SKY NET ရွှေအောင်လံလုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

SKY NET ရွှေအောင်လံလုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၀

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် SKY NETတို့ ပူးပေါင်း ကျင်းပသည့်  SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၏ ရွှေအောင်လံလုပွဲ အထူးစိန်ခေါ်ပွဲနှင့် ကီလိုတန်းအလိုက်ဗိုလ်လုပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ရွှေအောင်လံလုပွဲတွင် ၇၀-၇၁ ကီလိုတန်း၌  မင်းထက်အောင်(ရွှေသထုံ)နှင့် ကြယ်ကြီး(G3G)၊ ၆၇ ကီလိုတန်းတွင် စောမင်းမင်း(ရွှေသထုံ)နှင့် ကမ္ဘာရှား(AMT 2)၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် နက္ခမင်း(ဇွဲကပင်မြေ)နှင့် အဲမွီ(နဂါးမင်း)၊ ၆၀ ကီလိုတန်းတွင် ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့် စောဘဟိန်း (ဘိလပ်မြေစက်ရုံ)တို့  ယှဉ်ပြိုင်ထိုးသတ်ကြပြီး စိန်ခေါ်ပွဲနှစ်ပွဲတွင် မိုးမှောင်(ဘိလပ်မြေစက်ရုံ)နှင့် အောင်မင်းထွန်း (ဖလုံပညာ့တဝေါ့)၊ ထက်နိုင်အောင် (ရွှေသထုံ)နှင့် ယှူးခလိန်းအောင်(ဖလုံပညာ့တဝေါ့)တို့ ပါဝင်ထိုးသတ်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲ၏ အထူးလေးချီစိန်ခေါ်ပွဲတွင် ထက်နိုင်အောင်(ရွှေသထုံ)နှင့် ယှူးခလိန်းအောင်(ဖလုံပညာ့တဝေါ့)၊ မိုးမှောင်(ဘိလပ်မြေစက်ရုံ)နှင့် အောင်မင်းထွန်း (ဖလုံပညာ့တဝေါ့)တို့ ပြိုင်ပွဲများမှာ ပူးတွဲသရေကျခဲ့သည်။

ဆက်လက်၍ ရွှေအောင်လံပြိုင်ပွဲ၏ဗိုလ်လုပွဲစဉ် ၆၀ ကီလိုတန်း၌ ဟိန်းထွန်းအောင် (ရွှေသထုံ)နှင့် စောဘဟိန်း (ဘိလပ်မြေစက်ရုံ)တို့ပြိုင်ပွဲတွင် စောဘဟိန်းက အမှတ်ဖြင့်လည်းကောင်း၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် အဲမွီ(နဂါးမင်း)က နက္ခမင်း(ဇွဲကပင်မြေ)ကို အမှတ်ဖြင့် လည်းကောင်း၊ ၆၇ ကီလိုတန်းတွင် စောမင်းမင်း(ရွှေသထုံ)က ကမ္ဘာရှား (AMT 2)ကို အမှတ်ဖြင့် လည်းကောင်း၊ ၇၀-၇၁ ကီလိုတန်းတွင် စောမင်းအောင်(တောင်ကလေး)က ကြယ်ကြီး(G3G)ကို အလဲထိုးဖြင့် လည်းကောင်း  အသီးသီး အနိုင်ရရှိကြသည်။

ယှဉ်ပြိုင်မှုများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အထူးလေးချီစိန်ခေါ်ပွဲ ယှဉ်ပြိုင်ခဲ့ကြသည့် ထက်နိုင်အောင် (ရွှေသထုံ)နှင့် ယှူးခလိန်းအောင်(ဖလုံပညာ့တဝေါ့)၊   မိုးမှောင်(ဘိလပ်မြေစက်ရုံ)နှင့် အောင်မင်းထွန်း (ဖလုံပညာ့တဝေါ့)တို့အား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့်   တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဆုများ ချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် ၆၀ ကီလိုတန်း ဗိုလ်လုပြိုင်ပွဲတွင် ရွှေအောင်လံဆုရ စောဘဟိန်းအား တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက လည်းကောင်း၊   ၆၃ ဒသမ ၅ ကီလိုတန်းတွင် ရွှေအောင်လံဆုရ အဲမွီ (နဂါးမင်း)အား  ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးတင့်ဆန်းက လည်းကောင်း၊  ၆၇ ကီလိုတန်းတွင် ရွှေအောင်လံဆုရ စောမင်းမင်း(ရွှေသထုံ)အား တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကလည်းကောင်း ဆုဖလားနှင့်ငွေကျပ် ၁၅ သိန်းစီ ချီးမြှင့်ကြသည်။

ထို့နောက် ၇၀-၇၁ ကီလိုတန်းတွင် ရွှေအောင်လံဆုရ စောမင်းအောင်(တောင်ကလေး)အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဆုဖလားနှင့်ငွေကျပ် ၁၅ သိန်း ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်သို့     အလှူငွေကျပ် သိန်း ၁၀၀ ပေးအပ်ခဲ့ကြောင်း    သိရသည်။