ချောင်းဦးမြို့နယ်၌  PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးသည့် လူမှုကူညီရေးယာဉ်များအား ထပ်မံမိုင်းဆွဲတိုက်ခိုက်

ချောင်းဦးမြို့နယ်၌  PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးသည့် လူမှုကူညီရေးယာဉ်များအား ထပ်မံမိုင်းဆွဲတိုက်ခိုက်

နေပြည်တော်  ဇူလိုင်   ၁၂

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာမြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ  ဇူလိုင်လ ၁၁ ရက် ညနေ  ၄ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာအနီး မုံရွာ-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ် ၇၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြား၌ ခရီးသည်တင်ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက   မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ခရီးသည်တင်ယာဉ်ပေါ်ပါ  ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးခဲ့ရာ ရွှေသလ္လာ ခရီးသည်တင်ယာဉ်သည် မုံရွာမြို့မှ ခရီးသည် ၁၂ ဦး တင်ဆောင်ကာ  မန္တလေးမြို့သို့  မုံရွာ- မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာစဉ်အခင်းဖြစ်နေရာ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း ၄ လုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ နောက်၊ ဘေးလေကာမှန်များနှင့် ဘီး ၄ လုံးစလုံးကွဲကာ ယာဉ်မောင်း  ကိုအောင်မိုးဟိန်း၊ အကူယာဉ်မောင်း  ဦးလှဝင်းမောင်၊   ယာဉ်နောက်လိုက် ကိုရန်အောင်ထွန်းနှင့် ယာဉ်ပေါ်လိုက်ပါစီးနင်းလာသည့် ခရီးသည် ၉ ဦးတို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း၊ အဆိုပါထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား လူမှုကူညီရေးယာဉ် ၇ စီးဖြင့် တင်ဆောင်ကာ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်   အခင်းဖြစ်စဉ်နေရာနှင့် ၁ ဖာလုံခန့်အကွာသို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လူထိခိုက်မှုမရှိသော်လည်း လူမှုကူညီရေး ယာဉ်တစ်စီး၏ အနောက်လေကာမှန်တစ်ချပ်ကွဲ အက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီးပေါ်၌    သွားလာနေသည့် ခရီးသည်တင်မော်တော်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။