နယုန်မိုးသေး မြက်သားမွေးခဲ့ပြီရကား ဝါဆိုလတွင် မြက်သစ်ပင်တို့ရှင်သန်လန်းဆန်းလာတော့သည်။ ဝါဆိုလသည် မိုးဦးလေဦးမဟုတ်တော့သဖြင့် ရံခါ ကျရောက်တတ်သော မိုးသက်မုန်တိုင်းတို့လည်းမရှိ။ နယုန်လကဲ့သို့ လေရူးလည်းမထန်။ ရေဦးလည်းမသန်တော့ပြီ။ ဝါဆိုလပြောင်းခဲ့ပြီမို့ မိကျောင်းဖွေးဖွေး မိုးအေးအေးပင်။ မိကျောင်းပန်းဖြူဖြူဖွေးဖွေးတို့ ပွင့်ကြရော့မည်။ မိုးတစိမ့်စိမ့်ရွာသဖြင့် ရာသီဥတုသည် အေးမြနေပြီဖြစ်သည်။ ထက်အာကာအဇဋာဝယ် အမှောင်ထုလွှမ်းနေပါပြီကော။ တိမ်တို့သည် ဆင်နှာမောင်းလိုလို၊ ဂဠုန်နဂါးပမာတိမ်သက်တံရောင်စုံဖြာခဲ့လေပြီ။ လျှပ်နွယ်လျှပ်ပန်းတို့သည်လည်း ဝင်းခနဲ လက်ခနဲပါပေ။
ဆယ့်နှစ်လရာသီတွင် ဝါဆိုလသည် နေ့တာအရှည်ဆုံးလဖြစ်သည်။ ပြာသိုလကား ညတာအရှည်ဆုံးလဟု သိမှတ်ကြသည်။ နေ့မှာဝါဆို၊ ညမှာပြာသို ဆိုရိုးရှိခဲ့သည့်အတိုင်း ဝါဆိုလသည် နေ့တာအရှည်ဆုံးလဖြစ်သည် ဟူ၍ ဆရာကြီးဒဂုန်နတ်ရှင်ကလည်း စာပေဝတ်ဆံတွင်ဖော်ပြထားသည်။ နေ့ဝါဆိုလပြာသို၏ သဘောကို နာရီနေ့ကို သုံးဆယ်ဆိုရှင်၊ စွန်းပိုခြောက်ခု၊ ကြွင်းစုနာရီ၊ ညဉ့်ဖိုစီသော်၊ မညီအရေး၊ နှစ်ဆယ့်လေးတည့် ဟူသောအဖွဲ့ကို စာဆိုဦးယာ၏ကရကဋ်ရာသီ၊ ဝါဆိုလဘွဲ့လူးတားတွင် တွေ့ရသည်။ ဝါဆိုလတွင် နေ့နာရီ ၃၆၊ ညနာရီ ၂၄ ရှိကြောင်း ဆိုလိုရင်းဖြစ်သည်။ ဝါဆိုလ၏ ယေဘုယျနေထွက်ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်၊ နေဝင်ချိန်သည် ညနေ ၇ နာရီ ၁၂ မိနစ်ဟုပြဆိုထားသဖြင့် ဝါဆိုလ၏နေ့တာသည် ၁၄ နာရီ ၂၄ မိနစ်ဖြစ်သည်။ တစ်ဆယ့်နှစ်ရာသီပတ်လုံး နေမင်းလှည့်လည်သော လမ်းကြောင်းကိုလိုက်၍ နေထွက်နေဝင်နှင့် နေ့တာညတာတို့သည် အတိုအရှည် ကွဲပြားခြားနားကြသည်ဟု မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်တွင်လည်း မှတ်ထိုက်နာယူဖွယ်တွေ့ရှိရသည်။
လယ်ယာမြေတို့ကို တိုင်းတာသောလဟု အဓိပ္ပာယ်ရသည့် ဝါဆိုလ၏ပုဂံခေတ်ရေးထုံးမှာ မ္လယ်တာ၊ မြွယ်တာ စသည်ဖြစ်၏။ ပုဂံခေတ်ဦးအရေးဖြစ်သည်။ နှောင်းပိုင်းတွင် နွယ်တာဟူ၍ လည်းကောင်း၊ နွေတာဟူ၍ လည်းကောင်းရေးလာကြသည်။ အရင်းခံစကားဖြစ်သော မ္လယ်တာမှ မ္လယ်သည် လယ်ယာမိုးမြေ၊ တာမှာ တိုင်းတာခြင်းဖြစ်၏။ ဝါဆိုလဟူသည် ရဟန်းသံဃာတော်တို့ မိမိ၏ကျောင်းအရာမ်အတွင်း၌ ဝါတွင်း သုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင်သီတင်းသုံးခြင်းကို ရည်စူး၍လည်း လောကုတ္တရာ နယ်ပယ်၌ ဝါဆိုလ၏ အဓိပ္ပာယ်ကို မှတ်ပိုက်နားလည်ကြသည်။
ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိဖြစ်သော ဝါတွင်းသုံးလတွင် သံဃာသည် မိမိ၏ ကျောင်းအရပ်မှ တစ်ပါးသောအရပ်သို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်ရသည်။ ဝါကပ်သောအခါ သံဃာသည် ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံဝဿံ ဥပေမိဟု ရွတ်ဆို၍ မိုးတွင်းသုံးလပတ်လုံး ဤကျောင်းအရာမ်၌ ကပ်ရောက် ခိုကိုးပါ၏ဟု အဓိဋ္ဌာန်ပြုရသည်။ ဤကဲ့သို့ ဝါကပ်ပါသည်ဟု ဆိုပြီးလျှင် မိုးတွင်းကာလပတ်လုံး ဤကျောင်းအရာမ် သံဃာတို့နှင့် ဆိုင်သော အကျင့်သီလသိက္ခာကို စောင့်ထိန်းကြရသည်ကို အကြောင်းပြု၍ ဝါဆိုလဟုခေါ်လေသည်။ ထိုလတွင် ရဟန်းတော်များ ကျောင်း၌ အစုံအလင်ရှိကြသောကြောင့် ဒါယကာ၊ ဒါယိကာမတို့သည် ပဉ္စင်းတော်ခံပွဲကို ကျင်းပကြလေသည်။
ရာသီပွဲတော်များအနက် ဘာသာရေးနှင့်ယှဉ်သော ပွဲတော်များမှာ ပိုမိုလေးနက်သော အနှစ်သာရကို ဆောင်သည်ဟု ယူဆပါသည်။ သင်္ကြန်တာကူး-တန်ခူး၊ နှစ်ဦးညောင်ရေ-ကဆုန်၊ စာပုလွေခင်း-နယုန်၊ ပဉ္စင်းတော်ခံ-ဝါဆို စသောရာသီပွဲများမှ ကဆုန်၊ နယုန်၊ ဝါဆိုလတို့၏ ရာသီပွဲမှာ ဘာသာရေး အလေးပေးပွဲတော်များဖြစ်သည်။ ဝါဆိုလ၏ ပဉ္စင်းတော်ခံပွဲကျင်းပပုံကို အင်ရုံရွာစားဝန်ကြီး သီရိဥဇနာ စီရင်သည့် လောကဗျူဟာ အင်ရုံစာတမ်းတွင် ဤသို့မှတ်တမ်းတင်ထားသည်။
ပဉ္စင်းလောင်း၊ ရှင်လောင်းတော်တို့ကို အမအစခန့်ထားသည့်အတိုင်း ပဉ္စင်းလောင်းများကို အသီးသီး အိမ်သို့ဆောင်ယူ၍ အိမ်တွင်ပွဲ သဘင်ခံကြသည်။ ဝါဆိုလဆန်း ၉ ရက်နေ့တွင်ဖြစ်စေ၊ တစ်ရက်နေ့တွင် ပဉ္စင်းလောင်းတော်၊ ရှင်လောင်းတော်တို့ကို တင့်တယ်အောင်ဆင်ယင်၍ မည်သည့်နေ့ရက် နံနက် ၄ ချက်တီးကျော် ၁ မောင်း ၂ မောင်းကို ရွှေစည်းခုံဘုရားသို့ရောက်စေ၊လွှတ်တော်က စာချွန်တော်ပေးအပ်၍ ပဉ္စင်းလောင်း၊ ရှင်လောင်းတို့ကို တိုက်တော်ကရွှေရေးပေါင်းကို ဆင်ရသည် စသည်ဖြင့် ပဉ္စင်းလောင်း၊ ရှင်လောင်းများကို ရွှေစည်းခုံသို့ဆောင်ယူ၍ သဘင်ခံခြင်း ခေါင်းစဉ်ငယ်အောက်တွင် ရှေးခေတ် ပဉ္စင်းတော်ခံပွဲအကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရွှေစည်းခုံမှ အတွင်းတော်သို့ ဆောင်ယူ၍ပြရခြင်း၊ နန်းတော်ရောက်အစဉ်၊ ရေစက်သွန်းခြင်း၊ ရွှေစည်းခုံသို့ပြန်ခြင်း၊ ပဉ္စင်းခံရှင်ပြုအစဉ်၊ ပဉ္စင်းနှင့်ရှင်တို့ကို ဆွမ်းဖိတ်ကျွေးခြင်း၊ ဝါဆိုလလက်ဆောင် ဆက်အစဉ် စသော ခေါင်းစဉ်ခွဲများဖြင့်လည်း ဝါဆိုလ ပဉ္စင်းခံပွဲနှင့် နန်းဓလေ့အချို့ကို လေ့လာဖတ်ရှုနိုင် ပါသေးသည်။ ရှေးခေတ်က ဘုရင်မင်းမြတ်တို့သည် ဝါဝင်အမိန့်တော်ကို ထုတ်ပြန်သောဓလေ့ရှိသည်။
