ကမ်းရိုးတန်းမြို့များကို ကမ္ဘာပျက်စေမယ့် နျူကလီးယားတော်ပီဒိုနဲ့ ကမ္ဘာ့အကြီးဆုံး ရေငုပ်သင်္ဘောကို ပိုင်ဆိုင်လာတဲ့ ရုရှားရေတပ်

ကမ်းရိုးတန်းမြို့များကို ကမ္ဘာပျက်စေမယ့် နျူကလီးယားတော်ပီဒိုနဲ့ ကမ္ဘာ့အကြီးဆုံး ရေငုပ်သင်္ဘောကို ပိုင်ဆိုင်လာတဲ့ ရုရှားရေတပ်

ကိုယ့်နိုင်ငံရဲ့ရေပိုင်နက်ကို ကာကွယ်ဖို့ပဲ ဖြစ်ဖြစ်၊ ဒေသတွင်းမှာ အင်အားကြီး ရေတပ်ဖွဲ့တစ်ခုကို ပိုင်ဆိုင်လိုလို့ပဲဖြစ်ဖြစ် ရေငုပ်သင်္ဘောကတော့ မပါမဖြစ်အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်း တစ်ခုဖြစ်တာ အမှန်ပါပဲ။

ရေငုပ်သင်္ဘောဆိုတာ ရေအောက်ကနေ သွားလာလှုပ်ရှားတဲ့အတွက် တော်ရုံတန်ရုံအားဖြင့် သူ့ရဲ့လှုပ်ရှားမှုကို ထောက်လှမ်းနိုင်ဖို့ရာ သိပ်မလွယ်ကူပါဘူး။

ဆိုနာလို့ခေါ်တဲ့ ရေအောက်လှိုင်းတုံ့ပြန်မှု ကိရိယာကို အသုံးပြုပြီးတော့မှသာ ရှာဖွေထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရေငုပ်သင်္ဘောရဲ့စက်သံ သို့မဟုတ် ပန်ကာဒလက်ရဲ့ ရေယက်သံက တိတ်ဆိတ်နေမယ်ဆိုရင်လည်း ထောက်လှမ်းရ ခက်စေပြန်ပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်လက်နက်တစ်မျိုးကို ပြပါဆိုရင် အဲဒါနျူကလီးယား လက်နက်ပဲဖြစ်ပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်မှာမှ စတင်သုံးစွဲလာတဲ့ နျူကလီးယားလက်နက်ဟာ အဲဒီအချိန်တုန်းကမြို့တစ်မြို့လောက်ကိုသာ ဒုက္ခရောက်သွားစေပေမယ့် ဒီကနေ့ခေတ် နျူကလီးယား လက်နက်များကတော့ အဆထောင်ပေါင်းများစွာပိုမို အစွမ်းထက်လာပါပြီ။

ဒါကြောင့်လည်း အင်အားကြီးနိုင်ငံများက သူတို့ရဲ့ စစ်လက်နက်စွမ်းရည်ကို မြှင့်တင်ရာမှာ နျူကလီးယား လက်နက်တွေနဲ့ တွဲဖက်အသုံးပြုနိုင်စေဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

ဒီတော့ တော်ရုံတန်ရုံထောက်လှမ်းဖို့ မလွယ်ကူတဲ့ ရေငုပ်သင်္ဘောကနေ နျူကလီးယား လက်နက်ကို ပစ်လွှတ်လိုက်နိုင်မယ် ဆိုရင်ဆိုတဲ့ အတွေးက အင်အားကြီးနိုင်ငံတိုင်းမှာ ရှိပါတယ်။ ဒါကြောင့်လည်း နျူကလီးယား တော်ပီဒိုတွေ ထွက်ပေါ်လာရတာပါ။

အထူးသဖြင့် စစ်အေးကာလမှာ အမေရိကန်နဲ့   ဆိုဗီယက်ပြည်ထောင်စုတို့က စစ်လက်နက်  အပြိုင်တပ်ဆင်မှုတွေလုပ် ဆောင်ကြတာကြောင့် ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်မယ့် နျူကလီးယားတော်ပီဒိုတွေကို အပြိုင်တီထွင်လာကြပါတယ်။

