သန္ဓေ တောထွက် ဓမ္မစက် တစ်ချက်ပြာဋိဟာ

သန္ဓေ တောထွက် ဓမ္မစက် တစ်ချက်ပြာဋိဟာ

ဝါဆိုလသည် မြန်မာတို့၏ ၁၂ လရာသီရှိသည့်အနက် စတုတ္ထမြောက်လဖြစ်ပါသည်။ ဝါဆိုလ၏ ရာသီကို ပါဠိဘာသာအားဖြင့် “ကက္ကဋ” ဟုခေါ်ဆိုပြီး မြန်မာဘာသာအားဖြင့် “ကရကဋ်” ဟုခေါ်ပါသည်။

လက်တင်ဘာသာအားဖြင့်မူ Cancer ဟုခေါ်ပါသည်။ ကရကဋ်ရာသီဟူသော အခေါ်အဝေါ်နှင့်ပတ်သက်၍ ရာဇာ့မတ္တကျမ်း၊ ရာသီ ဘိဓာနအပိုင်းတွင် (၁)ကုလိရော၊ (၂)သက္ကဋကောနှင့် (၃)အဗ္ဗုံဇောဟု အခေါ်အဝေါ်သုံးမျိုးရှိကြောင်း ပြဆိုထားကြောင်းနှင့် ကရကဋ် ဟူသည်ကား ပုစွန်လုံး၊ ကဏန်းကောင်ဟုအဓိပ္ပာယ်ရကြောင်း ဖော်ပြထားသည်ဟုသိရပါသည်။

ဝါဆိုလ၏ရာသီပန်းမှာ မြတ်လေးပန်း၊ ပုန်းညက်ပန်းတို့ဖြစ်ပါသည်။ ပုန်းညက်ပန်းကို အင်္ဂလိပ်အမည်အားဖြင့် Alexandrian Laurel ဟုခေါ်ဆိုကြောင်းသိရသည်။ သိပ္ပံအမည်မှာ Calophyllum Inophyllum ဖြစ်သည်ဟု မှတ်သားရပါသည်။ ပုန်းညက်ပင်သည် အပင်ကြီးမျိုးဟု သိရသည်။ အမြင့်ပေ ၅၀ ခန့်ရှိပြီး ပင်စည်လုံးပတ်မှာ  ၁၀ ပေခန့်ရှိကြောင်း ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထား သည်ကို တွေ့ရပါသည်။ အင်းဝခေတ်ရဟန်းစာဆို ရှင်ဥတ္တမကျော်ကလည်း တောလားတစ်ပုဒ်တွင် “ပျံ့ရှားအေးလှိုင်၊ ပုန်းညက်ခိုင် လည်း၊ နံ့ကြိုင်ကြိုင်ကဋ်၊ ထုံရည်ဆွတ်၍”ဟုလည်းကောင်း၊ စာဆိုမယ်ခွေကလည်း သူ၏ ဆယ့်နှစ်လရာသီဖွဲ့ အဲချင်းတွင် “ပုန်းညက် အနန်း၊ နှင်းဆီပန်းနှင့်၊ စခန်းကြိုင်သင်း၊ ရဂုံတွင်းမှာ” ဟု ဝါဆိုလဘွဲ့တွင်ရေးဖွဲ့ခဲ့ပါသည်။ ပုန်းညက်ပင်ကို မြန်မာတို့သည်  မြန်မာ အမည်စစ်စစ်ဖြင့်သော ခေါ်ကြသည်။

ပါဠိသက္ကတမှဆင်းသက်လာသော “ပုန်းညက်” ကို “ပုန္နာဂ၊ ပုန်နာဂ်၊ ပုန်းညက်” ဟူသောအမည်များဖြင့်လည်းခေါ်ကြောင်း ဆရာမင်းသုဝဏ် ရေးသားထားကြောင်း ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။

ပြုဗ္ဗာသဠ်ရာသီနက္ခတ်မှာ ပါဠိဝေါဟာရအာသဠီမှ ပြုဗ္ဗာသဠ်ဖြစ်လာသည်ဟုဆိုပါသည်။ အာသဠီမှအာသဠာကို အာသန်ဟု မြန်မာမှု ပြုထားရာမှ ပြုဗ္ဗ+အာသန်မှ ပြုဗ္ဗာသန်ဟူ၍ဖြစ်လာခဲ့ကြောင်းသိရသည်။

