နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇူလိုင် ၁၁
၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြား သည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဝင်များ၊ ဆပ် ကော်မတီဝင်များ၊ NGO များ ၊ သံတမန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့ လူဦးရေသန်း (၅,၀၀၀) ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေ နေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသား အားလုံးဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစိုက်မိလာစေရန် ရည်ရွယ်၍ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပ ခဲ့ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်၍ ယခုဆိုလျှင် (၃၃)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ထိုသို့ကျင်းပခြင်းသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် လုပ်ငန်း စဉ်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံပီပီ အလေးထား ပါဝင်ဆောင်ရွက်နေမှုကို ပေါ်လွင်စေကြောင်း။
ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်များကို ချမှတ် ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၂ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ “A world of 8 billion: Towards a resilient future for all - Harnessing opportunities and ensuring rights and choices for all” “လူဦးရေသန်း ၈၀၀၀ ရှိသော ကမ္ဘာမြေ- ခံနိုင်ရည် ရှိသော အနာဂတ် ဖြစ်တည်ဖို့ အားလုံးအတွက် အခွင့်အလမ်းများရယူလို့ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များ ပံ့ပိုးကြပါစို့” ဟူ၍ဖြစ်ကြောင်း၊ အဆိုပါဆောင်ပုဒ်မှ ပေးလိုသည့် အဓိကအချက်မှာ လူဦးရေ သန်း ၈၀၀၀ ခန့် ရှိသောကမ္ဘာမြေကြီးတွင် တွေ့ကြုံရင်ဆိုင်နေကြရသည့် လူဦးရေဆိုင်ရာ ပြဿနာများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လိုက်လျောညီထွေတုံ့ပြန်နိုင်သည့် ခံနိုင်ရည်စွမ်းရှိသော အနာဂတ်ကို ပိုင်ဆိုင်ကြရန် ဖြစ်ကြောင်း၊ ထိုသို့တုံ့ပြန်နိုင်ရန် ရရှိလာသည့် အခွင့်အလမ်းများကို မိမိရရ ဖမ်းဆုပ် ပြီး အကျိုးရှိရှိအသုံးချကြရမည်ဖြစ်သကဲ့သို့ လူသားအားလုံး၏ ရပိုင်ခွင့်နှင့် ရွေးချယ် ပိုင်ခွင့်များကိုလည်း အလေးထားကြရမည်ဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာ ပြဿနာအချို့ကို မီးမောင်း ထိုးပြလိုကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း (၇,၉၀၀) ကျော်ရှိရာမှ မကြာမီ ကာလတွင် သန်း(၈၀၀၀) ပြည့်တော့မည် ဖြစ်ကြောင်း၊ လူဦးရေ သန်း ၈၀၀၀ ပြည့်လာခြင်း သည် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် လူ့သက်တမ်း ပိုမိုရှည်လာခြင်း၊ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ကလေးသေဆုံးမှု လျော့ကျလာခြင်း စသဖြင့် ကမ္ဘာမြေကြီးအတွက်ရော လူသားတွေအတွက်ပါ အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း။
