မိုးရာသီရောက်ပြီဆိုလျှင် မြန်မာနိုင်ငံ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လေ့ရှိပါသည်။ ယမန်နှစ်ကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဂရာပေါက်တောကျေးရွာ၌ မိုးဦးကျကာလ မေ ၂၆ ရက်မှ ၂၉ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်၍ ကလေးငယ်ခြောက်ဦးသေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ကျန်းမာရေးထိခိုက်ခဲ့သည်။ ထိုဖြစ်ရပ်မျိုးသည် မြန်မာပြည်အနှံ့အပြား မိုးရာသီရောက်တိုင်း နှစ်စဉ် ကူးစက်ပြန့်ပွားနေကျရောဂါဆိုးတစ်ခု ဖြစ်သည်။
ထို့ပြင် ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးတွင် အဖြစ်များလေ့ရှိပါသည်။
ရောဂါဖြစ်ပွားရသောအကြောင်းရင်း
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်လမ်းများပေါ်ရှိ ရေဆိုးရေညစ်များနှင့်အတူ မိုးရေလျှံတက် လာသည်။ များမကြာမီ ရေပြန်ကျသွားသောအခါ အညစ်အကြေးအနည်အနှစ်များ တင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae ခေါ် ကာလဝမ်းရောဂါကိုဖြစ်စေတတ်သော ကူးစက်ရောဂါပိုးမွှားတွေ ပေါက်ပွားမှုများပြား လာသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာရသည်။ ရောဂါပိုးသည် ကူးစက်ခံရသူ၏ အူအတွင်းသို့ Enterotoxin ခေါ် အဆိပ်ဓာတ်တစ်မျိုးထုတ်လွှတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အရည်ဓာတ်နှင့်ဆားဓာတ်များကို အချိန်တိုအတွင်း လျင်မြန်စွာဆုံးရှုံးစေ၍ အသက်သေဆုံးသည်အထိ ပြင်းထန်စွာ ခံစားရနိုင်ပါသည်။
မသန့်ရှင်းသည့် အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့်လွန်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ သန့်ရှင်းမှုအားနည်းသည့် လမ်းဘေးအစားအစာများ စသည်တို့ကို အထူးသတိပြုရှောင်ရှားရပါမည်။ သို့မဟုတ်ပါက နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်းနှင့် အစာအဆိပ်သင့်ခြင်းအတွက်ကိုပါစိုးရိမ်ရသည်။
အထူးသဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ်ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ဝမ်းရောဂါဖြစ်ပွားသူ သုံးသန်းမှငါးသန်းအထိရှိပြီး ၎င်းတို့အနက် တစ်သိန်းသည် ဝမ်းရောဂါကြောင့် သေဆုံးကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ နာရီပိုင်းအတွင်း ငါးညှီနံ့နံသော ဆန်ဆေးရေအရောင်ကဲ့သို့ ဖြူကျဲကျဲ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်နေ့တည်းမှာပင် သုံးကြိမ်နှင့်အထက် ဝမ်းအရည်သွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ဆန်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း သို့မဟုတ် ခံတွင်း၊ လျှာနှင့်နှုတ်ခမ်းများ ခြောက်၍ ရေအငမ်းမရ သောက်ပြီးနောက် ထိုရေအတိုင်းဝမ်းသွားခြင်း သို့မဟုတ် ပြန်အန်ထွက်ခြင်း၊ အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ကြွက်တက်ခြင်း စသည့် ရောဂါလက္ခဏာများ ပြနေပါက ဓာတ်ဆား
