တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလွန်းလှတဲ့ ပတ္တမြားကြီးကို တပ်မတော်မှ နိုင်ငံတော်သို့ပေးအပ်လှူဒါန်းတဲ့သတင်းဟာ ရဟန်းရှင်လူတိုင်းသူ ပြည်သားအပေါင်းတို့ စိတ်ဝင်စားသော သတင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အဲဒီပတ္တမြားကြီးဟာ မိုးကုတ်ဒေသမှထွက်ရှိခြင်းဖြစ်ပြီး အလေးချိန်အားဖြင့် ၂၇၈၉ ဒသမ၂၅ ကာရက်ရှိတယ်လို့ သိရပါတယ်။ ပတ္တမြားဆိုတာမြန်မာတို့ရဲ့ နဝရတ်ကိုးသွယ်မှာ တစ်ခုပါဝင်တဲ့အတွက် စာရေးသူလည်း လွန်စွာစိတ်ဝင်စားမိပါတယ်။ မိုးကုတ်ဒေသမှထွက်ရှိတဲ့ ပတ္တမြားတွေကို ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက တော်ဝင်နန်းသုံးရတနာအဖြစ် အသုံးပြုခဲ့ကြပါတယ်။
ပတ္တမြားနဲ့ပတ်သက်လို့ ဘီစီ ၆၀၀ မှ ၅၀၀ အတွင်းမှာ လူသားတွေစတင်သုံးစွဲလာကြောင်း မှတ်တမ်း အထောက်အထားတွေအရ သိရှိရပါတယ်။ ရှေးဟောင်းအယူအဆတွေမှာတော့ ပတ္တမြားပိုင်ဆိုင် တဲ့သူဟာ ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းမှု ရစေပြီး အများချစ်ခင်လေးစားခြင်းခံရပါတယ်။ ရန်သူမျိုးငါးပါး နှောင့်ယှက်ဖျက်ဆီးခြင်းကို ကာကွယ်ပေးတယ်လို့ အယူရှိခဲ့ပါတယ်။ ရှေးရှေးက ကျွန်တော်တို့ရဲ့ဘိုးဘေးဘီဘင် မြန်မာကြီးတွေဟာ ပတ္တမြားကို အဆောင်လက်ဖွဲ့သဖွယ်ဆောင်ထားကြပြီး အဲလိုဆောင်ထားနိုင်တဲ့သူဟာ အနာရောဂါကင်းစင်ခြင်း၊ တုတ်၊ ဓားအန္တရာယ်ကင်းစေခြင်းစတဲ့ ကောင်းကျိုးတွေ ရရှိတယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ ရေမြေတောတောင်သဘာဝရှုခင်းများ လွန်စွာလှပတဲ့နိုင်ငံ ဖြစ်သလို မြေပေါ်မြေအောက်သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ လောကီရတနာများပေါကြွယ်၀ သလို လောကုတ္တရာရတနာများလည်းရှိသည့်နိုင်ငံဖြစ်ပေရာ တည်ငြိမ်အေးချမ်း၍ သာယာချမ်းမြေ့ဖွယ် ကောင်းလှသော နိုင်ငံလို့ဆိုနိုင်ပါတယ်။ လောကုတ္တရာရတနာဆိုတာက တန်ဖိုးမဖြတ်နိုင်သော ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်ကိုးကွယ်မှု အများဆုံးနိုင်ငံဖြစ်လို့ ဘာသာတရားအဆုံးအမနှင့်အတူ အလှူဒါနပေးလှူခြင်းကိုလည်း မြတ်မြတ်နိုးနိုး ရှိလှပါတယ်။
တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးလှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင် ၇ ရက်မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့တဲ့သတင်းမှာ နိုင်ငံတော်အတွက် အလွန်ကောင်းမွန်သောသတင်းကောင်းတစ်ခုဖြစ်ပါတယ်။ သတင်းကောင်းလို့ဆိုလိုက်တာက မြန်မာနိုင်ငံတော်သည် ရတနာမျိုးစုံကြွယ်ဝတဲ့နိုင်ငံဖြစ်လို့ ရတနာရှိရာ ရတနာရောက်လာတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်မှာ ကမ္ဘာမှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားဆင်း တုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမယ့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပူဇော်
နေတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒါ့အပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။ ထို့အတူလမ်းမှားကိုရောက်သွားတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေကို လမ်းမှန်ရောက်အောင် ပြန်လည်နွေးထွေးပျူငှာစွာ ခေါ်ယူနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်နေတဲ့ မိဘတွေရဲ့ မျက်ရည်တွေကို သုတ်ပေးနေခြင်းလည်း ဖြစ်ပါတယ်။
ဆိုလိုချင်တာက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းပြီး ပြည်သူတွေစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘာသာသာသနာ အကျိုးသယ်ပိုးဆောင်ရွက်နိုင်ရန် နိုင်ငံတော်အကြီးအကဲက ကြိုးပမ်းလုပ်ဆောင်နေစဉ်ကာလမှာ အခုလိုမျိုး ပတ္တမြားကြီးရောက်ရှိလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကောင်းသောအမှုကိစ္စများစွမ်းဆောင်နေစဉ်မှာ ရတနာတစ်ပါးတိုးပွားလာခြင်းမို့ အလွန်ပဲဝမ်းသာစရာ၊ ဂုဏ်ယူဖွယ်ကောင်းလွန်းလှပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ရဲ့ အနှစ်သာရက ရန်အပေါင်းကို အောင်မြင်ခြင်း ဖြစ်သလို တည်ဆောက်ပူဇော်ရတဲ့ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော် မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ဆိုတဲ့ ရည်ရွယ်ချက် လေးရပ်နဲ့ တည်ဆောက်နေတာဖြစ်ပါတယ်။ ထူးခြားတိုက်ဆိုင်မှုတစ်ခုကလည်း ပတ္တမြားကြီး ပေါ်ထွန်းလာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၉)ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပြီးချိန်ဖြစ်လို့ ကိုးနဝင်းကျေတဲ့ အချိန်ကာလလို့ ကောင်းသောအမြင်ဖြင့် တွေးမြင်နိုင်ပါတယ်။
နိုင်ငံတော်နဲ့တပ်မတော်ကို ချစ်မြတ်နိုးတဲ့လူငယ်တစ်ဦးက ၎င်းရဲ့မိဘဘိုးဘွားများ လက်ထက်က ထိန်းသိမ်းထားရှိတဲ့ ပတ္တမြားကြီးကို တပ်မတော်သို့လှူဒါန်းမှုမှာ ထူးထူးခြားခြားဆောင်ရွက်မှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့တပ်မတော်ကို ချစ်တဲ့စိတ်၊ အမျိုးဘာသာသာသနာကိုမြတ်နိုးတဲ့စိတ်၊ လှူချင်တန်းချင်တဲ့ စိတ်အရင်းခံနဲ့ နိုင်ငံတော်ကောင်းကျိုး ဖြစ်ထွန်းသည်ကို ရည်ရွယ်ပြီး လှူဒါန်းမှုပြုခြင်း ဖြစ်ပါလိမ့်မယ်။ ကောင်းမှုမြတ်နိုး၍ ကောင်းကျိုးပြုလုပ်ခြင်း ဖြစ်တဲ့အတွက် အလွန်ကောင်းမွန်တဲ့ လှူဒါန်းမှု၊ သမိုင်းအစဉ်အဆက် နှစ်ပေါင်းများစွာ တည်ရှိနေမယ့် လှူဒါန်းမှုပဲဖြစ်ပါတယ်။
