လူသားနှင့်ကမ္ဘာ ကြာရှည်တည်တံ့ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်)

နှစ်စဉ်ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်ပေရာ ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “လူဦးရေ သန်း ၈၀၀၀ ရှိသော ကမ္ဘာမြေ-ခံနိုင်ရည်ရှိသောအနာဂတ်ဖြစ်တည်ဖို့ အားလုံးအတွက် အခွင့်အလမ်းများရယူလို့ ရပိုင်ခွင့်နှင့် ရွေးချယ် ပိုင်ခွင့်များပံ့ပိုးကြပါစို့”  "A World of 8 Billion: Towards a resilient future for all- Harnessing Opportunities and ensuring rights and choices for all" ဟူ၍ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်မှစတင်ကာ လူဦးရေဆိုင်ရာ ပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်နွှယ်မှုကို ပိုမိုသဘောပေါက်လာစေရန် ရည်ရွယ်လျက် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို  နိုင်ငံအသီးသီး တွင် ကျင်းပခဲ့ကြသည်။

ကမ္ဘာ့လူဦးရေများပြားလာခြင်းသည် ပတ်ဝန်းကျင်အကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်း၊ အလုပ်လက်မဲ့ အကျပ်အတည်းများ ဖြစ်ပေါ်စေလျက်ရှိသည်။ ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့်ကြုံတွေ့နေသဖြင့် အဆိုပါ အကျပ်အတည်း သုံးခုကို ပိုမိုဖြစ်ပွားစေလျက်ရှိသည်။ ထို့ပြင် လူဦးရေများပြားလာသည်နှင့်အမျှ မတရားမှုနှင့်ဥပဒေဆိုင်ရာပြစ်မှုများကို လက်ရဲဇက်ရဲ ပြုမူလာကြသည်။ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ဒုစရိုက်အမျိုးမျိုး ပေါ်ပေါက်လျက်ရှိသည်။ နိုင်ငံအများအပြားတွင် ဆင်းရဲသူက လွန်စွာဆင်းရဲနေပြီး ချမ်းသာသူက လွန်စွာချမ်းသာလျက်ရှိသည်။ ဆင်းရဲချမ်းသာကွာဟမှုသည် ဒုစရိုက်မှု ဖြစ်စေသော အကြောင်း အချက်များတွင်တစ်ခုပါဝင်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏တည်နေရာ အကျယ်အဝန်းလူဦးရေတို့သည် အချိုးအစားညီမျှသည်ဟု ဆိုနိုင်သည်။ စားနပ်ရိက္ခာ အတွက်လည်း လယ်ယာစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည့်အတွက် ဝမ်းစာဖူလုံမှုရှိသည်။ မြန်မာတို့အနေဖြင့် လူဦးရေနှင့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းမျှတမှုရှိနေသော်လည်း နိုင်ငံအချို့တွင် ရွက်ဖျင်တဲများ၊ သစ်ပင်ကြီးများ အောက်တွင်စုပေါင်း နေထိုင် နေကြရသည်။ စားနပ်ရိက္ခာ မလုံလောက်၍ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒုက္ခနှင့် ရင်ဆိုင်နေကြရသည်။

ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၁၇)ရပ်မှ ပန်းတိုင်(၁)သည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ နေရာဒေသအားလုံးတွင် ဆင်းရဲမှု အဆုံးသတ်စေရေး ပန်းတိုင်ဖြစ်သည်။ ဆင်းရဲမှုအဆုံးသတ်ရေးအတွက် လူဦးရေတိုးပွားမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ကြရမည်ဖြစ်သည်။ ကမ္ဘာ့လူဦးရေကို မထိန်းချုပ်နိုင်လျှင် ကမ္ဘာကြီးတွင် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ နေကြရမည်ဖြစ်သည်။ စားနပ်ရိက္ခာမလုံလောက်မှု၊ သန့်ရှင်းသောသောက်သုံးရေရှားပါးမှု၊ နေစရာရှားပါးလာမှုတို့သည် လူဦးရေ ထိန်းချုပ်မှုမရှိပါက ကြုံတွေ့ရမည့် ပြဿနာများ ဖြစ်သည်။ လူဦးရေထူထပ်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့်လည်း ရင်ဆိုင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးရာသီ၌ သစ်ပင်စိုက်ပျိုးခြင်းများ ပြုမူလုပ်ဆောင်နေသည်မှာ အလွန်ကောင်း မွန်သော လုပ်ရပ်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ ထိန်းချုပ်ခြင်းအတွက် အဓိကလုပ်ဆောင်ရမည်မှာ နိုင်ငံအသီးသီး၌ မိသားစုစီမံကိန်းများ မလွဲမသွေချမှတ် ကျင့်သုံးရန် လိုအပ်လာသည်။ မိသားစုစီမံကိန်းကို လူမျိုးဘာသာမရွေးနိုင်ငံတိုင်းက ကျင့်သုံးနိုင်မှသာ ကမ္ဘာပေါ်ရှိလူသားတိုင်း ဆင်းရဲမှု သံသရာမှလွတ်မြောက်မည်။ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာပြည့်ဝရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ မိသားစုစီမံကိန်းကို ပီပြင်စွာဖော်ဆောင်ခြင်းဖြင့် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပြီး အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ၏ လူမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်သည်။

နိုင်ငံတစ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုများ ဆင်းရဲမှုလျှော့ချရေးသည် တိုက်ရိုက်ဆက်နွှယ်လျက်ရှိသည်။ မိသားစုများ ဆင်းရဲမှုလျော့နည်းမှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်သည်ဟုဆိုနိုင်သည်။ ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားလာသည်နှင့်အတူ ထိုတိုးပွား လာသောလူသားတို့သည် လူ့လောကကြီးကို ကောင်းကျိုးပြုသူများဖြစ်သင့်သည်။ လောကကောင်းကျိုးပြုသူများ ပေါများမှသာ ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာနေမည်ဖြစ်သည်။ တိုးပွားလာသမျှလူသားတို့တွင် လောဘ၊ ဒေါသ၊ မောဟနည်းပါးပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားများ ကျင့်သုံးမှသာ ကမ္ဘာကြီးသည် အေးချမ်းနေမည်ဖြစ်သည်။ အနှစ်ချုပ်ရလျှင် တိုးပွားလာသောလူသားတိုင်း လောကကြီးကို ကောင်းကျိုးပြုနိုင်သူများဖြစ်ကြမှသာ ကမ္ဘာကြီးရေရှည်တည်တံ့ပြီး လူသားတို့ ချမ်းသာသုခနှင့် ပြည့်စုံမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။