မကြာသေးမီကာလက တစ်ကမ္ဘာလုံး ရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါနှင့် နောက်ဆက်တွဲပြဿနာများကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အချိန်တို ကာလအတွင်း ကာ ကွယ်ဆေးများ စံချိန်တင်လောက်အောင် တီထွင်ထုတ်လုပ်လာနိုင်ခြင်းသည်လည်း ကမ္ဘာ့လူသားများ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ကို ပြသနေကြောင်း၊ အိမ်တွင်းအောင်းနေကြရသည့် အခက်အခဲများအကြားကပင် လုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးနည်းပညာဆန်းသစ် တီထွင်မှုများသည်လည်း အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းယူနိုင်ခဲ့ သည့် သာဓကများပင်ဖြစ်ကြောင်း၊ ထိုသို့တိုးတက်ဖြစ်ထွန်းမှုများသည် နိုင်ငံတိုင်း အတွက်၊ လူတိုင်းအတွက် တစ်ပြေးညီ ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲမညီမျှမှုများ ရှိနေဆဲ ဖြစ်သည်ဆိုသည်ကို ကိန်းဂဏန်း အချက်အလက် များကပြဆိုနေကြောင်း။
ထို့ပြင် ကမ္ဘာပေါ်၌ ကလေးမွေးဖွားစဉ် မိခင်အမျိုးသမီးများ သေဆုံးကြသည့် ဖြစ်စဉ်များရှိနေဆဲဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် မွေးကင်းစကလေးငယ် သေဆုံး နှုန်းသည်လည်း မြင့်မားနေဆဲဖြစ်ကြောင်း၊ ကျား/မ ရေးရာကွာဟမှုများလည်း နေရာ ကဏ္ဍအသီးသီးတွင် ရှိနေဆဲဖြစ်ပြီး ခေတ်မီဆက်သွယ်ရေးနည်းလမ်းများ အရှိန် အဟုန်ဖြင့် တိုးတက်နေသော်လည်း အလှမ်းကွာဝေးနေသူများစွာ ရှိနေဆဲဖြစ်ကြောင်း။
ကမ္ဘာ့လူဦးရေသည် အရှိန်အဟုန်ဖြင့် တိုးပွားနေသော်လည်း နိုင်ငံတိုင်းတွင် တစ်သမတ်တည်း ညီညီမျှမျှ တိုးပွားနေခြင်း မဟုတ်သည်ကို တွေ့ရကြောင်း၊ ကမ္ဘာ့ လူဦး ရေသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ထိ နှစ်စဉ်ပျမ်းမျှ၁ရာခိုင်နှုန်းဖြင့် တိုးပွားနေ သော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းတဲ့နိုင်ငံများတွင် လူဦးရေတိုးပွားနှုန်း တူညီမှုမရှိသည်ကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအပါအဝင် အာရှနိုင်ငံ အများစုတွင် လူဦးရေတိုးနှုန်း ၁ ရာခိုင်နှုန်းအောက်ရောက်ရှိနေပြီး အာဖရိကနိုင်ငံ အများစုတွင် လူဦးရေတိုးနှုန်း ၂ ရာခိုင် နှုန်းမှ အချို့နိုင်ငံများတွင် ၃ ရာခိုင်နှုန်း နှင့်အထက် တိုးပွားနေသေးသည်ကို တွေ့ရကြောင်း၊ လူဦးရေတိုးနှုန်း ကွာဟမှုနှင့်အတူ နိုင်ငံများ၏ ပျမ်းမျှသက်တမ်းနှင့် ကလေးမွေးဖွားနှုန်းများ အလွန်အမင်း ကွာဟနေတာကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ သာတူညီမျှမှု မရှိခြင်းနှင့်အတူ စိုးရိမ်စရာ စိန်ခေါ်မှုများ တည်ရှိနေဆဲဖြစ်ကြောင်း။
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် မွေးဖွားနှုန်းနိမ့်ကျမှု နှင့်အတူ လုပ်သား အင်အားရှားပါးလာပြီး သက်ကြီးရွယ်အိုများပြားလာသည့်အတွက် စိုးရိမ်ဖွယ်ဖြစ်နေ သကဲ့သို့ ဖွံ့ဖြိုးမှုနိမ့်ကျသည့်နိုင်ငံများ၌လည်း လျင်လျင်မြန်မြန် တိုးပွားလာသော လူဦးရေ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အပြင်းအထန်ကြိုးစား ရုန်းကန် နေကြကြောင်း။
စားနပ်ရိက္ခာမပြည့်စုံခြင်း၊ ရေရှားပါးပြတ်လတ်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများ ကြောင့်ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်ဆိုးများကို ခံစားနေကြရသည့် လူဦးရေသည် လည်း မည်သည့်အချိန်ကနှင့်မျှ မတူအောင် တိုးပွားလာနေကြောင်း၊ အထူးသဖြင့် ကမ္ဘာ တွင် လက်ရှိကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးဆိုးနှင့် နောက်ဆက်တွဲ ပြဿနာများ၏ ရိုက်ခတ်မှုဒဏ်ကိုလည်း ကမ္ဘာ့လူဦးရေအများစု ခံစားနေကြရ ကြောင်း။