ဤသဘောကို ရှေးဟောင်းခေတ္တရာနဝဒေကြီး၏ “တကြူးကြူးလျှင်”  ချီပိုဒ်စုံရတု၏ ဒုတိယပိုဒ်တွင် “တစ်မြည်ချုန်းချုန်း၊ တက်ပုန်း တန်မိုး၊ လှိုင်းတိုးမြစ်တွင်း၊ မုန်တိုင်းပြင်းနှင့်၊ မြေသင်းလည်းပြန်၊ အာသန်ရာသီ၊ ခေါ်ညီရတု၊  မင်းရေးရှုလျက်” ဟု ရေးစပ်သီကုံးခဲ့ပါ သည်။

ဝါဆိုဝါခေါင်နှစ်လသည် ဝဿာနဥတုဖြစ်ကြောင်း ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖော်ပြထားကြောင်း မှတ်သားရသည်။ ဤဥတု သည်စိုစွတ်၏။ ပူတုံအေးတုံရှိ၏။ မှက်၊ ခြင်၊ ယင်၊ ဖား အစရှိသောသတ္တဝါတို့ပေါ၏။ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်များတွင် ရေပြည့်လျှံတက်၏။ ကြာပန်းတို့လည်း ပွင့်ကြကုန်၏။ ဝါဆိုလသည် “နယုန်မိုးသေးမြက်သားမွေး” ပြီးသည်ဖြစ်၍ နယ်ရှစ်ခွင် စိမ်းစိုလျက်ရှိပါသည်။ ထို့ပြင် ဝါဆိုလသည် ထူးခြားမှုများစွာလည်း ရှိပါသေးသည်။

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဟူသော သံပေါက်ကဗျာကဲ့သို့ပင် မြတ်စွာဘုရားရှင်၏ ဘဝဖြစ်တော်စဉ် ဗုဒ္ဓဝင်လာဝိသေသလေးချက်တို့ကို ဖော်ပြလျက်ရှိပေသည်။

(၁)       ဝါဆိုလပြည့် ကြာသပတေးနေ့ ဘုရားရှင်သန္ဓေယူသောနေ့

(၂)        ဝါဆိုလပြည့် တနင်္လာနေ့ ဘုရားရှင်တောထွက်တော်မူသောနေ့

(၃)       ဝါဆိုလပြည့် စနေနေ့ ဘုရားရှင်ဓမ္မစကြာဟောတော်မူသောနေ့

(၄)       ဝါဆိုလပြည့် ဘုရားရှင်တန်ခိုးပြာဋိဟာပြသောနေ့ စသည့်နေ့ထူးနေ့မြတ်များပင်ဖြစ်ပါသည်။

ဝါဆိုလပြည့် သန္ဓေယူသောနေ့

ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင် သန္ဓေယူသောနေ့ ဖြစ်ပါသည်။ ဘုရားအလောင်းတော် သေတကေတုနတ်သားသည်   စုတေရန် အချိန်စေ့ရောက်သဖြင့်  ကပိလဝတ်ပြည် သုဒ္ဓေါဒနမင်းကြီး၏  မိဖုရားခေါင်ကြီး သီရိမဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေယူတော်မူပါသည်။ ဘုရားအလောင်းတော်တို့ ပဋိသန္ဓေယူရာ မိခင်၏ အသက်အပိုင်းခြားသည် မဇ္ဈိမဝယ-ဟုခေါ်သော  ဒုတိယအရွယ်၏ တတိယကောဋ္ဌာသ-သုံးခုမြောက် အသက်အပိုင်းရောက်ဆဲ ဖြစ်လေသည်။ မယ်တော်၏အသက်သည် ငါးဆယ့် ငါးနှစ် လေးလခန့်ရောက်သောအခါဖြစ်၏။ မယ်တော်သီရိမဟာမာယာဒေဝီသည် ဝါဆိုလပြည့်နေ့၌ ဥပုသ်သီလဆောက်တည်လျက် ဝါဆိုလပြည့်နေ့ညဉ့်၏နောက်ပိုင်း ပစ္ဆိမယံဝယ် လျောင်းစက်တော်မူရာ ပဋိသန္ဓေ၏ရှေ့ပြေးနိမိတ်ကို မြင်မက်တော်မူလေသည်။  အိပ်မက်မြင်မက်သော ထိုအခိုက်ကာလ၌ပင် ဘုရားအလောင်းတော် သေတကေတုနတ်သားသည် တုသိတာနတ်ပြည်ရှိ နန္ဒဝန် ဥယျာဉ်တော်မှ သတိသမ္ပဇဉ်တရား လက်ကိုင်ထား၍ နတ်သက်ကြွေကာ သီရိမဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ ယူတော်မူလေသည်။ ထိုနေ့သည်ကား မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့ဖြစ်လေသည်။

