာ မျိုးတွေ့ရတယ်။ ညနေစောင်းရင်လည်း အုပ်စုလိုက်သီချင်းဖွင့်ပြီး လေ့ကျင့်ခန်းတွေလုပ်ကြသေးတယ်။ ကခုန်ကြတာမျိုးတွေလည်းရှိတယ်။ အဘိုးကြီး၊ အဘွားကြီးတွေပါမကျန် အရွယ်သုံးပါးမရွေးပါဝင်ကြတယ်။ ဒီလိုဓလေ့စရိုက်တွေဟာ အတုယူစရာကောင်းလွန်းပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းဟာ ကျွန်တော်တို့ထက် အပုံကြီးသာတာ မျိုးကိုတွေ့ရပါတယ်။ ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက အသက် ရှည်ခြင်းရဲ့လမ်းစလည်း ဖြစ်တယ်။ တစ်ရက်ကို မိနစ် ၃၀၊ တစ်ပတ်မှာ မိနစ် ၁၅၀ လောက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူတွေ ဟာ အဆိုးဆုံးကူးစက်ရောဂါဖြစ်တဲ့ ကိုဗစ်- ၁၉ ရောဂါရဲ့ ကူးစက်နိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေကို ၃ ပုံ ၁ ပုံ ထိတောင်လျော့ ကျနိုင်တယ်လို့ ဆိုထားပြန်ပါတယ်။ ဒီသုတေသနကို အင်္ဂလန်မှာရှိတဲ့ Gla sgow Caledonian University သုတေသနအဖွဲ့တစ်ဖွဲ့က ရှာဖွေတွေ့ရှိထားတာလည်း ဖြစ်တယ်။ သူတို့ရဲ့တွေ့ရှိမှုထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးခင် ရက်သတ္တ ၁၂ ပတ်လောက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု ကြိုတင်လုပ်ဆောင်ထားခဲ့ရင် ကာကွယ်ဆေးရဲ့ကိုယ်ခံစွမ်းအားကိုလည်း ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ ပိုမိုထိရောက်စေတယ်လို့လည်း ဆိုထားပါတယ်။ လမ်းလျှောက်ခြင်းဟာ မကူးစက်တဲ့ရောဂါတွေသာမက ကူးစက်တဲ့ရောဂါတွေကိုပါ ပျောက်ကင်းစေတဲ့ အထောက်အပံ့ ကောင်းတစ်ခုဆိုတာ ဒီသုတေသနကတစ်ဆင့် မီးမောင်းထိုးပြ သွားခဲ့ပါတယ်။
အားကစားအရင်းအမြစ်ကို တည်ဆောက်ရန်လို
အလေ့အကျင့်မှ အလေ့အထ ဆိုသလို ပုံမှန်ကိုယ်လက်လှုပ်ရှားပြုလုပ်သည့်အလေ့ အကျင့်ပုံစံမှ သမားရိုးကျ ပြုလုပ်နိုင်သည့် အလေ့အထပုံစံသို့ ရောက်အောင်သွားရပါမယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဆိုသလို ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း အလေ့အထဟာ ကျန်းမာရေးကောင်းဖို့သာမက အားကစား မျိုးဆက်သစ်တွေပေါ်ထွန်းလာဖို့အတွက်လည်း အလားအလာကောင်းဖြစ်ပါတယ်။ နိုင်ငံတိုင်းက သူတို့နိုင်ငံမှာရှိတဲ့ လူငယ်တွေကို နိုင်ငံရဲ့အနာဂတ်၊ မျှော်လင့်ချက်တွေပြည့်နေတဲ့ မျိုးဆက်သစ်တွေ အဖြစ် မှတ်ယူလေ့ရှိပါတယ်။ နိုင်ငံ့အားကစားဦးမော့လာစေဖို့ဆိုရင် လူငယ်တွေရဲ့ အားကစားအရင်းအမြစ်ကိုတော့ စနစ်တကျပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါပြီ။
ဂျပန်လိုကျွန်းနိုင်ငံလေးဟာ အာရှတိုက်မှာ အားကစားအကောင်းဆုံး ဖြစ်နေပါပြီ။ ဒီလိုဖြစ်လာဖို့ ဆယ်စုနှစ်ပေါင်းများစွာ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အစားအသောက်ပုံစံ၊ အားကစားနည်းစနစ်၊ နေထိုင်ပုံ စတဲ့တစ်ခုချင်းစီမှာ လူငယ်တွေကို စနစ်တကျမွေးမြူခဲ့တာလည်း တွေ့ရတယ်။ ရေရှည်စီမံကိန်းအနေနဲ့ ဆောင်ရွက်ခဲ့တာမျိုးလည်း ဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့အတုယူရပါမယ်။ လူငယ်တွေရဲ့ အားကစားအရင်းအမြစ်ဟာ မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဆိုတာ သတိချပ်သင့်ပါပြီ။
ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသလို လူငယ်များရဲ့ အားကစားအရင်းအမြစ် ဖွံ့ဖြိုးရေးဟာ နောင်တစ်ချိန်အတွက် များစွာအရေးကြီးလျက်ရှိပါတယ်။ လူငယ် များအတွက် အဓိကလိုအပ်ချက်ဟာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်လည်း ဖြစ်တယ်။ ပတ်ဝန်းကျင်လူထုတစ်ရပ်လုံးက အားကစားကို အားပေးလာတဲ့အခါ လူငယ်ထုအပေါ်ကို အဓိက အကျိုးသက်ရောက်လာမှာမျိုး လည်းဖြစ်ပါတယ်။ လက်ရှိကာလမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က လူငယ်တွေရဲ့ အားကစားကဏ္ဍမြင့်တက်လာစေဖို့ အခါအားလျော်စွာ လမ်းညွှန်မှုပေးတာမျိုးတွေကိုတွေ့ရပါတယ်။ အထူးသဖြင့် လူငယ်တွေ သွက်လက်လျင်မြန်ကျန်းမာစေရန် မြို့တိုင်း၊ ရပ်ကွက်တိုင်းမှာ အားကစားကွင်းတွေကို အဆင့်မီမီပြန်လည်တည်ဆောက်ပေးလျက် ရှိတယ်။ လူငယ်အရင်းအမြစ်ကောင်းတွေ မွေးထုတ်ပေးနိုင်ဖို့ နိုင်ငံတော်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ကို ဖွဲ့စည်းဆောင်ရွက်နေတာကိုလည်း အားရစရာတွေ့ရပါတယ်။ အားကစားမြှင့်တင်ရေးအတွက်ဆောင်ရွက်နေခြင်းဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းနဲ့ လူငယ်တွေရဲ့စိတ်ဓာတ် (Mind Set) ကို ပြုပြင် ရာလည်းဖြစ်ပါတယ်။ နောင်လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာတော့ မြန်မာ့အားကစားကဏ္ဍဟာ ပြန်လည်ဦးမော့မှာ ဧကန်ပင်ဖြစ်ပါတော့တယ်။
အားကစားနှင့်ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး
အားကစားနဲ့ ပညာရေးဟာ ဆက်နွှယ်မှုရှိပါတယ်။ ပညာမတတ်သူဟာ အားကစားအမြင်လည်း နည်းပါးတာကို တွေ့ရတယ်။ ကျွန်တော်တို့လူမျိုးဟာ ကိုလိုနီခေတ်မတိုင်မီက စာတတ်မြောက်နှုန်း အလွန် မြင့်မားသလို အားကစားမှာလည်း ထူးချွန်ကြတယ်။ ကိုလိုနီခေတ်မှာတော့ ကျွန်တော်တို့ရဲ့ အခွင့်အလမ်းမှန်သမျှ ပိတ်ပင်ခံခဲ့ရတယ်။ အားကစားလုပ်ခွင့်လည်း ထင်သလောက်မရရှိခဲ့ကြပါ။ လွတ်လပ်ရေးရတဲ့အခါ ကျွန်တော်တို့ လူမျိုးရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ် ၃၀ လောက်ပဲ ရှိပါတော့တယ်။ ကျန်းမာရေးဗဟုသုတ နည်းလွန်းပြီး အားကစားလှုပ်ရှားမှုမရှိတာကြောင့် မကူးစက်ရောဂါတွေနဲ့ သေဆုံး သွားကြတာဖြစ်တယ်။ အဓိကပြဿနာဟာ လူအများစုပညာမတတ်လို့ပဲဖြစ်ပါတယ်။ ပညာမတတ်တော့ အားကစားလုပ်ရမယ် ဆိုတဲ့ အတွေးအခေါ်မရှိ၊ အားကစားမလုပ် တော့ ရောဂါတွေအလွယ်ဝင်ပြီး သေဆုံးကြရတာမျိုးပဲဖြစ်တယ်။ ဒါဟာ အားကစားနဲ့ ပညာရေးဆက်စပ်နေတယ်ဆိုတာကို သင်ခန်းစာပေးသွားတဲ့ တစ်ခုတည်းသော သာဓကလည်းဖြစ်ပါတယ်။
အားကစားသမားတစ်ယောက်အတွက် အောင်မြင်မှုအရှိန်မြန်ချင်တဲ့အခါ ပညာရေးဟာ မရှိမဖြစ်တဲ့ အထောက်အပံ့တစ်ခု ဖြစ်နေပါလိမ့်မယ်။