ရည်များများသောက်ပြီး နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အချိန်မဆိုင်းဘဲ သွားရောက်ပြသင့်သည်။
အခြားသူများသို့ ဝမ်းရောဂါမကူးစက်စေဖို့အတွက် ဝမ်းသွားပြီးနောက် သန့်စင်ခန်း(အိမ်သာ)ကို ရေနိုင်နိုင် လောင်းချသင့်ပါသည်။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိရောက်စွာကုသမှုမခံယူဖြစ်ပါက ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်၍ လုံးဝမပေါ့ဆသင့်ပေ။ ရောဂါဆက်လက်မပြန့်ပွားစေရန်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရသည့်လူနာ၏ အဝတ်အစားများကို သောက်သုံးရေကန်များအနီးတွင် မလျှော်ဖွပ်ရ။ (ဆေးရုံတက်လူနာများ ဆေးရုံတွင်သာ သီးသန့်လျှော်ဖွပ်ပါ)။ ခြင်၊ ယင်တို့ မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ပါ။
သတိရှိပါဝမ်းလျှောရောဂါ
ဝမ်းလျှောခြင်းမှာ ကာလတိုဝမ်းလျှောခြင်းနှင့် ကာလရှည်ဝမ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိပြီး ကာလတို ဝမ်းလျှောခြင်းက နှစ်ရက်ခန့်အကြာမှာ ရပ်တန့်သွား၍ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်ဝမ်းသွားခြင်းတွင် ဝမ်းလျှောသည့်အကြိမ်ရေ များပြားသည်နှင့်အမျှ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ဆုံးရှုံးသွားသဖြင့် အချိန်မီကုသမှုခံယူသင့်ပါသည်။ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက်ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားမှုနှုန်းများပြားပြီး ၎င်းရောဂါသည် မြန်မာပြည်တွင် ဒုတိယအဖြစ် အများဆုံး ကလေးရောဂါတစ်ခု ဖြစ်ကြောင်း၊ ထူးခြားဖြစ်စဉ် တစ်ရပ်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် သုတေသနပြုခဲ့
သော စစ်တမ်းများအရ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက်ကလေးငယ်များ သေဆုံးအရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့်သည် ဝမ်ပျက်ဝမ်းလျှောရောဂါကြောင့်ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ ၂၀၁၄ ခုနှစ်မှစ၍ သေဆုံးမှုနှုန်းလျော့ကျလာသော်လည်း ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်း မှာ ယနေ့ကာလထိ အားရဖွယ်ကျဆင်းလာခြင်း မရှိသေးကြောင်း သိရသည်။ ထို့ကြောင့် မပေါ့ဆသင့်ပေ။
လွယ်ကူမြန်ဆန်အိမ်တွင်းကုထုံးများ