ဝါဆိုလပြည့်တောထွက်တော်မူသောနေ့

မြတ်စွာဘုရားရှင်သည် ဤကဲ့သို့ ပဋိသန္ဓေယူတော်မူပြီးနောက် လူတို့၏ ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာအတိုင်း ကိုးလပြည့်မြောက် ဆယ်လ ရောက်သောအခါ ဖွားမြင်တော်မူခဲ့လေသည်။ ဘုရားအလောင်းတော်သည် ဖွားမြင်တော်မူပြီးပြီးချင်း မြောက်အရပ်သို့မျက်နှာမူပြီး ခြေခုနစ်ဖဝါးလှမ်းလျှောက်ကာ ရဲရဲတောက်စကားငါးခွန်းကို ကြုံးဝါးမြွက်ဆိုတော်မူလေသည်။

(၁)       ငါသည် လောကသုံးပါးတွင် အမြတ်ဆုံးဖြစ်၏။

(၂)        ငါသည် လောက၌ အကြီးကဲဆုံးဖြစ်၏။

(၃)       ငါသည် လောကသုံးပါးတွင် အချီးမွမ်းအပ်ဆုံးဖြစ်၏။

(၄)       ယခုဘဝသည် ငါ့အဖို့ ပဋိသန္ဓေနေရခြင်းသည် နောက်ဆုံးဖြစ်လေ၏။

(၅)       ယခုအခါ ငါ့အဖို့ရာ တစ်ဖန်ဘဝသစ်ဖြစ်ရခြင်း မရှိတော့ပြီဟု ရဲရဲတောက်ကြုံးဝါးတော်မူလေသည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် သက်တော် ၂၉ နှစ်အရွယ်သို့ချင်းနင်းဝင်ရောက်ခဲ့လေရာ ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်းတည်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူရာမှ သတိသံဝေဂရကာ ကိလေသာတို့၏ကုန်ရာ မသေခြင်းကင်းရာကို ရှာဖွေရန် ဆုံးဖြတ်ခဲ့လေသည်။ ထို့နောက် ဘုရားအလောင်းတော်က အမောင်ကဏ္ဍက ယနေ့တစ်ညတော့ သင်ငါ့အားကူညီပါလော့၊  ငါသည်သင့်ကိုအကြောင်းပြု၍ လောကသုံးပါး၌ရှိကြကုန်သော သတ္တဝါတို့အား နိဗ္ဗာန်တည်းဟူသော သောင်ကမ်းသို့ ပို့ဆောင်ပေး ဖို့ရာ ငါ့အားကူညီပါလော့ဟုဆိုကာ တောထွက်တော်မူခဲ့ပါသည်။ ထိုနေ့သည်ကား မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာ နေ့ ညဉ့်သန်းခေါင်ယံ အချိန်ပင်ဖြစ်ပါသည်။

ဝါဆိုလပြည့် ဓမ္မစကြာနေ့

မြတ်စွာဘုရားရှင်သည် တောထွက်တော်မူပြီးနောက် ဒုက္ကရစရိယာဟူသော အစွန်းနှစ်ပါးမလွတ်သည့်အကျင့်ကို အပြင်းအထန် ကျင့်တော်မူခဲ့လေသည်။ သို့သော် တရားထူးကိုမရခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် မဇ္ဈိမပဋိပဒါတည်းဟူသော အလယ်အလတ် လမ်းစဉ်ကို ကျင့်ကြံအားထုတ်ခဲ့ရာ တရားထူးတရားမြတ်ကိုရရှိခဲ့ပါသည်။ ထိုတရားထူးတရားမြတ်ကို ပဉ္စဝဂ္ဂီငါးဦးအား   ဟောကြား တော်မူခဲ့ပါသည်။ ထိုတရားသည်ကား ဓမ္မစက္ကပဝတ္တနသုတ်ပင်ဖြစ်ပါသည်။ ထိုတရားတော်သည် အသိစက်ကိုလည်စေခြင်းဟု အဓိပ္ပာယ်ရပါသည်။