အမေရိကန်က Mark 45 လို့ခေါ်တဲ့ တော်ပီဒိုကိုတီထွင်ပြီး ဆိုဗီယက်ပြည်ထောင်စုကတော့ T5  လို့ခေါ်တဲ့ တော်ပီဒိုကို တီထွင်ခဲ့ကြတာပါ။ အဲဒီတော်ပီဒို နှစ်မျိုးစလုံးက နျူကလီးယား လက်နက်တွေဖြစ်ပါတယ်။

ဒီလက်နက်ကိုဦးစွာ တီထွင်နိုင်သူကတော့ အမေရိကန်မဟုတ်ပါဘူး။ ရုရှားပါ။ ၁၉၅၈ ခုနှစ်မှာ တီထွင် ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကတော့ ၁၉၆၃ ခုနှစ်ကျမှသာ Mark 45  နျူကလီးယား တော်ပီဒိုကို တီထွင်နိုင်ခဲ့တာပါ။   အဲဒီနောက်ပိုင်း အမေရိကန်အနေနဲ့ နောက်ထပ်နျူကလီးယား တော်ပီဒိုကို မတီထွင်ခဲ့တော့ပါဘူး။

၂၀၁၅ ခုနှစ်မှာတော့ ရုရှားက နျူကလီးယား တော်ပီဒိုအမျိုးအစား အသစ်တစ်မျိုးကို တီထွင်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။

တကယ်တမ်းကျတော့     အဲဒါက ကောလာဟလတစ်ခု မဟုတ်ပါဘူး။ အမှန်တကယ် လုပ်ဆောင်နေတဲ့  စီမံကိန်းကြီး တစ်ခုဖြစ်ပြီး ထွက်ပေါ်လာတဲ့ အချိန်မှာတော့ သူ့ကိုပိုဆိုင်ဒန်လို့ ခေါ်ပါတယ်။

ပိုဆိုင်ဒန်တော်ပီဒိုဟာ  သာမန်သူလိုငါလိုတော်ပီဒို အမျိုးအစားတော့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ Mark 45 နျူကလီးယား တော်ပီဒိုက ၈ မိုင်အတွင်းရှိပစ်မှတ်ကိုသာ ထိမှန်နိုင်ပေမယ့် ပိုဆိုင်ဒန်ကတော့ ရေအောက်တိုက်ချင်းပစ်  ဒုံးကျည်အမျိုးအစား ဖြစ်ပါတယ်။

သူ့ရဲ့ဖျက်ဆီးနိုင်စွမ်းက ကမ်းရိုးတန်းမြို့တွေကို  ကမ္ဘာပျက်သလိုဖြစ်သွားစေနိုင်ပါတယ်။ အမြင့်ပျံတိုက်ချင်းပစ် ဒုံးကျည်တွေနဲ့ နှိုင်းယှဉ်ရင် ပိုဆိုင်ဒန်ရဲ့အမြန်နှုန်းက နှေးပေမယ့်လည်း ဘယ်လိုအရာကမှ သူ့ကိုမရပ်တန့်နိုင်ဘူးလို့ Naval News သတင်းဌာနက ဖော်ပြထားပါတယ်။

အရှည် ၂၄ မီတာနဲ့ အရွယ်အစားအားဖြင့် ကျောင်းကားတစ်စီးစာ ပမာဏရှိတဲ့ ပိုဆိုင်ဒန်ရဲ့အမြန်နှုန်းက  ရေမိုင်  ၁၀၀ ဝန်းကျင်ခန့်ရှိပြီး ရေအောက်အနက် မီတာ ၁၀၀၀ (ပေ ၃၃၀၀) လောက်ကနေ ပစ်မှတ်ဆီသွားနိုင်ပါတယ်။

သူ့ကိုနျူကလီးယားစွမ်းအင် အသုံးပြုထားတာကြောင့် အကွာအဝေးကတော့ ကန့်သတ်ချက်မရှိပါဘူး။ လမ်းမှာတွေ့တဲ့ အတားအဆီးတွေကိုလည်း အလိုအလျောက် ရှောင်သွားနိုင်ပါသေးတယ်။