ပတ္တမြားဆိုတာ နီလာ စိန်ကြောင်၊ ထိန်ပြောင် ပတ္တမြား၊ မြသားဂေါ်မုတ်၊ ဥဿဖရား သန္တာ၊ ရတနာပုလဲ၊ ထူးကဲလွန်မြတ်၊ နဝရတ်ကိုးပါးမှာပါဝင်ပါတယ်။ပတ္တမြား ဘုန်းတောက်၊ မြကျောက် အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကား သိဒ္ဓိ၊ မဏိနီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ် ခွန်အား၊ ဥဿဖရား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲ ကျက်သရေ၊ ကွန့်ကွန့်ဝေသည် ကိုးထွေနဝရတ်စွမ်းရည်တည်းလို့ စာဆိုရှိပါတယ်။ ကမ္ဘာမှာပတ္တမြားထွက် ရှိတဲ့နိုင်ငံများအနက် မြန်မာနိုင်ငံမိုးကုတ်ဒေသကထွက်ရှိတဲ့ မြန်မာ့ပတ္တမြားဟာ ကမ္ဘာမှာအရည်အသွေး အကောင်းဆုံးဖြစ်ပြီး ရှေးခေတ်မှဒီကနေ့ခေတ်ကာလတိုင် ပြိုင်ဘက်မပေါ်သေးဘဲ ထိပ်ဆုံးနေရာမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
ရှေးကမြန်မာဘုရင်အဆက်ဆက်မှာ တော်ဝင်နန်းသုံးရတနာ၊ နန်းစဉ်ပတ္တမြားတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်မှာ မိုးကုတ်ပတ္တမြားဟာ ကမ္ဘာပေါ်မှာအထူး ထင်ရှားလာခဲ့ပါတယ်။ ရတနာပုံနေပြည်တော်မှာ ကျောက်ရုံတွေ၊ ရာပြတ်တွေထားရှိပြီး မင်းတရားကြီးကိုယ်တိုင် အနောက်နိုင်ငံသားတွေနဲ့ အရောင်းအဝယ်ပြုလုပ်တယ်လို့ သိရပါတယ်။ မင်းတုန်းမင်း လက်ထက်မှာ မြန်မာနိုင်ငံအောက်ပိုင်းဟာ အင်္ဂလိပ်လက်အောက် ကျရောက်နေတဲ့အတွက် ပြန်လည်ရရှိဖို့ ကြိုးစားရာမှာ ကင်းဝန်မင်းကြီးဦးကောင်းကို သံတမန်စေလွှတ်ခြင်းတွေ ပါဝင်သလို ကနောင်မင်းသားကြီးကလည်း ခေတ်မီလက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင်ကလည်း ကြေးနန်းရိုက်နည်း၊ ဗေဒင်တွက်နည်း၊ ဆေးဖော်နည်း၊ တိုင်းပြည်အုပ်ချုပ်နည်း စသည်ဖြင့် ပညာရပ်များမှာ ကျွမ်းကျင် စွာဖြင့် မြန်မာတို့ခေတ်မီရေး ကြိုးပမ်းနေပါတယ်။
မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ်မှာ ဦးကောင်းဟာ မြန်မာသံအဖွဲ့ကို ခေါင်းဆောင်ပြီး ဥရောပတိုက်ခရီးလှည့်လည်ရာမှပြန်ရောက်လာပါတယ်။ ညီလာခံမှာ ရှင်ဘုရင်ကို လျှောက်တင်ရာမှာ ဗြိတိသျှကျွန်းမှာ စက်မှုလုပ်ငန်း တိုးတက်ပုံ၊ စစ်သည်တော်တွေရဲ့ လက်နက်တွေ ခေတ်မီပုံ၊ ဘုရင်မကြီးက မိုးကုတ်ကျောက်တွင်း အရောင်းအဝယ်ပြုလုပ်လို၍ အာမခံစာချုပ်ပြုခဲ့ပုံတွေ ပါရှိပါတယ်။ တခြားအကြောင်းအချက်တွေ လျှောက်ထားတင်ပြရာမှာ သဘောကျလှပေမယ့် မိုးကုတ်အကြောင်းကိုကြားရချိန်မှာတော့ မင်းတုန်းမင်း တရားကြီးရဲ့ မျက်နှာတော်ဟာ ရုတ်ချည်းညှိုးသွားခဲ့ပါတယ်။