အောက်ပါအိမ်တွင်းကုထုံးလေးများကလည်း ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးတဲ့ အနေဖြင့် ရေကျက်အေးများများသောက်ပါ၊ ဆား နှင့်သကြားကို ဆတူရော၍သောက်ပါ သို့မဟုတ် သီးစုံဓာတ်ဆားရည်သောက်ပါ၊ လက်ဖက်ရည်ကြမ်း ထဲကို သကြားအနည်းငယ်ထည့်သောက်ပါ။ ချင်း(ဂျင်း) ပြုတ်ရည်သောက်ပါ၊ အမည်းရောင်ထန်းလျက်ကျိုပြီး အနည်စစ်သောက်ပါ။ အုန်းစိမ်းရည် သောက်ပါ။ (မည်သည့်အရည်မျိုးကိုပဲသောက် သောက် အအေးခံ၍သောက်ပါ)
ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲမှာပါရှိသော လက်တစ် အက်စစ်က အစာအိမ်နှင့်အူလမ်းကြောင်းထဲရှိ ဝမ်းသွားစေသော ဗက်တီးရီးယားပိုးများကို သေစေနိုင်သည်။ (ဒိန်ချဉ်ထဲကို သကြား၊ ထန်းလျက် ရည်မရောဘဲ ဖြစ်နိုင်ရင်သူ့ချည်းစားပါ)
ဝမ်းလျှောသည့် အကြိမ်ရေများပါက သိသိသာသာ ပိန်ကျသွားပြီး အားအင်ကုန်ခန်းသွား၍ သက်သက် သာသာအနားယူပါ။
ဝမ်းသွားခြင်းရပ်တန့်သွားသော်လည်း နောက်ဆယ်ရက်ခန့်ကြာသည်ထိ နို့ထွက်ပစ္စည်းများဖြစ် ကြသော ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီ တို့ကို မစားသောက်သင့်ပေ။
အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်း ကစီဓာတ်ကြွယ်ဝသော အစားအစာများဖြစ်ကြသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်မုန့် စားပေးနိုင်ပါသည်။
အမျှင်ဓာတ်များသော အစားအစာများက အစာအိမ် နှင့်အူကို အလုပ်ရှုပ်စေနိုင်၍ ဝမ်းလျှောပြီးနောက် သုံးရက် လေးရက်ခန့်ကြာသည်အထိ မစားသင့်ပေ (ကွေကာအုပ်ကလည်း အမျှင်ဓာတ်များသော အစားအစာထဲမှာပါနေ၍ရှောင်ပါ)
ဘလူးဘယ်ရီသီးထဲတွင်ပါရှိသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများက အူလမ်းကြောင်းထဲရှိ ဝမ်းပျက်ဝမ်းလျှောပိုးတွေကို သုတ်သင်ပေးနိုင်သည်။ (မြန်မာပြည်မှာ ဘလူးဘယ်ရီသီးမရ နိုင်သော်လည်း နိုင်ငံခြားဖြစ် ဘလူးဘယ်ရီသီးနှင့် ၎င်းဖျော်ရည်ဘူးများကို ကုန်တိုက်ကြီးများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်)
လိမ္မော်သီးအခွံက ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ကောင်းကျိုးပြုနိုင်သည်။ လိမ္မော်ခွံကို ပြုတ်၍ သော်လည်းကောင်း၊ ရေနွေးဆူဆူခတ်၍ သော်လည်းကောင်း အအေးခံ၍ သောက်သုံးသင့်ပါသည်။
ပဲနံ့သာပင်အစေ့ကို ရေစိမ်၍သောက်ပါ။ (ပဲနံ့သာပင်အစေ့များကို အိန္ဒိယရိုးရာ ပရဆေးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါသည်)
ဆီးသီးလုံးခန့်ပမာဏရှိသော နနွင်းမှုန့်ကို ရေနွေးကြမ်းဖြင့် သုံးရက်ဆက်တိုက်သောက်ပါ။
လုံးဝပျောက်ကင်းနိုင်ပါသည်။
အသက် ၂၀ နှင့်အထက်လူနာဖြစ်ပါက ငရုတ်ကောင်းအစေ့ ၂၀ ကိုလှော်ပါ။ ၂ မိနစ်ခန့်လှော်ပြီး နောက်အမှုန့်ကြိတ်ပါ။ ရလာသောအမှုန့်ကို အရက်ဖြူတစ်ဇွန်းနှင့်အတူ ရေအေးတစ်ဇွန်းရော စပ်ပြီးသောက်ပါ။
