တစ်ဖက်သတ် ရန်စမှုများက ခိုင်မာပြတ်သားသည့် တန်ပြန် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်ကို သတိပေးလိုက်သည့် တရုတ်

တစ်ဖက်သတ် ရန်စမှုများက ခိုင်မာပြတ်သားသည့် တန်ပြန် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်ကို သတိပေးလိုက်သည့် တရုတ်

အမေရိကန်က   လုပ်ဆောင်နေသည့် တစ်ဖက်သတ်ရန်စမှုများသည်    ခိုင်မာပြတ်သားသည့်  တန်ပြန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့မေးလီကို တရုတ်စစ်ဘက်မှ ဗိုလ်ချုပ်ကြီး  လီကျော့ချန်က  သတိပေး ပြောကြားလိုက်သည်။

အမေရိကန်အနေဖြင့်   ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ရန်စမှုများကို တမင်ဖန်တီးနေခြင်းထက် တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံကြား ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို ထိန်းချုပ်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရန် နှစ်နိုင်ငံကြား  တွေ့ဆုံဆွေးနွေးမှုများကို ပိုမိုလုပ်ဆောင်သင့်ကြောင်း ဗိုလ်ချုပ်ကြီး လီကျော့ချန်က   အမေရိကန်ဗိုလ်ချုပ်ကြီး  မာ့မေးလီအား    ပြောကြားခဲ့သည်။ လက်ရှိတွင် တရုတ်နှင့် အမေရိကန်တို့သည်   တရုတ်(တိုင်ပေ)၊   ယူကရိန်းအရေးမှအစ အာရှ-ပစိဖိတ်ဒေသအတွင်း လွှမ်းမိုးမှုချဲ့ထွင်ရေးနှင့် စပ်လျဉ်း၍ ကွဲပြားမှုများဖြစ်ပွားနေသည်။

တရုတ်နှင့်    အမေရိကန်တို့အနေဖြင့် မိမိတို့ကြား ပြိုင်ဆိုင်မှုများကို တာဝန်သိသိဖြင့်  စီမံခန့်ခွဲရန် လိုအပ်ကြောင်းနှင့် နှစ်နိုင်ငံကြား   ဆက်သွယ်ရေး လမ်းကြောင်းများ   ဆက်လက်ဖွင့်လှစ်ထားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးမာ့မေးလီက တုံ့ပြန်ပြောကြားထားသည်။ သို့သော် တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏အဓိက အကျိုးစီးပွားနှင့်စပ်လျဉ်း၍ အလျှော့ပေးမည် မဟုတ်ဟု ပြောကြားထားပြီး အကယ်၍ နိုင်ငံတစ်နိုင်ငံက ရန်စလာမည်ဆိုပါက ယင်းနိုင်ငံအနေဖြင့်    တရုတ်ပြည်သူများ၏ ခိုင်မာသော တန်ပြန်တိုက်ခိုက်မှုနှင့်  ရင်ဆိုင်ရမည်ဟု ဗိုလ်ချုပ်ကြီးလီကျော့ချန်က ဆိုသည်။

လက်ရှိတွင် တရုတ်အစိုးရသည် အမေရိကန်က တရုတ်(တိုင်ပေ)နှင့် စစ်ရေးအရ ဆက်ဆံနေခြင်းကို ရပ်တန့်ရန် တောင်းဆိုထားပြီး တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်မှု ပျက်ပြားခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။ တရုတ်အစိုးရသည် တရုတ်(တိုင်ပေ) အား ၎င်းတို့ပိုင်နက်နယ်မြေ၏ တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ထားပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေပေါင်း စည်းရေးကို ပြတ်ပြတ်သားသား ကာကွယ်ရန် ဆုံးဖြတ်ထားသည်။

ထို့ကြောင့် တရုတ်အစိုးရက ၎င်းတို့၏ စစ်ရေယာဉ်များနှင့် စစ်လေယာဉ်များကို ထိုင်ဝမ်ရေလက်ကြား အတွင်းသို့ ယခင်ကထက် ပိုမိုစေလွှတ်နေခြင်းဖြစ်သည်။ အလားတူပင် အမေရိကန်အစိုးရကလည်း အဆိုပါ ရေလက်ကြားအတွင်းသို့ ရေတပ်သင်္ဘောများ စေလွှတ်နေခြင်းကြောင့်  တရုတ်နှင့် အမေရိကန်တို့ကြား ဆက်ဆံရေး တင်းမာလာခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)အနီးသို့  စစ်လေယာဉ်များ  စေလွှတ်ခြင်းအားဖြင့် အန္တရာယ်နှင့်နီးကပ်နေပြီး တရုတ်နိုင်ငံက တရုတ်(တိုင်ပေ)အား တိုက်ခိုက်ပါက အမေရိကန် အနေဖြင့် စစ်ရေးအရ တရုတ်(တိုင်ပေ)အား ကာကွယ်ပေးမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့သည့် မေလအတွင်းက ပြောကြားခဲ့ခြင်းကြောင့် တရုတ်နှင့် အမေရိကန်တို့ကြား ဆက်ဆံရေးတင်းမာမှုမှာ အမြင့်ဆုံးအဆင့်သို့    ရောက်ရှိသွားသည်ဟုလည်း ဆိုနိုင်သည်။

