ပြည့်ဂုဏ်တောက်ကြွား နစကပတ္တမြား
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀ ရက်)
မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝရှုခင်းများ လွန်စွာလှပသည့် နိုင်ငံဖြစ်သလို မြေပေါ်မြေအောက် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံလည်းဖြစ်သည်။ လောကီရတနာများ ရှိသလို လောကုတ္တရာ ရတနာများလည်း ရှိသည့်နိုင်ငံဖြစ်ပေရာ တည်ငြိမ်အေးချမ်း၍ သာယာချမ်းမြေ့ဖွယ်ကောင်းလှသော နိုင်ငံဟုဆိုနိုင်သည်။ လောကုတ္တရာရတနာ ဆိုသည်မှာ တန်ဖိုးမဖြတ်နိုင်သော ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးဖြစ်သည်။ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည် ကိုးကွယ်မှု အများဆုံးနိုင်ငံဖြစ်ပေရာ ဘာသာတရား အဆုံးအမနှင့်အတူ အလှူဒါန ပေးလှူခြင်းကိုလည်း မြတ်မြတ်နိုးနိုး ရှိလှသည်။
တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးလှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းမီဒီယာများ၌ ဖော်ပြထားသည်။ ထိုသတင်းမှာ နိုင်ငံတော်အတွက် အလွန်ကောင်းမွန်သော သတင်းကောင်းတစ်ခုဖြစ်သည်။ သတင်းကောင်းဟု ဆိုလိုက်ခြင်းမှာ မြန်မာနိုင်ငံတော်သည် ရတနာမျိုးစုံကြွယ်၀ သောနိုင်ငံဖြစ်ပေရာ ရတနာရှိရာ ရတနာတို့ရောက်ရှိလာခြင်းဖြစ်သည့်အတွက် သတင်းကောင်းဟု ဆိုလိုက် ခြင်းဖြစ်သည်။
နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏ မိဘဘိုးဘွားများ လက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန် ကမ်းလှမ်းလာခဲ့သည်။ အဆိုပါလူငယ်၏ လှူဒါန်းမှုမှာ ထူးထူးခြားခြား ဆောင်ရွက်မှုပင်ဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကိုမြတ်နိုးသည့် စိတ်ရင်းဖြင့် လည်းကောင်း၊ နိုင်ငံတော်အတွက် ကောင်းကျိုးဖြစ်ထွန်းသည်ကို ရည်ရွယ်၍လည်းကောင်း လှူဒါန်းမှုပြုခြင်း ဖြစ်ပေလိမ့်မည်။ ကောင်းမှုမြတ်နိုး၍ ကောင်းကျိုးပြုလုပ်ခြင်း ဖြစ်သည့်အတွက် အလွန်ကောင်းမွန်သော လှူဒါန်းမှုအဖြစ် မှတ်ယူရပေမည်။
ပတ္တမြားဆိုသည်မှာ ရတနာကိုးပါးတွင် တစ်ပါးပါဝင်သည်။ ထိုရတနာကိုးပါးမှာ နီလာ စိန်ကြောင်၊ ထိန်ပြောင် ပတ္တမြား၊ မြသားဂေါ်မုတ်၊ ဥဿဖရား သန္တာ၊ ရတနာ ပုလဲ၊ ထူးကဲလွန်မြတ်၊ နဝရတ်ကိုးပါး ဖြစ်ပြီး ပတ္တမြား ဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကား သိဒ္ဓိ၊ မဏိနီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ် ခွန်အား၊ ဥဿဖရားကျန်းမာ၊ သန္တာ ကြီးကဲ၊ ပုလဲ ကျက်သရေ၊ ကွန့်ကွန့်ဝေသည် ကိုးထွေနဝရတ် စွမ်းရည်တည်း ဟူ၍ စာဆိုရှိပါသည်။
မြန်မာနိုင်ငံတွင် ရှေးမြန်မာ ဘုရင်များ ခေတ်ကပင် အရည်အသွေးကောင်းပြီး တန်ဖိုးမြင့်မားလှသည့် ပတ္တမြားတို့ ပေါ်ထွန်းခဲ့ကြောင်း သမိုင်းကောင်းများရှိသည်။ ကမ္ဘာတွင် ပတ္တမြား ထွက်ရှိသည့်နိုင်ငံများ အနက် မြန်မာနိုင်ငံ မိုးကုတ်ဒေသက ထွက်ရှိသောပတ္တမြားများမှာ အရည်အသွေး အကောင်းမွန်ဆုံးဖြစ်သည်။ ကမ္ဘာ့ရတနာဈေးကွက်တွင် ထင်ပေါ်ကျော်ကြားလူကြိုက်များလှသည်။ မြန်မာရာဇဝင်တွင် ပတ္တမြားငမောက် အကြောင်းကို မသိသူမရှိသလောက်ဖြစ်သည်။ အင်္ဂလိပ်တို့ မတရားသိမ်းပိုက်ယူသွားကာ ယနေ့တိုင် သတင်းအစပျောက်နေသော ပတ္တမြားကြီးဖြစ်သည်။
နိုင်ငံတော်သို့ ပတ္တမြား လှူဒါန်းမှုကို မှတ်တမ်းပြုရလျှင် ၁၉၉၀ ပြည့်နှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိ ပတ္တမြား လှူဒါန်းမှုပြုခဲ့သည်။
၂၀၁၃ ခုနှစ် ပထမဒီမိုကရေစီ အစိုးရလက်ထက်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုပြုခဲ့သော ပတ္တမြားနှစ်ခုထက် ယခုလှူဒါန်းသည့် ပတ္တမြားကြီးမှာ အရွယ်အစားပိုမိုကြီးမားသည်။
ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး ပတ္တမြားကြီးမှာ ပွတ်ချော အမျိုးအစားဖြစ်သည်။ အပြစ်အနာအဆာ ကင်းစင်ကာ မြန်မာနိုင်ငံ မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသောပတ္တမြား ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အဆိုပါပတ္တမြားကြီးမှာ မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိသည်။ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင် (Red With Purplish tint)ဖြစ်ပြီး အရွယ်အစား ကြီးမား၍ ရှားပါးသည့် ပတ္တမြားကြီးဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်မှ နိုင်ငံတော်သို့ လှူဒါန်းသည့် အဆိုပါပတ္တမြားကြီးကို နိုင်ငံတော် ပတ္တမြား(နစကပတ္တမြား) အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ ပတ္တမြားကြီး လှူဒါန်းသည့် လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပတ္တမြား ပိုင်ဆိုင်သူသည် ပတ္တမြားဘုန်းတောက် စာဆိုနှင့်အညီ ဘုန်းတန်ခိုးကြီးမားခြင်းနှင့် အများချစ်ခင် လေးစားခြင်း ခံရမည့်အပြင် ရန်သူမျိုးငါးပါး နှောင့်ယှက်ဖျက်ဆီးခြင်း ဘေးအန္တရာယ်အပေါင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မာပြီး ပြည်တွင်း ပြည်ပအနှောင့်အယှက် ဘေးရန်များ ကင်းစင်ကာ ဘာသာသာသနာရောင်ဝါ ထွန်းလျက် အေးချမ်း တည်ငြိမ်ဖွံ့ဖြိုး တိုးတက်တော့မည်ဖြစ်ပါကြောင်း နိမိတ်ကောင်းဖြင့် ရေးသားလိုက်ရပေသည်။ ။