မိုက်လှချေလား ငကောင်းရဲ့၊ မောင်မင်းကို... မိုးကုတ်ကျောက်တွင်းရောင်းဝယ်နိုင်ခွင့်အာဏာ ငါကအပ်နှင်းတော်မူလိုက် သလား မေးတော်မူပါတယ်။ ဘုရင်ရဲ့ မိန့်မြွက်သံကို ဦးကောင်းမှာ တစ်စုံတစ်ရာ ပြန်လည်သံတော်ဦးတင်ရန် မဝံ့တော့ဘဲ ခေါင်းငိုက်စိုက်ငြိမ်ကျ သွားပါတယ်။
ညီလာခံရုပ်သိမ်း၍ မင်းတုန်းမင်းတရားကြီး အတွင်းတော်သို့ ရောက်တဲ့အခါ မိဖုရားကြီးငယ်အားလုံးကို ခေါ်ယူလိုက်ပါတယ်။
မမတို့ သည်တစ်ခါဖြင့် ဈေးတောင်းခေါင်းရွက်၊ ရက်ကန်းရက်၊ ပဲပြုတ်ရောင်း အသက်မွေးဖို့ပဲစိတ်ကူးကြတော့။ မင်းကြီးငကောင်းက မိုးကုတ်ကျောက်တွင်းကို မဆင်မခြင် သူ့သဘောအတိုင်း အင်္ဂလိပ်ဘုရင်မထံရောင်းခဲ့ပြီ၊ စာချုပ်ခဲ့ပြီ။ ပြည်ပိုင်မင်းအချင်းချင်း လောဘဒေါသနောက်ကို လိုက်မိကြရင် စစ်ဖြစ်ဖို့ပဲရှိတော့တယ် လို့ မိန့်ကြားပါတယ်။
မိဖုရားအများကတော့ မတုန်မလှုပ် ကြားနာကာ ငိုင်နေကြပါတယ်။ စကြာဒေဝီမိဖုရားခေါင်ကြီး တစ်ဦးသာလျှင် ဣန္ဒြေမပျက်ပြန်လည်လျှောက်တင်ပါတယ်။ ပူပန်တော်မမူပါနဲ့ မောင်တော်ဘုရား၊ ရောင်းတဲ့သူက သူ့ဉာဏ်နဲ့သူရောင်းခဲ့ရင် အရောင်းအဝယ်ပျက်အောင် နည်းပရိယာယ်နဲ့ဖျက်တာပေါ့ မောင်တော် အနို့...ဘယ်လိုစီမံရင်ကောင်းမည်လဲ သားတော် ငဘိုးလှိုင် ရှိသားပဲ၊ သူ့ကိုခေါ်ယူတိုင်ပင်ပါဘုရား ဒီလိုနဲ့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ မိုးကုတ်ကိစ္စကို တာဝန်ယူဖြေရှင်းရပါတယ်။ ငမောက်ကျောက်အပါအဝင် နန်းစဉ်ရတနာကျောက်သုံးလုံးကိုသာ အဝယ်တော်များနှင့် အရေးဆိုရာ၌ အသုံးပြုခွင့်တောင်းခံခဲ့ပါတယ်။ မင်းတုန်းမင်းက ဦးဘိုးလှိုင်ကို အာဏာကုန်လွှဲအပ်ခဲ့ပါတယ်။ အင်္ဂလိပ် ကိုယ်စားလှယ်တွေရောက်လာချိန်မှာတော့ ဦးဘိုးလှိုင်က စာချုပ်အတိုင်း ကတိမပျက် မိုးကုတ်ကျောက်တွင်းကို ရောင်းချမည် ဖြစ်ကြောင်း၊ တန်ဖိုးကိုဆုံးဖြတ်နိုင်ရန် ထိုတွင်းထွက်ကျောက်များကို ဦးစွာဈေးဖြတ်ရန် လိုအပ်ကြောင်း ပြောပြီး တရုတ်ရာပြတ်ကို သက်သေအဖြစ်ထား ရှိပါတယ်။ အငယ်ဆုံး နန်းစဉ်ကျောက်ကို စတင်ပြပါတယ်။
ဂွမ်း ၁ ပိဿာ အလယ်မှာရှိတဲ့ ကျောက်ဟာ ဂွမ်းပုံကို ဖောက်ထွင်းကာ အရောင်တဝင်းဝင်းနဲ့ မျက်တောင်ခတ်နေသယောင်ရှိပါတယ်။ ဦးဘိုးလှိုင်က ဒီပတ္တမြားဘယ်လောက်တန်သလဲ ရာပြတ်က တစ်တိုင်းပြည်တန်ကျောက်ဖြစ်ပါတယ် ။ အဲ့နောက်မှာ ကျောက်များကို ဆက်လက်ပြသပါတယ်။ ဒုတိယပတ္တမြားက သုံးပြည်ထောင်တန်ဖိုးရှိကြောင်း၊ တတိယ ငမောက်ကျောက်မှာ ခုနစ်ပြည်ထောင် တန်ကြောင်း ရာပြတ်ကသတ်မှတ်ပါတယ်။