အမေရိကန်၏ အဆိုပါပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရသည် ယခင်ကထားရှိသည့် ကတိကဝတ်များကို ချိုးဖောက်နေပြီး  တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင်   ဝင်ရောက်စွက်ဖက်လျက် ရှိသည်ဟု တရုတ်အစိုးရက စွပ်စွဲခဲ့သည်။   ထို့ပြင်   တရုတ်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)၏ ခွဲထွက်မှုကို တားဆီးနိုင်ရေးအတွက်  တိုက်ခိုက်ရန် နှောင့်နှေးနေမည်မဟုတ်ဟု    ဆက်လက်ပြောဆိုထားသည်။

အမေရိကန်အစိုးရသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ်ပြုထားပြီး တရုတ်(တိုင်ပေ)နှင့် သံတမန်ဆက်ဆံရေးများ တည်ထောင်ထားခြင်း မရှိသော်လည်း  တရုတ်(တိုင်ပေ) ဆက်ဆံရေး အက်ဥပဒေအရ လက်နက်များ ရောင်းချပေးလျက်ရှိသည်။ ထိုသို့လက်နက်များ ရောင်းချပေးနေခြင်းကို တရုတ်အစိုးရက ကန့်ကွက်ထားပြီး အမေရိကန်၏ အဆိုပါ လုပ်ဆောင်ချက်သည် တရုတ်(တိုင်ပေ)အား ပြည်မကြီးမှ ခွဲထွက်နိုင်ရန် အားပေးအားမြှောက်ပြုနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

တစ်ချိန်တည်းမှာပင် တရုတ်နှင့်အမေရိကန်တို့သည်    အာရှ-ပစိဖိတ် ဒေသ၌ အင်အားလွှမ်းမိုးမှု   ချဲ့ထွင်ရာတွင်လည်း ပြိုင်ဆိုင်လျက်ရှိပြီး ယခင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က     နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သော    ကုန်သွယ်ရေးစစ်ပွဲကိုလည်း      အပြီးသတ် ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် အခြေအနေတွင် ရှိနေသေးသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့်အမေရိကန်နှင့် တရုတ်တို့ကြား ဆက်ဆံရေး တင်းမာမှု   မြင့်တက်လာခြင်းသည်   အာရှဒေသ၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လျက်ရှိသောကြောင့် ဒေသတစ်ခုလုံးအား   ပဋိပက္ခအတွင်းသို့ ကျရောက်ခြင်း မရှိစေရေးအတွက် သတိထား ဖြေရှင်းရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။ ထို့ပြင် အမေရိကန်နှင့် တရုတ်တို့ကြား ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းသည် ဒေသတွင်း၌  စစ်ရေးပဋိပက္ခဖြစ်ပွားမည့် အန္တရာယ်ကို     မြင့်တက်လာစေခဲ့သည်ဟု နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့ကြီးက   အစောပိုင်းတွင်   သတိပေးထားသည်။

အခြေအနေကို ပိုမိုဆိုးရွားလာစေသည့် အချက်မှာ    အင်အားကြီး နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုသည် တောင်တရုတ် ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားဒေသအား  ပို၍စစ်ပုံသွင်းလာခြင်း ဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း အဆိုပါအင်အားကြီးနှစ် နိုင်ငံကြား  တွေ့ဆုံဆွေးနွေးမှုများ   ပိုမို နည်းပါးလာခြင်းကြောင့်   မတော်တဆ ဖြစ်ပွားသည့် ထိပ်တိုက်ရင်ဆိုင်မှုများတွင်     တစ်နိုင်ငံ၏ သဘောထားကို   တခြားတစ် နိုင်ငံက မှားယွင်းစွာ ယူဆနေခြင်းပင်ဖြစ်သည်ဟု နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ကြီးက  ထုတ်ပြန်သည့် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

အထက်တွင်   ရေးသားဖော်ပြခဲ့သည့် အကြောင်းရင်းများကြောင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ၎င်းတို့ကြား ကွဲပြားမှုများကို လျှော့ချနိုင်ရေးအတွက် ကျွမ်းကျင်သူများက   ထောက်ပြထားသည့် အတိုင်းတွေ့ဆုံဆွေးနွေးပွဲများ    ပိုမိုကျင်းပရန် လိုအပ်လျက်ရှိကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။   ။

ဇေယျဘုန်း

Ref:ST, BBC