လူဦးရေ လျင်မြန်စွာတိုးပွားလာခြင်းကြောင့် ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် အလယ်အလတ်အောက်သာ ဝင်ငွေရရှိကြသည့် နိုင်ငံများတွင်ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှု ပပျောက်ရေးလုပ်ငန်းများ၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့်အခြားမရှိမဖြစ်ဝန်ဆောင်မှုများစသည့် နိုင်ငံ့ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နေရသော စီမံကိန်းများကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် အခက်အခဲများစွာ ရင်ဆိုင်တွေ့ကြုံနေကြရခြင်းသည်လည်း လူဦးရေ တိုးပွားမှုနှုန်းမြင့်မားလာခြင်းအပေါ် ကုလသမဂ္ဂက ချမှတ်ထားသည့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးမှုပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရေး အခက်အခဲနှင့် အဟန့်အတားများထဲမှ တစ်ခုဖြစ်သည်ကို တွေ့ရကြောင်း။
လူဦးရေလျင်မြန်စွာတိုးပွားလာခြင်းသည် အမျိုးသမီးများကိုယ်ဝန်ဆောင်စဉ်နှင့် က လေးမွေးဖွားစဉ်တွေ့ကြုံရသည့် ကျန်းမာရေးပြဿနာများရှိနေခြင်း၊ မိသားစုစီမံကိန်း အားနည်းခြင်း၊ သားဆက်ခြားနှင့်မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှုများ လိုအပ်နေ ခြင်း၊ ကျား/မတန်းတူညီမျှမှု မရှိခြင်းတို့ကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဆင်းရဲသည့်နိုင်ငံအများစုတွင် နေထိုင်ကြသည့် လူဦးရေသန်းပေါင်း များစွာသည် မျိုးဆက်ပွားပညာရပ်များကို သိစေခြင်းငှာ သတင်းအချက်အလက် ရရှိမှုနှင့် လိုအပ်သည့်ဝန်ဆောင်မှုများ ရရှိမှုအားနည်းနေကြောင်း ကုလသမဂ္ဂက သုံးသပ်ထားသည်ကိုလေ့လာတွေ့ရှိရကြောင်း။
တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် အလုပ်လုပ်နိုင်သည့် လူဦးရေများပြားနေပြီး မှီခိုသူအရေအတွက် လျော့ကျလာခြင်းကြောင့် လူဦးရေ ဆုလာဘ် (Demographic Dividend) ရရှိနေသည့် နိုင်ငံများရှိသကဲ့သို့ တစ်ဖက်တွင် လူဦးရေတိုးပွားမှု နည်းလွန်းသည့်အတွက် သက်ကြီးရွယ်အိုလူဦးရေများပြားလာပြီး လုပ်သား အင်အားရှားပါးလာသည့် ပြဿနာများကို ရင်ဆိုင်နေကြရသည့် နိုင်ငံ များလည်းရှိနေကြောင်း၊ လူဦးရေနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများသည် မတူကွဲပြား သော ပြဿနာအမျိုးမျိုးကို ရင်ဆိုင်နေကြရကြောင်း။
ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရန် ကမ္ဘာတစ်ဝန်းရင်ဆိုင် တွေ့ကြုံ နေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် တစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မထားဘဲ အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ အဆိုပါပန်းတိုင်များထဲမှ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွယ် နေသည့် ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ကင်ညာ နိုင်ငံ၊ နိုင်ရိုဘီမြို့၌ ကျင်းပခဲ့သည့် (၂၅)နှစ်မြောက် လူဦးရေနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံမှ အဓိကဆောင်ရွက်ရမည့် ကဏ္ဍများအဖြစ် မျိုးဆက်ပွား ကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား/မ တန်းတူ ညီမျှမှု ရရှိရေးတို့ကို သတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏လူဦးရေပြောင်းလဲမှုဖြစ်စဉ်နှင့် (၂၅)နှစ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံကချမှတ်ခဲ့သည့် သဘောတူညီချက်များနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အနည်းငယ်ရှင်းလင်းပြောကြားလို ကြောင်း။