အားကစားပညာဆိုတာ အားကစားသမား တစ်ယောက်အတွက်တော့ အတတ်ပညာပဲဖြစ်ပြီး စာသင်ကျောင်းတက်ပြီး ရလာတဲ့ ပညာကတော့ အတန်းပညာပဲဖြစ်တယ်။ အတန်းပညာတတ်မှ ရေးနိုင်၊ ဖတ်နိုင်၊ လေ့လာနိုင်ပါတယ်။ အားကစား ပညာသင်ယူတဲ့နေရာမှာ နည်းပြဆရာသင်ကြားတာသာမက မိမိဘာသာဖတ်နိုင်၊ လေ့လာနိုင်တဲ့သူက ပိုပြီးသာလွန်တာမျိုးကိုတွေ့ရပါတယ်။ အတန်းပညာတတ်သူဟာ နိုင်ငံတကာက အားကစားသမားတွေ၊ နည်းပြတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာလည်း ဆက်သွယ်မှု လွယ်ကူစေပါတယ်။
အားကစားသမားဘဝမှ အနားယူသည့်တိုင် နည်းပြတာဝန်ပဲယူမလား၊ အသက်မွေးဝမ်းကျောင်း တစ်ခုခုပဲ လုပ်မလား၊ အတန်းပညာ တတ်ထားတဲ့အခါ ဘဝအာမခံချက်ကောင်းရမှာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် အားကစားသိပ္ပံကျောင်းများအနေနဲ့ လူငယ်အားကစားသမားများ မွေးထုတ်ရာမှ အားကစားတစ်မျိုးတည်း အတွက်သာမက ပညာရေးကဏ္ဍအတွက်လည်း လစ်ဟင်းမှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ပေးလျက် ရှိနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်။ အခြေခံပညာကျောင်းတွေမှာ ပြဋ္ဌာန်းထားတဲ့ ကာယပညာ (Physical Education) ဟာ သင်ရိုးပုံစံရှိနေရုံနဲ့တော့ မလုံလောက်ပါ။ အခြားဘာသာရပ်တွေလို အမှန်တကယ် သင်ကြားပြသနိုင်ဖို့လည်း
လိုပါသေးတယ်။ ဒါတင်မက ကျောင်းသားအားကစားပွဲတော်တွေ ကျင်းပပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုပွဲတွေကျင်းပပေးခြင်းဟာ ကျောင်းသားလူငယ်တွေရဲ့ကြားမှာ အားကစားစိတ်ဓာတ်ပေါက်ဖွား လာစေမယ့် အဓိကအကြောင်းအရာတွေပဲဖြစ်တယ်။ ၂၀၁၈ ခုနှစ်မှာ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (ဗ့ွ)ကို ကျွန်တော်တို့နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့တယ်။ ဒါတွေဟာ အားကစားနဲ့ပညာရေး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ သမိုင်းကောင်းလည်း ဖြစ်ပါတယ်။ စာတော်ပြီး အားကစားထူးချွန်တဲ့ ကျောင်းသား လူငယ်တွေ မွေးထုတ်ပေးနိုင်ဖို့ နိုင်ငံတော်နဲ့အတူ လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဖို့ အချိန်ရောက်ပါပြီ။
နိုင်ငံတစ်ဝန်းလုံးက ကျောင်း၊ ကောလိပ်နဲ့ တက္ကသိုလ်တွေက ကျောင်းသားလူငယ်တွေရဲ့ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းကတစ်ဆင့် နိုင်ငံ့အားကစား ပြန်လည်မြှင့်တင်နိုင်ဖို့ အထောက်အပံ့ကောင်းတွေ ရရှိလာမှာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့အားကစားကဏ္ဍ မြှင့်တင်ဖို့ ကြိုးစားတဲ့အခါ အားကစားသမားတွေရဲ့ ဘဝအာမခံချက် ရှိရေးအတွက် ပြည့်ပြည့်၀၀ဖြည့်ဆည်း ပေးလျက်ရှိတယ်ဆိုတာ တွေ့ရမှာပဲဖြစ်တယ်။ နိုင်ငံတော်ရဲ့ အားပေးထောက်ပံ့မှုများနဲ့ (၃၁)ကြိမ်မြောက်အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ဆုရရှိသူ အားကစားသမားများအား ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်မှုတွေကတော့ အားကစားကဏ္ဍအတွက် အားရ စရာကောင်းတဲ့ အားပေးချီးမြှောက်မှုတွေပဲဖြစ်ပါတယ်။ နိုင်ငံတော်က အာရှပွဲ၊ အရှေ့တောင် အာရှပွဲတွေမှာ ဆုတံဆိပ်ရခဲ့တဲ့ အသက် ၆၀ နှင့်အထက် အားကစားသမားဟောင်းတွေကိုလည်း လစာထောက်ပံ့ ကြေးပေးနိုင်ရေး စီစဉ်နေ တာတွေ့တော့ အတိုင်းမသိဝမ်းသာရပြန်တယ်။ နိုင်ငံတော်ဟာ အားကစားကဏ္ဍနဲ့ပတ်သက်ပြီး တစ်ဆင့်ချင်း စနစ်တကျဆောင်ရွက်နေတာကိုတော့ မျက်ဝါးထင်ထင် တွေ့နိုင်ပါပြီ။
လူထုအားကစားမှသည် နိုင်ငံ့အားကစားအဆင့်ဆီသို့
မြန်မာ့လူ့ဘောင်ဟာ ဆယ်စုနှစ်တစ်ခုစာလောက် ရပ်ရွာအခြေပြုအားကစားကို ဥပေက္ခာပြုလျစ်လျူရှုခဲ့ပါတယ်။ မြန်မာတွေဟာ ဒီမိုကရေစီအရေး မှတစ်ပါး ကျန်တာစိတ်မဝင်စားတော့ပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကတာဝန်ယူတဲ့အချိန်မှာ တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ကို ဦးတည်ချက်တစ်ခုအဖြစ် စနစ်တကျဆောင် ရွက်လာတယ်။ ယခင်က နေ့ထူးနေ့မြတ်တွေမှာ တဒင်္ဂဆိတ်သုဉ်းခဲ့တဲ့ အားကစားပွဲလေးတွေ ပြန်လည်ကျင်းပလာတယ်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပွဲတွေကိုလည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေပါမကျန် ကျင်းပသွားခဲ့ပြန်တယ်။ ကြည်နူးစရာ ကောင်းသလို အားကစားစိတ်ဓာတ်တစ်ဖန် ပြန်ရလာသလို ခံစားခဲ့ရတယ်။ လူငယ်တွေဆီမှာလည်း အားကစားလုပ်ချင်စိတ်တွေ ပြန်လည်ဖွံ့ဖြိုးလာပြီး လမ်းမှားတွေမရောက်ဖို့ ရောင်နီသန်းလာခဲ့ပါပြီ။ နိုင်ငံ့အားကစားလည်း ပြန်လည်ဦးမော့လာပါလိမ့်မယ်။
ခုရေတွင်းတူး ခုရေကြည်သောက်တော့ လုပ်လို့မရသေးပါ။ ယိုယွင်းသွားခဲ့တဲ့ ယိုပေါက် အားလုံးကို တစ်ဆင့်ချင်း၊ တစ်ပေါက်ချင်းစီ ပြန်လည်ဖာထေးဖို့တော့ လိုပါလိမ့်မယ်။ နိုင်ငံတော်ရဲ့လိုအပ်ချက်ကြောင့်၊ ပြည်သူအားလုံးရဲ့ အားနည်းချက်ကြောင့်ဆိုပြီး အကြောင်းပြချက်တွေ ပေးရတော့မယ် အချိန်မဟုတ်တော့ပါ။ ပစ္စက္ခကာလ နိုင်ငံတော်ရဲ့ ဦးဆောင်မှုအောက်မှာ လူထုတစ်ရပ်လုံးပါဝင်ဖို့သာ လိုအပ်ပါပြီ။ နိုင်ငံ့အားကစားမြှင့်တင်ဖို့ဆိုရင် လူတစ်ဦးချင်းစီရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်မှု (Sound Mind Sound Body) ဟာ လွန်စွာ အရေးကြီးပါပြီ။ ဒါကြောင့် နိုင်ငံ့အားကစားပြန်လည်မြှင့်တင်နိုင်ဖို့ဆိုရင် လူထုတစ်ရပ်လုံး ကျန်းမာအောင်နေကြပါစို့၊ သန်စွမ်းအောင်လေ့ကျင့်ကြပါစို့ ဟုဆော်သြချင်ပါတယ်။
အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည် ဟူသောပြောကြားချက်ဟာ နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်မှုကောင်းတဲ့ ဆန္ဒအမှန်ပဲဖြစ်ပါတယ်။ အခွင့်သာတုန်းမှာ လူထုတစ်ရပ်လုံး မဆိုင်းမတွဘဲ ပါဝင် လိုက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော် လိုက်ပါရစေ။ ။
ဝမ်းယုနောင်