ငမောက်ကျောက်ကို ဂွမ်း ၇ ပိဿာဖုံးထားသော်လည်း နန်းတော်တစ်ဆောင်လုံး ထိန်ထိန်လင်းနေပါတယ်။ အင်္ဂလိပ်တွေက တန်ဖိုးများလွန်းလို့ ဘုရင်မကြီးနဲ့ တိုင်ပင်ပါရစေလို့ ဆိုလာပါတယ်။
ဦးဘိုးလှိုင်က စာချုပ်ကို အင်္ဂလိပ်တွေ လက်ထဲက တောင်းယူကြည့်ရှုပြီးနောက် ဒီစာချုပ်သက်တမ်းဟာ ဒီကနေ့ကုန်ဆုံးသွားပါပြီ။ အဝယ်တော်မပြီးပြတ်မှုကြောင့်လည်း အင်္ဂလိပ်ဘုရင်မကြီး ဂုဏ်သိက္ခာ ကျစေပါတယ် လို့ပြောဆိုပြီး အများရှေ့မှာပဲ အဲဒီစာချုပ်ကိုဆုတ်ပစ်လိုက်ပါတယ်။ မိုးကုတ်ကျောက်တွင်း အရောင်းအဝယ်ကိစ္စဟာ ဒီမှာပဲနိဂုံးချုပ်ခဲ့ပါတယ်။
ဒါကတော့စာပေပညာရှင်တွေ၊ သမိုင်းပညာရှင်တွေရေးသားပြောဆိုလို့သိခဲ့ရတဲ့အကြောင်းအရာ ဖြစ်ရပ်မှန်ပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့တော်ဝင်နန်းသုံး ပတ္တမြားရတနာတွေရဲ့ တန်ဖိုးမြင့်မားမှု၊ တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားမှုပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာတို့ရဲ့ ဆိုရိုးစကားမှာ ပတ္တမြားဆန်ကျိုး၊ အဖိုးပြည်တန် ပတ္တမြားတော်ဝင် ဂေါ်မစင် ပတ္တမြားတစ်လုံးထိပ်ပေါ်တင်စား လို့ဆိုထားပါတယ်။ ပတ္တမြားဟာ ဆန်ကျိုးခန့်သာရှိပေမယ့် အရည်အသွေးကောင်းရင် အဖိုးအနဂ္ဃထိုက်တန်တယ်လို့ ဆိုပါတယ်။ မြန်မာစကားပုံမှာလည်း ပတ္တမြားတစ်ခြည်ဆန်တစ်ပြည် ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်းမညစ် လို့ဆိုထားပါတယ်။
မန်မာတွေ သူ့ကျွန်ဖြစ်ရခြင်းကို နွံမှာနစ်တယ်လို့ ခံစားပြောဆိုပါတယ်။
ထို့အတူ ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း ညစ်မည်မဟုတ်ဆိုတဲ့စကားနဲ့ မျိုးချစ်စိတ်တွေ ပွားများစေခဲ့ပါတယ်။ နိုင်ငံတော်ကောင်းကျိုး၊ နိုင်ငံသားတွေ ကောင်းကျိုးလုပ်ဆောင်နေတဲ့ တပ်မတော်ကို မလိုတမာစိတ်ထားနဲ့ ပြည်တွင်း၊ ပြည်ပအဖျက်သမားတွေက ဘယ်လိုပင်တိုက်ခိုက်ပေမယ့် တပ်မတော်က အောင်ပန်း ပန်ဆင်လျက်ပါပဲ...ဆိုတဲ့အဓိပ္ပာယ်ကိုလည်း တွေးဆယူလို့ရပါတယ်။ အမှန်တကယ်လည်း ဒီအတိုင်းပါပဲ။ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ မိမိတို့ရဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ တိုးတက် ကောင်းစားရေး ကို ရှေးရှုလုပ်ဆောင်တဲ့ တိုင်းပြည်ခေါင်းဆောင်တွေပေါ်ထွက်တဲ့ကာလတိုင်းမှာ ရတနာတွေ ပေါ်ပေါက် လာပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးကို အထူးတလည် တည်ဆောက်နေတဲ့ကာလတွေမှာ ထူးခြားတဲ့ပတ္တမြားရတနာတွေဟာ နိုင်ငံတော်အစိုးရထံ ရောက်လာလေ့ရှိပါတယ်။