လက်ရှိမြန်မာနိုင်ငံတွင်လူဦးရေ (၅၅) သန်းကျော်ရှိပြီး အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် (၂)သန်းကျော် ပိုများသည်ကိုတွေ့ရကြောင်း၊ အမျိုးသမီးတစ်ဦး သည် ယေဘုယျအားဖြင့် ကလေး(၂)ယောက် နှုန်းခန့်သာ မွေးဖွားနေခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ ကလေးမွေးနှုန်းသည် မိဘနှစ်ပါးကို ပြန်လည်အစားထိုးသည့် Replacement level fertility သို့ရောက်ရှိနေပြီဟု ဆိုနိုင်ကြောင်း။
ယခင်ဆယ်စုနှစ်များက ကလေးမွေးနှုန်း မြင့်မားခဲ့ခြင်း၏ အကျိုးဆက်အဖြစ် လက်ရှိအချိန်တွင် အလုပ်လုပ်နိုင်သည့်လူငယ်လူရွယ်အင်အား များပြားနေခြင်းကြောင့် လူဦးရေဆုလာဘ်ရရှိနေချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏အင်အားကို ထိထိမိမိအသုံးချနိုင်ရန်၊ နယ်မြေဒေသ အလိုက် အကောင်အ ထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နိုင်သူ လူဦးရေကို ထည့်သွင်းစဉ်းစားရန်နှင့် ၎င်းတို့၏ပညာအရည် အချင်းနှင့် ကိုက်ညီမည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ် ကြောင်း သိရှိနား လည်သည်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီမံဆောင်ရွက် လျက်ရှိကြောင်း။
မိမိတို့နိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိချိန်သည် ၂၀၆၀ ပြည့်နှစ် ဝန်းကျင် အထိသာ ရရှိနိုင်မယ်ဟု ခန့်မှန်းထားခြင်းကြောင့် ရေတို/ ရေရှည် စီမံကိန်းများတွင် မှန်ကန်သည့် မူဝါဒများ၊ အစီအစဉ်များကို ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ၂၀၆၀ ပြည့်နှစ် နောက်ပိုင်းတွင် သက်ကြီးရွယ်အိုများပြားပြီး လုပ်သား အင်အားရှားပါးသည့် ပြဿနာကို ရင်ဆိုင်ကြရမည့် အခြေအနေရှိလာမည် ဖြစ်သည့် အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး စနစ်အားကောင်းလာစေရန် ကြိုတင်ပြင်ဆင် ထားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က စဉ်ဆက်မပြတ်လေ့လာသုံးသပ် ဆောင်ရွက် နေသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
မွေးဖွားနှုန်းကျဆင်းခြင်းသည် မြန်မာနိုင်ငံ၏ နေရာဒေသ အားလုံး၊ မတူညီသော အုပ်စုများ အားလုံးအတွင်း တစ်ပြေးညီ ကျဆင်းနေခြင်းမဟုတ်ဘဲ မညီမျှမှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ဒေသအချို့၊ အုပ်စုအချို့တွင် မွေးဖွားနှုန်းမြင့်မားခြင်းနှင့် အတူ မိခင် သေဆုံးနှုန်း၊ ကလေးသေဆုံးနှုန်းများ မြင့်မားနေဆဲဖြစ်ကြောင်း၊ သတင်း အချက်အလက်ရရှိမှု၊ လိုအပ်သည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု များရရှိမှု စသည်တို့တွင် မညီမျှမှုများ ဖြစ်ပေါ်နေ၍ဖြစ်ကြောင်း၊ ထိုသို့သော မညီမျှမှု များကို လျှော့ချနိုင်ရန် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ပေးပြီး၊ အမျိုးသမီးများ ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား/ မ တန်းတူညီမျှရေးတို့ကို အလေးထား လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
