ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုသင်္ကန်း ဝါဆိုပန်း
ဝါဆိုလ
ဝါဆိုလသည် မြန်မာ့ဆယ့်နှစ်လတွင် စတုတ္ထမြောက်လဖြစ်၏။ နွေဥတုကုန်ဆုံးသောလ၊ နွေရာသီ၏အဆုံးအဖျားလပင်ဖြစ်၏။ ဝါဆိုဟူသောဝေါဟာရမှာ “ဝါ” သည် ပါဠိစကားလုံး “ဝါသ” မှ ဆင်းသက်လာ၏။ “နေခြင်း” ဟု အနက်ရ၏။ “ဆို”မှာ ရွတ်ဆိုခြင်းဖြစ်၏။ ထို့ကြောင့် ဝါဆို၏အနက်သည် “နေထိုင်ရွတ်ဆိုခြင်း”ဟူ၏။ ဗုဒ္ဓသာသနာဝန်ထမ်း ရဟန်းတော်များသည် ဝိနည်းတော်အတိုင်း ဝါတွင်းသုံးလပတ်လုံး တစ်ရပ်တစ်ပါးသို့ မသွားဘဲ တစ်ကျောင်းတစ်နေရာ၌ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြုကာ ဝါကပ်ကြသည်ကိုရည်ပြီး ဝါဆိုလခေါ်သည်ဆို၏။
ရှေးက ဝါဆိုလကို “မြွယ်တာလ” “နွယ်တာလ” “နွေတာလ”ဟူ၍ခေါ်၏။ ဤသို့ နွေနှင့်နွယ်သည် ဂိမှာန်နွေရာသီကိုခေါ်ဆို၏။ “တာ”မှာ အပိုင်းအခြား အကူးအပြောင်းဟု အနက်ရ၏။ ထို့ကြောင့် နွေမှမိုးသို့ ကူးပြောင်းသောလဟုဆိုလို၏။ ဝါဆိုလတွင် ရက်ပေါင်း ၃၀ ရှိ၏။ နာရီအားဖြင့် နေ့ ၃၆ နာရီရှိ၏။ ညဉ့် ၂၄ နာရီရှိ၏။ နေ့တာရှည်၏။ ညတာတိုသောလဖြစ်၏။ လဝါဆိုကို ရာသီအလို “ကရကဋ”ခေါ်ဆို၏။ ပုဗ္ဗာသဠာနက္ခတ်နှင့် စန်းယှဉ်ပြည့်ကာ ဗျိုင်းတာရာထွန်းပ၏။ တချို့က ဥတ္တရာသဠ်နက္ခတ်နှင့် စန်းယှဉ်ပြည့်သည်ယူ၏။ ရာသီရုပ်မှာ ပုစွန်လုံး ကဏန်းသတ္တဝါပုံဖြစ်သည်။
ဝါဆိုလ၏အဓိပ္ပာယ်
ဝါဆိုဟူသောဝေါဟာရသည် ကောဇာသက္ကရာဇ် ၁၆၀၁ ခုနှစ် ပုဂံပြည်အနော်ရထာ မင်းစောလက်ထက် ပရိယတ္တိသာသနာစာပေသည် သထုံမှတစ်ဆင့် ပုဂံပြည်သို့ ကျမ်းဂန်ရောက်၍ ရဟန်းသံဃာတို့ ဝါဆိုဝါကပ် ပြုတော်မူသောကြောင့် ဝါဆိုလဟုမြန်မာဘာသာ ၌ ခေါ်ဝေါ်ရေးသားကြသည်။ သံဃာတော်တို့ “ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ”ဟုရွတ်ဆို၍ မိမိ၏ကျောင်းတွင်း၌သာ သီတင်းသုံးနေထိုင်တော်မူကြသည်။ “နွယ်(မြွယ်)”ဟူသည် မြေကြီး၊ “တာ”ဟူသည် တာဝန်ဝတ္တရား မြေကြီးကိုထွန်ယက်ရန် တာဝန်ကျရောက်သော လဟုလည်းဆိုကြသည်။
ဓမ္မစကြာအခါတော်နေ့
ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ”ဆိုသည့်အတိုင်း ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ တည်တော်မူသောနေ့၊ သိဒ္ဓတ္ထမင်းသားဘဝတွင် နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရပြီး တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိပြီး ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူသောနေ့၊ တိတ္ထိသင်းကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့ဖြစ်ခြင်းကြောင့် ထူးမြတ်သောနေ့ဖြစ်၏။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ရဟန်းသံဃာများ၊ ပုရိမဝါကပ်ဆို တော်မူကြရ၏။ ထို့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်များက ဝါဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားကြ၏။ “ဝါဆိုလပြည့် စနေနေ့ဝယ် ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်။ တရားနတ်စည်ရွမ်းတယ်ကို” ဟူ၍ လယ်တီဆရာတော်ကြီးက ဖွဲ့ဆိုခဲ့၏။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းသည်”ဝဿံဝုဋ္ဌ ဝါဆိုသင်္ကန်း၊ သာမညဝဿာဝါသိက ဝါဆိုသင်္ကန်း၊ ဝိသေသဝဿာဝါသိက ဝါဆိုသင်္ကန်းဟူ၍ သုံးမျိုးရှိပေသည်။ ဝါမှထမြောက်ပြီးသော ရဟန်းတို့အား လှူဒါန်းသည့်”ဝဿံဝုဋ္ဌဝါဆိုသင်္ကန်းကို ဝါမကျိုး၊ ဝါမပြတ်သောရဟန်းသံဃာများ အလှူခံထိုက်၏။ သာမညအားဖြင့် လှူအပ်သော “သာမညဝဿာဝါသိက”ဝါဆိုသင်္ကန်းကို မိမိမှ လည်းကောင်း၊ ဒါယကာတို့မှလည်းကောင်း ဝါတွင်းသုံးလကာလပတ်လုံးဝါမကျိုး၊ ဝါမပြတ်သော ရဟန်းသံဃာတို့ယူခြင်း၊ ယူစေခြင်းငှာ လှူဒါန်းကြသည်၊ အလှူခံကြသည်။ ဝါကျိုး၊ ဝါပြတ်၊ လူထွက်လျှင်မူ အကျိုးအာနိသင်မရရှိနိုင်တော့ချေ။ ကျောင်းစသည်ကို သုတ်သင်စေခြင်းငှာ အထူးလျှောက်ထား၍ လှူဒါန်းအပ်သော သင်္ကန်းကို “ဝိသေသဝဿာဝါသိက”ဝါဆိုသင်္ကန်းဟု ခေါ်တွင်ပေသည်။ ဤသင်္ကန်းတို့သည် ဝါဆိုလပြည့်နေ့၌ လှူဒါန်းသော ဝါဆိုသင်္ကန်းများပင်ဖြစ်သည်။
ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ ဝါတွင်းကာလ၌ လှူဒါန်းသောသင်္ကန်းကို “အစ္စေကသဒိက”ဝါဆိုသင်္ကန်း (အရန်သင်္ကန်း)ဟု ခေါ်ဆိုပေသည်။ စစ်တိုက်ရန်သွားလိုသူ၊ အရပ်တစ်ပါးသို့ ခရီးသွားလိုသူ၊ နာမကျန်းဖြစ်သူ၊ ကိုယ်ဝန်ဆောင်သူ၊ သဒ္ဓါတရားအသစ်ဖြစ်ပေါ်သူ၊ ကြည်ညိုခြင်း အသစ်ဖြစ်ပေါ်သူတို့မှ ဝါတွင်းကာလ သီတင်းကျွတ်လပြည့်နေ့ထိ တိုင်အောင်လှူဒါန်းခြင်းရှိသော သင်္ကန်းကို “အစ္စေကဝါဆိုသင်္ကန်း”အချိန်ကာလအရ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းသော သင်္ကန်းဟုခေါ်ဆိုသည်။ ဝါတွင်းကြားကာလ၌ လှူဒါန်းသော “ဝိဿိကသာဋီကစီဝရ”ဟူသော ရေစိုခံသင်္ကန်း မည်သည်ကား “ဝိသာခါ”ကျောင်းအမကြီး အမည်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဝါမကျိုး၊ ဝါမပြတ်၊
ဝါမှထပြီး၊ ထဆဲ၊ ထလတ္တံအချိန်ကာလတွင် လှူဒါန်းကြသော သင်္ကန်းဖြစ်သည်။ ယခုခေတ်တွင် ဝါတွင်းကာလအချိန်အခါ၌ လှူဒါန်းမှုပြုကြသော သင်္ကန်းပင်ဖြစ်ပေသည်။
ဝါဆိုသင်္ကန်းလှူဒါန်း၍ ရရှိသောအကျိုးများ
၁။ ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။
၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။
၃။ ခပ်သိမ်းသောအရပ်တို့ကို ထွန်းလင်းတောက်ပသော ကိုယ်ရှိခြင်း။
၄။ ပူပန်ခြင်းကင်းသောကိုယ်ရှိခြင်း။
၅။ နူးညံ့သိမ်မွေ့သောကိုယ်ရှိခြင်း။
၆။ အလိုရှိသောအခါ တစ်ထောင်သောအဝတ်ပုဆိုးတို့ကို ရရှိခြင်း။
၇။ အဖြူ၊ အရွှေ၊ အနီ စသောအဆင်းရှိသော ပုဆိုးတို့ကို ရရှိခြင်း။
၈။ ခေါမတိုင်း ကောတုံပရာဇ်တိုင်းတို့တွင်ဖြစ်သော ပုဆိုးတို့ကိုရရှိခြင်း။
၉။ ပဒေသာပင်တွင်ဖြစ်သော ပုဆိုးတို့ကိုရရှိခြင်း။
၁၀။ အဆုံးဘဝတွင် ဧဟိဘိက္ခုရဟန္တာအဖြစ်ကို ရရှိခြင်း စသည့်ဆယ်ပါးသော အကျိုးထူးများကို ရရှိပေသည်။
ထို့ပြင် ဝါဆိုသင်္ကန်း၊ မိုးရေခံသင်္ကန်းလှူဒါန်းသော ကုသိုလ်ရှင်များ ရရှိသော အကျိုးများမှာ ရုပ်ရေအဆင်း လှပခြင်း၊ ကိုယ်သားကိုယ်ရေကောင်းမွန်ခြင်း၊ အဖိုးတန်အထည်ဆန်းများကို သုံးစွဲပိုင်ခွင့်ရှိခြင်း၊ တန်ခိုးဖြင့် ပြီးစီးရသော ဧဟိဘိက္ခုရဟန်း ဖြစ်နိုင်ခြင်း စသည်တို့ဖြစ်၏။ အကျိုးဆက်အနေဖြင့် ဖြစ်လေရာဘဝတို့တွင် ပစ္စည်းဥစ္စာများ ပေါကြွယ်ဝလျက် လိုအပ်သောပစ္စည်းကို အလိုရှိသောအချိန်တွင် မကြန့်ကြာဘဲ ရရှိနိုင်ခြင်း၊ ပညာရှာသောအရွယ်၊ စီးပွားရှာသောအရွယ်၊ တရားဘာဝနာနှင့် မွေ့ပျော်ရမည့်အရွယ် စသဖြင့်အရွယ်သုံးပါးလုံးတွင် သက်သက်သာသာ ပြည့်စုံနိုင်ခြင်း၊ ခန္ဓာသဘာဝအရ ကျန်းမာရေး ချို့ယွင်းမှုဖြစ်က သမားကောင်း ဆေးဝါးဓာတ်စာကအစ လွယ်လင့်တကူ ရနိုင်ခြင်းတို့ကို ရရှိနိုင်ပေသည်။