ဝါဆိုလဆန်း ၅ ရက်နေ့ကို ဝါဝင်အမိန့်တော်ဖတ်မြဲအစဉ်ဖတ်စေရမည်အကြောင်းနှင့် ဝန်တို့က သံတော်ဦးတင်၍ ဝါဝင်အမိန့်တော်ကိုဖတ်ရသည်။ စာဖတ်သွားရာမှာ ရှေ့များကစမြောင်၊ သည်နောက်အတွင်းမောင်း လေးလုံး၊ သည်နောက်တံခါးဆွဲစည်ကြီး၊ သည်နောက် စီးတော်ဆင် တစ်စီးကိုရဲကတင်၍ အမိန့်တော်စာဖတ်မည့်သူ ဝတ်ကောင်း နားတောင်းနှင့် ယွန်းပေါင်ပုရပိုက်ကိုကိုင်၍ ရဲကတွင် စီးရသည် စသည်ဖြစ်၏။
ဝါဆိုလကို ကရကဋ်ရာသီဟု ရာသီအမည်ထင်ရှား၏။ ဖုသျှနက္ခတ်သည် ကရကဋ်ရာသီတွင်ရှိသည်။ နေမင်းသည် ထိုကရကဋ်ရာသီသို့ ဝါဆိုလတွင်ရောက်ရှိသည်။ ထို့ကြောင့် ဝါဆိုလကို နေရောက်ရှိရာ ရာသီအမည်အားဖြင့် ကရကဋ်ရာသီဟုခေါ်ဆိုသည်။ ရာသီရုပ်ပုံမှာ ပုစွန်လုံး၊ ကဏန်းဖြစ်၏။
ရာသီပန်းမှာ ပုန်းညက်ကယ်ခိုင်ပင်မင်းဟု တင်စားလေ့ရှိသော ပုန်းညက်ပန်းဖြစ်၏။ မာလာပုန်းညက်ပွင့် မှန်ကူငယ် ပုန်းညက်မာလာငုံဝိုင်းကာနှင့် စသည်အမျိုးမျိုး အမွှမ်းတင်စာဖွဲ့သော ပုန်းညက်ပန်းသည် အခိုင်လိုက်ပွင့်၏။ အဖြူရောင်အဆင်းဖြင့် ရနံ့သင်း၏။ အမြင့်ပေ ရှစ်ဆယ်၊ လုံးပတ်ဆယ်ပေအထိ ကြီးမားသော ပင်ဖြောင့်မျိုးဟု မှတ်သားရသည်။ ဖယောင်းကဲ့သို့လည်း ညက်ညောသည်ဟုဆိုကြသည်။
ပုန်းညက်၏ ပါဠိအမည်မှာ ပုန္ဒာဂ၊ ကံ့ကော်၏ပါဠိ အမည်မှာ နှာဂဖြစ်သည်။ ထို့ကြောင့် ကံ့ကော်နှင့် ပုန်းညက် အမျိုးနီးစပ်သည်ဟု ယူဆကြ၏။ တနင်္သာရီတောင်ပိုင်း မြိတ်နယ်တွင် ပင်လယ်ကမ်းတစ်လျှောက် ပုန်းညက်ပေါက်ရောက်သည်ဟုလည်း မှတ်သားရသည်။
ဝါဆိုဝါခေါင်ရေဖောင်ဖောင် ဆိုစကားနှင့်အညီ မိုးများသောဝါဆိုလတွင် ရေကြီးရေလျှံတတ်သည်မှာ မြစ်နားချောင်းနားနေသူတို့ နှစ်စဉ်ရင်ဆိုင်နေရသော လောကဓံပါပေ။ ပရဟိတ အသင်းအဖွဲ့များကလည်း နှစ်စဉ်ရေဘေးသင့်သူတို့အတွက် ကူညီစောင့်ရှောက်အားပေးစမြဲ။ အလှူရှင်တို့ကလည်း အလှူရေစက် လက်နှင့်မကွာ ဒါနအမှုပြုလုပ်စမြဲပါပေ။ ဝါဆိုလသို့ ရောက်ပြန်လေလျှင် မိကျောင်းပန်းဖြူဖြူ ဖွေးဖွေးတို့ကိုလည်း ရှုမြင်ရမည် မုချဖြစ်သည်။ ဝါဆိုမိုးသည် ပိုမိုစိပ်လာပြန်သည်။ ပီပြင်လာသောမိုးကြောင့် ရာသီအားဖြင့် အေးလာပါသည်။ ဤအခြင်းအရာတို့ကြောင့် ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး မိုးအေးအေး ဟု