မျိုးဆက်ပွားကျန်းမာရေးသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ အမျိုးသားများ၊ လူငယ်များအားလုံး၏ အခွင့်အရေး၊ ကျန်းမာရေးတို့နှင့်လည်း သက်ဆိုင်နေကြောင်း၊ အလားတူ ရပ်ရွာပြည်သူလူထု တစ်ရပ်လုံးသာမက နိုင်ငံတော် နှင့်လည်း သက်ဆိုင်ပါကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးကို မြန်မာနိုင်ငံ တစ်ဝန်း မည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ကာကွယ် စောင့်ရှောက်ရာ ရောက်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများ မိမိဆန္ဒအလျောက် မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုများ အသုံးပြုခွင့်ရရှိနိုင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ ၏ ရေရှည်ဖွံဖြိုးတိုးတက်မှု လမ်းကြောင်းသို့ ရောက်ရှိစေရန် အကောင်းဆုံး ရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း။
၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူခဲ့သည့် လူဦးရေ နှင့်ကျန်းမာရေးစစ်တမ်းအရ အသက် ၁၅ နှစ်မှ ၄၉ နှစ် အထိ အိမ်ထောင်ရှင် အမျိုး သမီးများ၏ ၉၇ ရာခိုင်နှုန်းသည် ခေတ်မီသားဆက်ခြားခြင်း နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာဗဟုသုတရှိကြသော်လည်း အသုံးပြုနိုင်မှုသည် (၅၁)ရာခိုင်နှုန်း သာရှိနေသည်ကိုတွေ့ရကြောင်း၊ ခေတ်မီသားဆက်ခြားနည်းလမ်းများ အသုံးပြုလို သော်လည်း အသုံးပြုနိုင်ခြင်း မရှိသေးသည့် (Unmet Need for Family Planning) ရာခိုင်နှုန်းသည် (၁၆) ရာခိုင်နှုန်းရှိသည်ကို တွေ့ရပြီး ထိုသို့သော မိသားစုစီမံကိန်းနှင့် အလှမ်းဝေးသည့် ဒေသများတွင်ကလေးမွေးနှုန်း မြင့်မားသောဒေသများ ဖြစ်နေသည် ကိုတွေ့ရကြောင်း။
ထို့ကြောင့် မိသားစုစီမံကိန်း၊ သားဆက်ခြားနှင့် မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးရာတွင် ပိုမိုလိုအပ်သည့်ဒေသများ၊ အုပ်စုများနှင့် လိုအပ်သူ များအားလုံး လက်လှမ်းမီစေရန် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ညှိနှိုင်းပြီး ထိရောက်စွာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပတ်သက်၍ ၂၀၁၅-၂၀၁၆ ခုနှစ် လူဦးရေနှင့် ကျန်းမာရေး စစ်တမ်းအရ အိမ်ထောင်ရှင် အမျိုးသမီးများ၏ ၆၅ ရာခိုင်နှုန်းသည် တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ထောင်စုအတွက် လိုအပ်သောပစ္စည်းများဝယ်ယူမှုနှင့် မိဘဆွေမျိုးများထံ သွားရောက်လည်ပတ်နိုင်မှု စသည့် နယ်ပယ်(၃)ခုတွင် ကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ်နိုင်ကြောင်းတွေ့ရပြီး ထိုသို့ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အမျိုးသမီးများသည် လိုအပ်သည့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများ ပိုမိုခံယူနိုင်သည်ကိုလည်း တွေ့ရကြောင်း၊ အမျိုးသမီးများ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သည့် စွမ်းဆောင်ရည်မြင့်မားလာအောင် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
အမျိုးသမီးများ၏ အလုပ်လုပ်ကိုင်မှုနှင့်ပတ်သက်၍ ၂၀၁၉ ကြားဖြတ် လူဦးရေ သန်းခေါင် စာရင်းအရ အမျိုးသမီးဦးရေ(၁၀၀)တွင် (၅၂)ဦးခန့်သာ အလုပ်လုပ်နေခြင်း ဖြစ်၍ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများ၏ လုပ်အားကို အပြည့်အဝအသုံးမချနိုင်သေး သည်ကိုတွေ့ရကြောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင် ရည်မြှင့်တင်နိုင်ရန် အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး အခွင့်လမ်းများကို ဖန်တီးပေးကြရမည်ဖြစ်ကြောင်း။
အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ အမျိုးသမီးဦးရေ ၁၀၀ တွင် ၁၅ ဦးက အသက်(၁၅)နှစ်ကတည်းက ရုပ်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံနေကြောင်း၊ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ အိမ်ထောင် သည်အမျိုးသမီး ၅ ပုံ ၁ ပုံသည်လည်း အိမ်ထောင်ဖက်၏ အကြမ်းဖက် မှုကို တွေ့ကြုံခံ စားနေရသည်ကိုဖော်ပြထားကြောင်း၊ မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် ကျား/မတန်းတူညီမျှမှုရရှိရေး စသည့် ကဏ္ဍများတွင် ရှေ့ဆက်လုပ်ဆောင်စရာများစွာ ရှိနေသေးသည်ကို သုံးသပ် ရကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကိုဗစ်-၁၉ ကာလကြာရှည်စွာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အနေအထားများအပေါ် ရေရှည် အကျိုးသက်ရောက်နိုင်မှု များရှိလာနိုင်မည်ကို ကြိုတင်ခန့်မှန်း တွက်ချက်ထားပြီး ကိုဗစ်-၁၉ ကြောင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါသည်များနှင့် အမျိုးသမီးများ စသည့် ထိခိုက်လွယ်အုပ်စုများကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆက်လက်စီမံ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာလိုအပ်ချက်များ ပြတ်တောက်ခြင်းမရှိအောင် စီစဉ် ဆောင်ရွက်ထားရန်လိုအပ် သကဲ့သို့ အမျိုးသမီးများနှင့် ဆယ်ကျော်သက်များအတွက် မျိုးဆက် ပွားကျန်းမာ ရေးနှင့် အခွင့်အရေးဆိုင်ရာအသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်သွား ကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ခြင်းနှင့် မိခင်နှင့် ကလေး သေနှုန်း လျှော့ချခြင်း၊ အာဟာရချို့တဲ့မှုလျှော့ချခြင်းနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံ နိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို တိုးမြှင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
မိမိနိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိနေချိန်တွင် တိုးပွားလာသည့် လူငယ် လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရန် မြန်မာနိုင်ငံ အတွင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှု လျော့ပါးသက်သာလာချိန်တွင် ပြန်လည် ကုစားရေး အစီအစဉ်များကို ဆောင်ရွက်ပြီး ရရှိလာသည့် အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်နိုင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း၊ တစ်ဦးတစ်ယောက်ချင်း စီ၏ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များကို မထိပါးစေဘဲ ထိရောက်မှန်ကန်သည့် မူဝါဒ များနှင့် အစီအစဉ်များကို ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို လွတ်မြောက် အောင် နည်းလမ်းရှာဖွေရင်း အခွင့်အလမ်းများအဖြစ် ပြောင်းယူနိုင်ခဲ့သည်ကို တွေ့မြင် ကြရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၌လည်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုများကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း အခွင့်အလမ်းများအဖြစ် ပြောင်းလဲရယူပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေ ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာစေ ရေးစသည့် ကောင်းမွန်သည့် အနာဂတ် တည်ဆောက်နိုင်ရန် ဦးတည်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က မြန်မာနိုင်ငံ၌ လူဦးရေးဆုလာဘ်ရရှိနေမှုနှင့် မူဝါဒဆိုင်ရာ သုံးသပ် ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့နှင့်သက်ဆိုင်သည့် Animation Video Clip ကို ပြသသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။