ဒါ့အပြင် ရေခဲပြင်တွေကို ကာဗာယူပြီး ပစ်လွှတ်လိုက်မယ်ဆိုရင် သူ့ကိုဘယ်သူကမှ သိနိုင်တော့မှာ မဟုတ်တဲ့အတွက် အလွန်အင်အားကြီးပြီး ကြောက်စရာကောင်းတဲ့ တော်ပီဒိုဖြစ်လာပါတယ်။

ဒါကြောင့် ရုရှားအနေနဲ့ ပိုဆိုင်ဒန်တော်ပီဒိုကို နည်းဗျူဟာအဆင့်ထက် ကျော်လွန်ပြီး မဟာဗျူဟာအဆင့်မှာပါ အသုံးပြုလာနိုင်တဲ့အတွက် လေယာဉ်တင် သင်္ဘောများက သူ့ရဲ့အနိမ့်ဆုံးအဆင့်  ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

ဒီလိုအင်အားကြီးမားလှတဲ့တော်ပီဒိုကို သာမန်ရေငုပ်သင်္ဘော တစ်စင်းက တင်ဆောင်ပစ်ခတ်ခြင်းငှာ စွမ်းသာနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဘဲဂိုးရော့လို့ခေါ်တဲ့ ကမ္ဘာ့အရှည်ဆုံးရေငုပ်သင်္ဘောကြီး ထွက်ပေါ်လာတာလားလို့ ထင်မှတ်စရာရှိပါတယ်။

ရုရှားနိုင်ငံက တည်ဆောက်ထားတဲ့ ဘဲဂိုးရော့ရေငုပ်သင်္ဘောကို မူလက Oscar-II အတန်းအစား ဘက်စုံသုံး ရေငုပ်သင်္ဘောအဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ဒီအတွက် ၁၉၉၂ ခုနှစ်မှာ သင်္ဘောကိုယ်ထည်ကို စတင်ပုံဖော်ခဲ့ပေမယ့်လည်း ၂၀၁၂ ခုနှစ် အရောက်မှာတော့ ကမ္ဘာ့အရှည်ဆုံး ရေငုပ်သင်္ဘောကြီးဖြစ်လာစေဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။

အနံ ၂၉ မီတာနဲ့ အလျား ၁၈၄ မီတာရှိတဲ့ အဲဒီရေငုပ်သင်္ဘောကြီးဟာ ဆိုဗီယက်ခေတ်ကနေ   ဘဲဂိုးရော့မပေါ်ခင်အထိ ကမ္ဘာ့အကြီးဆုံးဖြစ်ခဲ့တဲ့ ရုရှားနိုင်ငံထုတ် တိုင်ဖွန်းအတန်းအစား ရေငုပ်သင်္ဘောထက် များစွာကြီးမားပါတယ်။

ဘဲဂိုးရော့ရေငုပ် သင်္ဘောက ဘာစွမ်းအင်ကို  အသုံးပြုထားတယ် ဆိုတာကိုတော့ မပြောလည်း သိလောက်မယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ နျူကလီးယားစွမ်းအင်ကို အသုံးပြုထားတာပါ။  သူ့မှာ  လျှပ်စစ်ဓာတ်အား ၁၉၀ မဂ္ဂါဝပ်ထုတ်ပေးနိုင်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်လုံး ပါဝင်ပါတယ်။

ဘဲဂိုးရော့ရေငုပ်သင်္ဘောကြီးကို ၂၀၁၉ ခုနှစ် ဧပြီလမှာ ရေချခဲ့တာပါ။ ပင်လယ်ပြင် လက်တွေ့စမ်းသပ်  ခုတ်မောင်းမှုတွေကိုတော့ ပြီးခဲ့တဲ့နွေရာသီမှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဘဲဂိုးရော့ ရေငုပ်သင်္ဘောကြီးဟာ ဇူလိုင် ၈ ရက်မှာ ရုရှားရေတပ်ဆီကို လွှဲပြောင်းရောက်ရှိသွားပါပြီ။