ဝါဆိုပန်း
ဝါဆိုလသည် မိုးဖြိုင်ဖြိုင် ရွာသောလဖြစ်၍ သစ်ပင်ပန်းပင်တို့သည်စိမ်းလန်းစိုပြည်၏။ အပွင့်လှိုင်လှိုင်ပွင့်ကြသော အခါသမယလည်းဖြစ်ပေသည်။ ဝါဆိုလတွင် ပွင့်သောပန်းများမှာ ပုန်းညက်ပန်း၊ မြတ်လေးပန်း၊ မုလေးပန်း၊ မိကျောင်းပန်းတို့ ဖြစ်ကြသည်။ သို့သော် ထိုပန်းများကိုပင် ဝါဆိုပန်းဟူ၍ ဆက်ကပ်ရမည်မဆိုလိုချေ။ မိုးရာသီတွင်ပွင့်လန်းသော တောပန်းများ အပါအဝင် မည်သည့်ပန်းကိုမဆို ဝါဆိုပန်းအဖြစ် ဆက်ကပ်လှူဒါန်း နိုင်ပေသည်။ ဝါတွင်းကာလ၌ ဥပုသ်သီတင်း ဆောက်တည်သောနေ့တိုင်း၌ ပန်းဆက်ကပ် လှူဒါန်းကြသည်ကို ဝါဆိုပန်းလှူသည်ဟု မဆိုလိုချေ။ ဝါဆိုပန်းကပ်လှူသည့် အချိန်အခါသည် ဝါဆိုလပြည့်နေ့၌ သံဃာတော်များ ဝါကပ်ချိန်လှူဒါန်းခြင်းကိုသာ ဆိုလိုပေသည်။
စာရေးသူတို့၏ ဇာတိကျေးလက်ဒေသတွင် ဝါဆိုလပြည့်နေ့နံနက်သို့ ရောက်ပြီဆိုလျှင် “ဝါဆိုပန်းခူး”ထွက်ကြသည်။ ချောင်းရိုးတစ်လျှောက်လှေကို လှော်ခတ်၍ အလေ့ကျပေါက်ရောက်နေသော ပန်းဟူသမျှကို ခူးဆွတ်ကြသည်။ ပန်းခူး မထွက်နိုင်ကြသူများကလည်း ဝယ်ယူကြသည်။ ကျား၊ မ၊ ပျို၊ အိုမရွေး ပျော်ပျော်ပါးပါးနှင့် ဝါဆိုပန်းခူးထွက်ကြခြင်းဖြစ်သည်။ တောဓလေ့ သဘာဝအရအများဆုံး ကပ်လှူကြသည်မှာ ကြာပန်းရောင်စုံများပင် ဖြစ်သည်။ ညနေစောင်းအချိန်တွင် ခူး၍ရလာသော ဝါဆိုပန်းများကို ရေစင်အောင်ဆေးကြပြီး တချို့ကိုအိမ်ရှိ ဘုရားကျောင်းဆောင်တွင် ကပ်လှူ၍ လိုရာဆုကိုတောင်းကြသည်။ တချို့ကို ပန်းစည်းကလေးများ စည်းနှောင်၍ ဝါဆိုမည့်အချိန်တွင် ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင်၊ ဝါဆိုသင်္ကန်းတို့ကို လင်ပန်းတွင်ထည့်ကာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ပို့ဆောင်ကပ်လှူကြသည်။
ဘုန်းကြီးကျောင်းရှိ ဆရာတော် သံဃာတော်များ ဝါဆိုဝါကပ်ချိန်တွင် ဝါဆိုသင်္ကန်းနှင့်တကွ ဝါဆိုပန်းကို လက်တွင်ကိုင်ဆောင်၍ ဘုရားရှင်ရှေ့တော်မှောက်၌ အဓိဋ္ဌာန်ပြု၍ ဝါဆိုဝါကပ်ကြပေသည်။ တပည့်ဒါယကာ၊ ဒါယိကာမများက ဝါကပ်ပြီးချိန်အထိ စောင့်ဆိုင်းနေကြရသည်။ ဆရာတော်များ ဝါကပ်ပြီးသည့်အခါ တစ်ဦးလျှင် ပန်းတစ်ခက်စီပြန်လည်စွန့်ကြဲ၍ မိမိအိမ်သို့ ယူဆောင်စေသည်။ သက်တော်ထင်ရှား မြတ်စွာဘုရားအား ရည်မှန်း၍ သစ္စာဓိဋ္ဌာန်ပြုထားသော ပန်းခက်ဖြစ်သောကြောင့် ကုသိုလ်အကျိုးများပြားခြင်း၊ မိမိအိမ်တွင် အန္တရာယ်ကင်းခြင်း၊ အေးချမ်းခြင်း၊ ဘုန်းကျက်သရေတိုးခြင်းဟူသော ယုံကြည်ချက်တို့ဖြင့် ထိုဝါဆိုပန်းခက်တို့ကို အမြတ်တနိုး တန်ဖိုးထား၍ သိမ်းဆည်းကြခြင်းပင်ဖြစ်သည်။
ကုသိုလ်တရားပွားများ၍ သာသနာတော်ကိုချီးမြှောက်ပါ
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် သီလ၊ ဒါန၊ ဘာဝနာပြုလုပ်ရာ၌ စိတ်အားထက်သန်ကြသူများ ဖြစ်သည်။များသောအားဖြင့် ကာလဒါနတွင် ပျော်မွေ့ကြသည်။ ကာလဒါနဟူသည်ကား လိုအပ်သည့်အချိန်တွင် အတတ်နိုင်ဆုံး အလှူဒါနပြုခြင်း၊ တစ်နှစ်ပတ်လုံး ရာသီအလိုက် အလှူဒါနပြုခြင်းကို ဆိုလိုပေသည်။ “ဝါဆိုသင်္ကန်း”ကပ်လှူခြင်းသည်လည်း ကာလဒါန တစ်မျိုးပင်ဖြစ်သည်။ အချိန်အခါ အခွင့်ကောင်းနှင့်ကြုံကြိုက်သည့် အချိန်တွင် ကာလဒါနပြုခြင်းသည် မွန်မြတ်ကောင်းမွန်သော အလှူဒါနဖြစ်သကဲ့သို့ ကုသိုလ်တရား၏ အကျိုးတရားကိုလည်း ပြန်လည်ခံစား ရရှိနိုင်ပေသည်။
ဝါဆိုလပြည့်မှသည် သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းကာလသည် ဘုရားတပည့် ရဟန်းသံဃာတော်များအတွက် အပြစ်ဆေးကြောသန့်စင်၍ ဝါဆိုဝါကပ်ကြသော အချိန်ကာလဖြစ်သည်။ ထိုသို့ဝါကပ်သော ရဟန်းသံဃာတော်များ လိုအပ်သမျှပြည့်စုံနိုင်ရန်အတွက် သူတော်ကောင်းအပေါင်းတို့မှ ဝါဆိုသင်္ကန်းသာမက ဆွမ်း၊ ကွမ်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆားစသည်ဖြင့် လှူဒါန်းကြရပေမည်။ သူတော်ကောင်း အပေါင်းတို့ကိုယ်တိုင်လည်း သီတင်းသီလ ဆောက်တည်၍ တရားဘာဝနာများ ပွားများအားထုတ်ကြရပေမည်။ လူတိုင်း
ကိုယ်စီတစ်ပါးသီလမျှပင် လုံခြုံအောင် ထိန်းသိမ်းနိုင်ပါက မြတ်စွာဘုရား၏ တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းဖြစ်၍ စိတ်နှလုံးချမ်းမြေ့ကြရမည်။ အေးချမ်းသာယာသော လူ့ဘောင်သစ်ဖြစ်လာပေလိမ့်မည်။ စာရေးသူအပါအဝင် မြန်မာပြည်သူပြည်သား အပေါင်းစိတ်နှလုံးချမ်းမြေ့၍ ကုသိုလ်တရားများဖြင့် ပျော်မွေ့နိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သ၍ ရေးသားလိုက်ရပေသည်။ ။
မေတ္တာမိုးနှင်း(ပဲခူး)