၁၉၉၀ ပြည့်နှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရ လက်ထက်မှာ နိုင်ငံတော်သို့ အလေးချိန် ၄၉၆ ကာရက်ရှိ ပတ္တမြားလှူဒါန်းမှုပြုခဲ့ပါတယ်။ အဲဒီပတ္တမြားက မိုးကုတ်ဒေသဓာတ်တော်ကွက်ရပ်မှ ထွက်ရှိတာ ဖြစ်ပါတယ်။ နဝတပတ္တမြားကြီးအဖြစ်နဲ့ နိုင်ငံပိုင် အမျိုးသားရတနာအဖြစ် နိုင်ငံတော်မှ ထိန်းသိမ်းထားရှိပါတယ်။ အဲဒီနောက်၂၀၁၃ ခုနှစ်မှာတော့ နှစ်(၅၀)ပြည့် ရွှေရတုမြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဂုဏ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များက အလေးချိန် ၁၉၀၇ ကာရက်ရှိတဲ့ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ပါတယ်။
အဆိုပါလှူဒါန်းမှုပြုခဲ့တဲ့ ပတ္တမြားတွေထက် ယခုလှူဒါန်းတဲ့ပတ္တမြားကြီးမှာ အရွယ်အစားပိုမိုကြီးမားပါတယ်။ အလေးချိန်အားဖြင့် ၂၇၈၉ ဒသမ ၂၅ ကာရက် (၅၅၇ ဒသမ ၈၅ ဂရမ်)ရှိပြီး ပတ္တမြားကြီးရဲ့ သွေးကွက်လက်ရာက ပတ္တမြားပွတ်ချော (Semi-Cut Ruby)အမျိုးအစား ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အရွယ်အစားကြီးမားတယ်။ ရှားပါးပါတယ်။ ကျောက်မျက်ရတနာပြတိုက်များမှာ ထားရှိသင့်တဲ့ ပတ္တမြားကျောက်မျက်ရတနာဖြစ်ပါတယ်။ ဒါ့အပြင်အဆိုပါပတ္တမြားကြီးမှာ မာခြင်းအဆင့်၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိပါတယ်။ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့်အနီရောင် (Red With Purplish tint) ပတ္တမြားကြီးဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်မှနိုင်ငံတော်သို့ လှူဒါန်းသည့် အဆိုပါပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။အဆိုပါပတ္တမြားကြီး လှူဒါန်းတဲ့ လူငယ် ကိုလည်း ထိုက်တန်သည့်ချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပတ္တမြား ပိုင်ဆိုင်သူသည် ပတ္တမြားဘုန်းတောက်စာဆိုနှင့်အညီ ဘုန်းတန်ခိုးကြီးမားခြင်းနှင့် အများချစ်ခင် လေးစားခြင်း ခံရမည့်အပြင် ရန်သူမျိုးငါးပါးနှောင့်ယှက်ဖျက်ဆီးခြင်း ဘေးအန္တရာယ်အပေါင်းမှလည်း ကာကွယ်ပေး နိုင်ပါတယ်။
ဒါ့ကြောင့်မို့ အလေးချိန် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးဟာ အရွယ်အစားလွန်ကြီးမားပြီး အရည်အသွေးအလွန်ကောင်းမွန်တဲ့အတွက် ထူးခြားတဲ့ပတ္တမြားကြီးအဖြစ် ကျောက်မျက်ပညာရှင်များသာမက အများပြည်သူများပါ လေ့လာကြည့်ရှုနိုင်ရန် တပ်မတော်မှ နိုင်ငံတော်ကို လှူဒါန်းခြင်းမှာ အလွန်ပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံလှပါတယ်။ နိုင်ငံတော်အတွက် ကောင်းသတင်းတွေ၊ သတင်းကောင်းတ ွေကျော်ကြားမယ့် နစကပတ္တမြားကြီးအဖြစ် ဂုဏ်ယူရေးသား လိုက်ပါတယ်ခင်ဗျာ။ ။
အာကာမောင်မောင်