ဓမ္မစက္ကပဝတ္တနသုတ်ဟူသည်မှာ “ဒွေ မေ ဘိက္ခေ၀ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” အစချီသော တရားတော်ပင်ဖြစ်ပါသည်။ “ဘိက္ခဝေ-ပဉ္စဝဂ္ဂီအမှူးထားတဲ့ ပရိသတ်တို့၊ ပဗ္ဗဇိတေန-အိမ်ရာထူထောင် လူ့ဘောင်ကိုစွန့်၍ ရဟန်းအဖြစ်ရောက်လာသူမှန်လျှင်၊ ဒွေ-နှစ်ပါးကုန်သော၊ ဣမေ အန္တာ-ဤအစွန်းနှစ်ဖက်ကို၊ န သေဝိတဗ္ဗာ-မမှီဝဲအပ်ကုန်” ဟူ၍ အစွန်းနှစ်ပါးကို ရှောင်ရန်  ဟောကြား ထားပါသည်။ ထိုအစွန်းနှစ်ပါးသည်ကား (၁)ကာမသုခလ္လိကာနုယောဂေါ-ကိလေသာ ကာမချမ်းသာကို အဖန်ဖန် ခံစားခြင်း၊ (၂)အတ္တကိလမထာနုယောဂေါ - မိမိခန္ဓာကိုယ်ကို အလွန်အမင်းညှဉ်းဆဲ၍ ကျင့်ကြံခြင်းတို့ပင် ဖြစ်ပါသည်။

ဓမ္မစကြာတရား၏ အနှစ်ချုပ်သည် ထိုအစွန်းနှစ်ပါးကိုရှောင်ကြဉ်၍ မဇ္ဈိမပဋိပဒါ-အလယ်အလတ် လမ်းမှန်ကိုသာ ကျင့်ကြံရေး ဟူသော အသိကိုဖြစ်ပေါ်စေသည့် တရားပင်ဖြစ်ပါသည်။ ထို့နောက် မဂ္ဂင်ရှစ်ပါးကိုသိမြင်ရေး၊ သစ္စာလေးပါးကို သိမြင်စေရေး စသည်တို့ဖြစ်ပါသည်။ ထိုဓမ္မစကြာတရားကြောင့်ပင် ဘုရားအဖြစ်ဝန်ခံတော်မူကာ ဘုရားရတနာပေါ်ပေါက်လာပြီး ထိုဓမ္မစကြာ တရားကြောင့်ပင် တရားရတနာ ပေါ်ပေါက်လာခဲ့ပေသည်။  ထို့ပြင်  ဧဟိဘိက္ခုဟူသော စကားကိုစတင်ကြားရသော နေ့လည်းဖြစ်ပါ သည်။  ထိုနေ့သည်ကား  အနောက်မျက်နှာသို့နေဝင်၍  အရှေ့မျက်နှာတွင်လထွက်ချိန် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့် စနေ နေ့ပင်ဖြစ်ပါသည်။

ဝါဆိုလပြည့် တန်ခိုးပြာဋိဟာပြသောနေ့

“ရာဇဂြိုဟ်သူဌေးတစ်ယောက်သည် ရေချိုးဆိပ်ဆင်းရာတွင် ဟိမဝန္တာမှမျောလာသော စန္ဒကူးသပိတ်တစ်လုံးကိုရရှိလေရာ   အတောင်ခြောက်ဆယ်ခန့်မြင့်သောဝါး၌ချည်၍ ကောင်းကင်၌ထားကာ လောက၌ ရဟန္တာစင်စစ်ဖြစ်သူ ကောင်းကင်ခရီးဖြင့် ယူစေဟု” စာကပ်၍ထားလေသည်။  ထိုအခါ ဘုရားအမည်ခံတိတ္ထိတို့သည် နည်းအမျိုးမျိုးဖြင့် ယူသော်လည်းမရပေ။ သပိတ်ချိတ်ဆွဲ ထားပြီး ခုနစ်ရက်မြောက်နေ့တွင် ရှင်မဟာမောဂ္ဂလ္လာန်နှင့် ရှင်ပိဏ္ဍောလမထေရ်နှစ်ပါး ရာဇဂြိုဟ်မြို့တွင်းဆွမ်းခံကြွလာစဉ်  “အချင်း တို့ ငါတို့ပြည်မှာ ရဟန္တာဟုဝန်ခံသူတွေများသော်လည်း ကောင်းကင်ခရီးဖြင့်ကြွကာ သပိတ်ယူနိုင်သူက ယနေ့အထိမရှိပေ။ နောက် နောင်ဘုရားရဟန္တာဟု ပြောဆိုလျှင် မယုံကြည်တော့” ဟု သေသောက်ကြူးတို့ အချင်းချင်းပြောဆိုသွားကြသည်ကို မထေရ်နှစ်ပါး ကြားတော်မူလေသည်။