လူသိများသောဆိုရိုးထွက်ပေါ်လာသည်။ ထို့ပြင် ထန်းသီးအုန်းအုန်း ဖားအုန်းအုန်း လည်းရှိသေးသည်တမုံ့။ ဖားများဆူညံစွာအော်မြည်ကြသည့် ဝါဆိုဝါခေါင်လများတွင် ထန်းသီးမှည့်များ တအုန်းအုန်း ကြွေကျပုံကို ပြောလိုရင်းဖြစ်သည်။
ဝါဆိုဝါခေါင်လများ၌ မိုးမျှော်ကြသည့်ဖားများတအုန်းအုန်းအော်မြည်သံများနှင့်အတူ ထန်းသီးများ ကြွေကျသည့် အသံကိုကြားရလျှင် ထန်းသီးအုန်းအုန်း ဖားအုန်းအုန်းဟု ထန်းလုပ်သားတို့ ပြောစမှတ်ပြုခြင်း ဖြစ်လေသည်ဟု စာရေးသူတက္ကသိုလ်စိန်တင်က ထန်း အမည်ရှိ စာအုပ်တွင် ဗဟုသုတအလို့ငှာ မျှဝေထားသည်။
ဘုရားကျောင်းကန်များတွင် ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းတို့ အလျှံပယ်ကုသိုလ်ပြုနေသော ဝါဆိုလတွင် တောင်ယာလုပ်သူတို့မှာ မိုးအမီထွန်ရေးချီတော့သည်။ ယမထာရွှေကြိမ်လုံးနှင့် ထွန်တုံးကို ခြေတော်တင်ကာ နွားကြန်စုံကို ခရီးနှင်လေပြီ။ ကောက်ကြီးမျိုးကြဲသောတောင်သူတို့၏ဘဝဓလေ့ကို မဃဒေဝ လင်္ကာကြီးတွင် ဤသို့ ဤနှယ်ဖွဲ့ဆို၏။ ဇူလိုင်လ ၁၅၊ ၁၆ ရက်ခန့်၊ နံနက်အရုဏ်တက်ချိန်တွင် ဖျောက်ဆိပ်ကြယ်သည် အရှေ့ပွန်းလတ်ကျော်ခန့်၌ ရှိ၏။ ထိုရက်ပိုင်းတွင် ကောက်ကြီးမျိုးကြဲရာ၏ဟု ဆယ့်နှစ်လရာသီပြ ကြယ်တာရာပုံများစာအုပ်တွင် ဖော်ပြပြီး ဆက်လက်၍ မဂ္ဃဒေဝလင်္ကာကြီးတွင် ကြတ္တိကာကြယ်၊ ကြက်သူငယ်တို့၊ မိုးလယ်အချက်၊ အရုဏ်တက်၌၊ ထိန်လက်ရိုးရဲ၊ မွန်းမလွဲမီ၊ မျိုးကြဲကောက်ကြီးဟု စပ်ဆိုတော်မူကြောင်း တွေ့ရှိရသည်။
ဗုဒ္ဓ၏အဆုံးအမ၌တည်ကာ ရတနာသုံးပါးနှင့် မကင်းကွာသည့်မြန်မာလူမျိုးများသည် ဝါဆိုလကို အထွတ်အမြတ် ထားကြသည်။ ဝါဆိုလသည် ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓဝင်များ၌ အဓိကကျသောကြောင့် ဖြစ်သည်။ မြတ်စွာဘုရား အလောင်းတော်သည် မယ်တော်၏ ဝမ်းကြာတိုက်၌ ဝါဆိုလပြည့် ကြာသပတေးနေ့တွင် သန္ဓေယူတော်မူခဲ့သည်။ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည် ဟု လယ်တီဆရာတော် ဘုရားက ဖွဲ့ဆိုခဲ့သည်။ သိဒ္ဓတ္ထမင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်းတည်းဟူသော နိမိတ်ကြီး လေးပါးကို မြင်တော်မူ၍ သံဝေဂရတော်မူကာ ရွှေအိမ်ရွှေနန်း ရွှေကြငှန်းနှင့် အိမ်ရှေ့ မိဖုရားယသော်ဓရာ နှင့်တကွ ချစ်သားရာဟုလာကို စွန့်ပစ်ကာ တောထွက်တော်မူသည်မှာလည်း ဝါဆိုလပြည့် နေ့ပင်တည်း။