အထက်မှာဖော်ပြခဲ့တဲ့ ပိုဆိုင်ဒန်နျူကလီးယား တော်ပီဒိုကို ဘဲဂိုးရော့ရေငုပ်သင်္ဘောကြီးရဲ့ ပင်မလက်နက်အဖြစ် တပ်ဆင်ထားပါတယ်။

အရေအတွက်အားဖြင့်    ပိုဆိုင်ဒန်တော်ပီဒိုခြောက်လုံး ပါဝင်မှာဖြစ်ပြီး  အဲဒီတော်ပီဒို တစ်လုံးစီက နျူကလီးယားပေါက် ကွဲမှု ၁၀၀ မီဂါတန်ရှိတဲ့ ထိပ်ဖူးတွေကို တင်ဆောင်နိုင်ပါတယ်။

ဘဲဂိုးရော့မှာပင်မလက်နက်အဖြစ် ပိုဆိုင်ဒန်တော်ပီဒိုတွေ တပ်ဆင်ထားပေမယ့်လည်း သူ့ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ ပင်လယ်ရေအောက် သုတေသနနဲ့ ရှာဖွေကယ်ဆယ်ရေးအတွက်   ပင်မရေယာဉ် တာဝန်ကိုထမ်းဆောင် နိုင်ဦးမှာပါ။

အဲဒီအတွက် သူ့မှာမောင်းသူပါနဲ့မောင်းသူမဲ့    ရေငုပ်သင်္ဘော အသေးစားအများအပြား ထည့်သွင်းထားပါတယ်။ အဲဒီ ရေငုပ်သင်္ဘောတွေထဲမှာ လူအင်အား အနည်းငယ်နဲ့ ရည်မှန်းချက်တာဝန်တွေကို ထမ်းဆောင်နိုင်စေမယ့် နျူကလီးယား စွမ်းအင်သုံး မစ်ဂတ်ရေငုပ်သင်္ဘော တစ်စင်းလည်း အပအဝင်ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ကမ္ဘာပေါ်မှာ စွမ်းဆောင်ရည် အကောင်းဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို  ကြားဖြတ်နိုင်ရေးအတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တီထွင်နေချိန်မှာ ရုရှားတို့က ရေအောက်ကနေ အမေရိကန်ကမ်းရိုးတန်း မြို့ကြီးတွေကိုချေမှုန်းနိုင်မယ့် လက်နက်စနစ်ကို စစ်ဆင်ရေးမှာစတင် အသုံးပြုလာပါပြီ။

ပိုဆိုင်ဒန်နျူကလီးယား တော်ပီဒိုဟာ ပင်လယ်ရေအောက်အနက် မီတာ ၁၀၀၀ ကနေ ပစ်မှတ်ဆီကိုသွားနိုင်မှာဖြစ်တာ ကြောင့် သူ့ကိုဘယ်သူမှ မတားဆီးနိုင်သေးတဲ့ အတွက် အခုအချိန်မှာ အမေရိကန်အနေနဲ့ ဒီစနစ်ကိုကြားဖြတ်နိုင်ဖို့ ခေါင်းခဲနေရတယ်လို့ ဆိုနိုင်ပါတယ်။

အခုဆိုရင်  ရုရှားရေတပ်ဟာ  ကမ္ဘာ့ရေငုပ်သင်္ဘော စစ်အင်အားမှာ တတိယနေရာကို ပိုင်ဆိုင်ထားပေမယ့်လည်း ဒုတိယနေရာရှိ အမေရိကန်ရဲ့   ရေငုပ်သင်္ဘောအင်အားထက် သာလွန်တဲ့တော်ပီဒိုနဲ့  ကမ္ဘာ့အကြီးဆုံး ရေငုပ်သင်္ဘောကို ပိုင်ဆိုင်လာပါပြီ။

ဒီအတွက်ကြောင့်  ရေငုပ်သင်္ဘော အရေအတွက်အရကြည့်ရင်  ရုရှားက အင်အားနည်းပါးနေပေမယ့် လက်နက်စွမ်း ပကားမှာတော့ ထိပ်တန်းကို ရောက်ရှိလာပြီလို့ ဆိုနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

Ref: Naval News, USNI News

ထက်မြတ်