ထိုအခါ အရှင်ပိဏ္ဍောလမထေရ်သည် ရှင်မောဂ္ဂလ္လာန်၏စေခိုင်းမှုကြောင့် စတုတ္ထဈာန်ကိုဝင်စားကာ အလျား-၃ ဂါဝုတ် (၁ ဂါဝုတ် ၃ မိုင်-၃ ဂါဝုတ် ၉ မိုင်)ရှိသောကျောက်ဖျာကို ခြေမဖြင့်ညှပ်၍ ရာဇဂြိုဟ်မြို့ပေါ် အကြိမ်ကြိမ် ကြွတော်မူသည်။ မြို့သူမြို့သားတို့ ကြောက်လန့်စိုးရိမ်ဖြစ်ကာ ပြေးသူပြေး၊ ပုန်းသူပုန်းဖြင့် အုန်းအုန်းကျွက်ကျွက်ဖြစ်ကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူရာ အရှင်ပိဏ္ဍောလမထေရ်အား မေးမြန်း၍ တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူလေသည်။ ထိုအခါ တိတ္ထိ တို့သည် သိက္ခာပုဒ်ပညတ်သည်ကိုသိသောအခါ ကြွားလုံးထုတ်၍  ဘုရားရှင်နှင့်ပြိုင်၍ တန်ခိုးပြနိုင်ကြောင်း ပြောဆိုကြကုန်၏။

ထိုစကားကို ဗိမ္ဗိသာရမင်းကြီးကြားသော် ဘုရားရှင်အားလျှောက်ထားလေရာ ဘုရားသခင်က “ဤလမှ လေးလမြောက် ဝါဆို လပြည့်နေ့၌ ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တန်ခိုးပြာဋိဟာပြတော်မူမည်” ဟုမိန့်တော်မူကာ ဝါဆိုလပြည့်နေ့၌ ရေ၊ မီးအစုံဖြင့် ယမကပြာဋိဟာကိုပြတော်မူလေသည်။ ထိုအခါ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မေဉ္ဇိဋ္ဌ၊ ပဘာသရတည်းဟူသော ရောင်ခြည် တော်ခြောက်သွယ်တို့   ကြည်ညိုဖွယ်မဆုံးအောင် ကွန့်မြူးထွက်ပေါ်လာကုန်၏။ ထိုအခါ လူတို့သည် ၃၁ ဘုံကိုအလုံးစုံမြင် ကြလေ ကုန်၏။ ဤကား ဝါဆိုလပြည့်နေ့ပင်ဖြစ်ပါသည်။

ဝါဆိုလရာသီနှင့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် ထူးခြားသောနေ့ဟု ဆိုရပေမည်။ ဘုရားရတနာ ပေါ်ပေါက်သောလဖြစ်သလို တရားရတနာ ပေါ်ပေါက်သောလလည်းဖြစ်ပါသည်။ မြန်မာတို့ ၁၂ လရာသီသည် ထူးခြားဆန်းပြား၍ အလှူဒါန ကုသိုလ်တရားများဖြင့်လည်း ပြည့်နှက်နေသလို နိဗ္ဗာန်အထိရောက်အောင် ပို့ဆောင်ပေးနိုင်သော တရားထူးတရား မြတ်ပေါ်ထွက်ရာ  လလည်းဖြစ်ပါသည်။ ထို့ကြောင့် ဝါဆိုလသည် ၁၂ လရာသီအနက် ထူးခြားသောလဟုပင် ဆိုချင်ပါတော့သည်။  ။

ကိုကျော်စွာ(ကျိုက်ပိ)