သီးသီးအမှည့်စားပါ။ သစ်ကြားသီးစားပါ။ ရေသဖန်းပင် အခေါက်ကို ပြုတ်သောက်ပါ။ မန်ကျည်းသီး စိမ်းစားပါ။ ပိန္နဲပွင့်သုပ်စားပါ။ ပိန္နဲသီးအနုဟင်း ချက်စားပါ။ စမုန်နက်စားပါ။ ဂွေးသီးမှည့်စားပါ။
ကရဝေးသီးစားပါ။ ကြေးပန်းအပွင့်ကို ပြုတ်သောက်ပါ။ ကြောင်လျှာမြစ်ပြုတ်သောက်ပါ။ သရက်စေ့ အဆန်ကိုဝါးစားပါ။ ကြာဖြူ၊ ကြာညိုဝတ်ဆံများ စားပေးပါ။
ငါးပြက်စားပါ၊ ဂျီ(တောဂျီကောင်သား)သားစားပါ။
ပရန္နဝါမြစ်သွေး၍သောက်ပါ။ ဇာတိပ္ဖိုလ်သီးသွေးသောက်ပါ။ ဆန်ဆေးရည်သောက်ပါ။ ကရမက် သွေး၍သောက်ပါ။
မြေအိုးတစ်လုံးထဲ ကန်စွန်းရိုးနီဆယ်ပင်ခန့်ကို သင့်သလိုဖြတ်တောက်၍ အညိုရောင်ထန်းလျက် ၁၅ ကျပ်သားထည့်ကာ ကန်စွန်းပင်ရေမြုပ်သည်ထိ ရေဖြည့်၍ ကန်စွန်းညွန့်များ နူးအိလာအောင် ပြုတ်ပေးပါ။ ထိုပြုတ်ရည်အား ရေဆာတိုင်းသောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံးခန့်သောက်ပေးရပါမည်။ ဤနည်းအတိုင်း ငါးကြိမ်ခြောက်ကြိမ်ခန့် သောက်ပြီးပါက သူ့အလိုလို ဝမ်းရပ်သွားပါလိမ့်မည်။
ကြိုတင်ကာကွယ်နည်းလမ်းကောင်းများ
ကြိုတင်ကာကွယ်သည့်အနေဖြင့် အစာမစားမီနှင့် အစားအစာမပြင်ဆင်မီအချိန်တိုင်း၊ အညစ်အကြေးနှင့် အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်တိုင်း၊ နှာချေချောင်းဆိုးပြီးချိန်တိုင်းနှင့် အိမ်သာမှဆင်းချိန်တိုင်းတို့တွင် လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ စင်ကြယ်စွာဆေးကြောပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။ ကလေးငယ်များ၏မစင်ကို ယင်မနားအောင် စနစ်တကျစွန့်ပစ်ပါ။ ယင်လုံအိမ်သာ ရာနှုန်းပြည့် သုံးစွဲပါ။ ရေကိုကျိုချက်၍ သော်လည်းကောင်း၊ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း ကလိုရင်းဆေးခတ်၍ သော်လည်းကောင်း အသုံးပြုပါ။ အစားအစာများကို ကျက်အောင်ချက်ပြုတ်ပြီးမှ ပူပူနွေးနွေးစားသုံးပါ။ အစားအစာများကို ယင်မနားအောင်ဖုံးအုပ်ထားပါ။
အချုပ်အားဖြင့်ဆိုသော် မိုးဦးကျစမှာ သရက်သီးမှည့်များ၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး၊ နာနတ်သီးနှင့် အမှည့်လွန်သောသစ်သီးများ လှိုင်လှိုင်ကြီး ပေါများလေ့ရှိရာ အဆိုပါ သစ်သီးမှည့်များကြောင့် ယင်ကောင်များလည်း ပေါများ ပေါက်ပွားကြသည်။ ထိုယင်နားစာများ သို့မဟုတ် မှိုတက်နေသော အစားအစာများကို စားမိခြင်းက ဝမ်းရောဂါကိုမလွဲမသွေ ဖြစ်စေပါသည်။ သို့သော် ဝမ်းပျက်ဝမ်းလျှောခြင်းသည် မိုးတွင်းကာလတစ်ခုတည်းမှာသာ မဟုတ်ဘဲ အချိန်ကာလမရွေးလူကြီး လူရွယ်လူငယ်မရွေးဖြစ်တတ်သော ရောဂါဖြစ်ပြီး အခန့်မသင့်ပါက အစုလိုက်အပြုံလိုက် ကာလဝမ်းရောဂါ ဖြစ်လာနိုင်သည်ကို သတိရှိကြဖို့လိုပါ
သည်။ ။
ပေါက်ပေါက်