အလောင်းတော်သည် တောရပ်မှီကာ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာကျင့်တော်မူခဲ့ရသည်။ ဗောဓိညောင်ပင် ရွှေပလ္လင်၌ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် မိဂဒါဝုန်တော အတွင်း၌ ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာကို ဟောကြားတော်မူသည်မှာလည်း ဝါဆိုလပြည့်နေ့ပင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် ရှေးသူဟောင်းတို့က သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်ခါကို လဝါဆို ဟူ၍ ဆိုစမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။
တစ်နည်းမှတ်ရန်မှာလည်း သန္ဓေတောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ။ ဝါဆိုလပြည့်၊ ထူးခြားနေ့၊ အောက်မေ့ဤလေးဖြာ ဟူသောဆိုထုံးဖြစ်သည်။
ဓမ္မစကြာတရားတော်တွင် အယုတ်တရားအစွန်းနှစ်ပါးကို မမှီဝဲဘဲ ရှောင်ရှားရာ၏။ ကိလေသာကာမနှင့် စပ်ယှဉ်သောချမ်းသာကို အဖန်တလဲလဲ ခံစားခြင်းဟု ဆိုအပ်သော အစွန်းတစ်ပါးနှင့် မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲဖြစ်စေတတ်သော အစွန်းတစ်ပါးသို့ဖြစ်သည်။ သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကိုပြုတတ်သော၊ သစ္စာလေးပါးသိခြင်းကို ပြုတတ်သော ကာမသုခလ္လိကာနုယောဂသဿတဒိဋ္ဌိ ဟူသော တစ်ခုသော အစွန်းအတ္တကိလမထာနုယောဂဥစ္ဆေဒဒိဋ္ဌိ ဟူသော တစ်ခုသော အစွန်း၏အလယ်၌ ဖြစ်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်လိုသူတို့ ကျင့်အပ်သော အကျင့်သည် နိဗ္ဗာန်အကျိုးငှာ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ နိဗ္ဗာန်အကျိုးငှာဖြစ်၏ဟု ဒွေမေဘိက္ခဝေမှ နိဗ္ဗာနယသံဝတ္တတိတွင် ဟောကြားထား၏။ အလယ်အလတ်အကျင့်တရားဖြင့်သာ နိဗ္ဗာန်ကို ရည်မှန်းကျင့်ကြံအပ်ကြောင်း မိဂဒါဝုန်တော၌မြတ်စွာဘုရားက ပဉ္စဝဂ္ဂီရဟန်းတို့ကို ဟောကြားထားသော ဓမ္မစကြာတရားတော်သည် ဝါဆိုလ၏ မကိုဋ်ဥသျှောင်ဖြစ်တော့သည်။
ဆယ့်နှစ်လရာသီပွဲများတွင် ဘာသာရေးနှင့်ယှဉ်သော ပွဲတော်များက အလေးသာပါသည်။ ဝါဆိုလကား ဘုရားသာသနာတော်ကို ထူထောင်၍ သာသနာတော်၏ အထောက်အပံ့ဖြစ်သော သံဃာအဖွဲ့အစည်းကို ကျစ်လျစ်ခိုင်မာစေရန် ပြုစုသော သဘောရှိခြင်းကြောင့် သာသနာပြုလုပ်ငန်းနှင့်ယှဉ်၍ စဉ်းစားလျှင် အထွတ်အမြတ်ပြုရာ လမြတ်ဖြစ်၍ပုန်းညက်လည်းသင်း ပဉ္စင်းခံပွဲလည်း ကျင်းပသည့် လဝါဆို အခါတွင်းတွင် သီလကုသိုလ် ဘာဝနာကုသိုလ်များဖြင့် ထုံမွမ်းရမည် ဖြစ်ပေတော့သည်။ ။
ဘယ်လရီစန်းရီ