ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်)

နိုင်ငံတော်တွင်လူငယ်မောင်မယ်တိုင်း နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာရန် လိုအပ်လှသည်။ ထိုသားကောင်း၊ သမီး ကောင်းများပေါများမှသာ ခေါင်းဆောင်ကောင်းများ ဖြစ်လာပေလိမ့်မည်။ လူငယ်မောင်မယ်တိုင်း မိမိကိုယ်ကို ထိန်းသိမ်းစောင့်စည်း တတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘောကြီးခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ ရိုသေကျိုးနွံခြင်းစသည့် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးလုံး စောင့်စည်းထိန်းသိမ်းနိုင်သော အရည်အချင်းများလည်း ရှိရမည်ဖြစ်ပေသည်။

နိုင်ငံ့သားကောင်းဆိုသည်မှာ နိုင်ငံတော်ကို တန်ဖိုးထားလေးစားခြင်း၊ အများ၏အကျိုးအတွက် စိတ်ရောကိုယ်ပါဆောင်ရွက်ခြင်း၊ တရားဥပဒေအရ လိုက်နာဆောင်ရွက်ခြင်း၊ အသိÓဏ်နှင့်ယှဉ်၍ ရိုးသားဖြောင့်မတ်စွာနေထိုင်ခြင်း စသည့် ပြည်သူ့တာဝန်များကို သိရှိနားလည်ပြီး လိုက်နာကြရမည့်အပြင် နိုင်ငံတော်၏ ကောင်းကျိုးစီးပွား ပျက်ပြားစေမည့်ပြည်တွင်းရန်၊ ပြည်ပရန်ဟူသမျှကို ကာကွယ်တွန်းလှန်တိုက်ဖျက် ရမည်ဟူသောသဘောထား၊ နိုင်ငံတော်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိစွမ်းဆောင် နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရမည်ဟူသော စိတ်ထားရှိရမည် ဖြစ်သည်။

လူငယ်မောင်မယ်တို့ ပညာရည်ပြည့်ဝ၍ အတွေးအခေါ်မှန်ကန်ကာ နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး သင်ကြား ပေးရာဌာနသည် အခြေခံပညာကျောင်းများ ဖြစ်သည်။ အခြေခံပညာကျောင်းများသည် အလွန်အရေးကြီးသည့်အတွက် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက်တပ်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ၊  ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် “အခြေခံပညာကျောင်းများတွင် ဒီမိုကရေစီသဘောတရားများနှင့် ပတ်သက်၍ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်များသင်ကြားပေးနိုင်မှု၊  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ နိုင်ငံချစ်စိတ်နှင့် နိုင်ငံတော်အပေါ် ကာကွယ်စောင့်ရှောက်လိုစိတ်များ မွေးမြူနိုင်စေရေး၊ ကျောင်းသားဗဟိုပြုသင်ကြားခြင်းနှင့် စာကြည့်တိုက်များ၏ အရေးပါမှု၊ KG+12 ပညာရေးစနစ်သစ်အရ အထက်တန်းအဆင့် တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ အတန်းပညာ ပြီးမြောက်မှုအတွက် စာမေးပွဲဖြေဆိုရမှုနှင့် တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ရာတွင် ဆောင်ရွက်ရမည့် အခြေအနေ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ခန်းလိုအပ်ချက်များ ဆောင်ရွက်ထားရှိမှု၊ သင်ရိုးဟောင်းပညာရေးစနစ်မှ သင်ရိုးသစ် KG+12 ပညာရေးစနစ်သစ်သို့ ပြောင်းလဲသင်ကြားပေးရာတွင် အားနည်းချက်/အားသာချက်များနှင့် အကျိုးကျေးဇူးများ၊ အခြေခံပညာ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်၏ အခွင့်အလမ်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲအား၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ပြင်ပဖြေ) တွင်တစ်ကြိမ် ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ၎င်းနှစ်တွင်ကျရှုံးသည့်ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ယူမှု အခွင့် အလမ်းများနှင့် အသက်မွေးမှုဆိုင်ရာ ဆောင်ရွက်မှုများ” စသည့်ခေါင်းစဉ်များအလိုက် အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်တစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောအရာများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်ပါသည်။ မည်သည့်အရာကိုမဆို မှန်ကန်စွာဝေဖန်ပိုင်းခြားပြီး မိမိအတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက် ကောင်းကျိုးပြုသည့် ကိစ္စရပ်များကို လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ အသိပညာ၊ အတတ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိပါက သူတစ်ပါး၏ သွေးဆောင်ဖြားယောင်းမှုအောက်တွင် နစ်မွန်းကာ အညွန့်ကျိုးသွားတတ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အရေးကြီး စိတ်ဓာတ်မှာ ပညာရေးကို စိတ်ဝင်စားကာ ပညာတတ်မှ လူရာဝင်မည်ဟူသော အသိရှိထားကြရန် အရေးကြီးလှသည်။

လူငယ်မောင်မယ်တို့အနေဖြင့် မိမိတို့၏ပညာကို အခြေခံ၍ဆင်ခြင်တုံတရား၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိသည့် ဉာဏ်ပညာ ပြည့်ဝနေရန် လိုအပ်လှပေသည်။ လက်ရှိကာလတွင် လူငယ်မောင်မယ်တို့အတွက် အကြီးမားဆုံးအန္တရာယ်မှာ လွဲမှားသော အတွေးအမြင်များ သွတ်သွင်းခံရခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ နိုင်ငံတော်အတွက် အားထားရမည့် တက်လူ များဖြစ်သည်။ စာသင်ကျောင်းများသည် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝခရီးလမ်းတိုးတက် ဖြောင့်တန်းရေးအတွက် သွန်သင် ဆုံးမနည်းလမ်းပြရာနေရာ ကောင်းများဖြစ်သည်။ ထို့ကြောင့် ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပကာ ပညာရေးလမ်း ပိုမို ကောင်းမွန်ရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတော်တွင်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိရာ ပညာရည်မြင့်မားပြီး အတွေးအခေါ် မှန်ကန်သည့် လူသားအရင်းအမြစ်များ တိုးတက်များပြားရန် လိုအပ်လှသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့် မားရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်ကျောင်းသား၊ ကျောင်းသူတိုင်း ပညာရည်ပြည့်ဝကာ နိုင်ငံတော်ကအားကိုးအားထားရသော သားကောင်းသမီးကောင်းများ ဖြစ်လာစေရေး ပညာရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းမှာ လွန်စွာအကျိုးရှိသော လုပ်ငန်းဆောင်ရွက်မှုဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။