ငြိမ်းချမ်းသောကမ္ဘာကြီးတည်ဆောက်ကြရန်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်)

လူသည် တစ်ဦးတစ်ယောက်တည်း သီးခြားရပ်တည်နေ၍ရသည်မဟုတ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် နေထိုင်ကြရသည်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် နေကြရာတွင်လည်း စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် ဘဝခရီးလျှောက်လှမ်းလိုကြသည်မှာ လူတိုင်း၏ ဆန္ဒဖြစ်သည်။ ထို့ကြောင့် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် နေရစဉ် စိတ်ချမ်းသာ ကိုယ်ချမ်းသာနေလိုပါက စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့်နေရအောင် အားထုတ်ဖို့လိုအပ်ပေသည်။ စိတ်ချမ်းသာကိုယ်ချမ်းသာနှင့် နေထိုင်နိုင်အောင် အားထုတ် နည်းမှာ ငါးပါးသီလကို လုံခြုံစွာစောင့်ထိန်းခြင်းဖြစ်သည်။ ငါးပါးသီလသည် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေး အတွက် လူလူချင်းဆက်ဆံရာ၌ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းသဖွယ်ဖြစ်သည်။ လူလူချင်းဆက်ဆံရေးဆိုရာ၌ ပတ်ဝန်းကျင်တစ်ခုလုံး ဆက်ဆံရေးလည်းပါဝင်သည်။ လူအချင်းချင်း ဆက်ဆံရေးကောင်းမွန်မှသာ လူ့ဘောင်လောကဖြစ်သော ကမ္ဘာကြီး ငြိမ်းချမ်းသာယာမည်ဖြစ်သည်။

လူ့ဘဝရခြင်းသည် မနုဿတ္တဘာဝေါ ဒုလ္လဘောဟူသည်နှင့်အညီ ထိုက်ထိုက်တန်တန်ရခြင်း ဖြစ်သည်။ ရခဲသော လူ့ဘဝကို ထိုက်ထိုက်တန်တန်ရခြင်းဖြစ်သည့်အတွက် ကောင်းမွန်စွာနေထိုင်ကြရပေမည်။ ကောင်းမွန်စွာနေထိုင်မှသာ လောလောဆယ် ပစ္စုပ္ပန်၌ ချမ်းသာမည်။ တမလွန်၌ချမ်းသာမည်ဖြစ်သည်။ ပစ္စုပ္ပန်နှင့်တမလွန်မှာ ချမ်းသာစွာနေထိုင်နိုင်ရေးမှာ ငါးပါးသီလဖြစ် ကြောင်း ထပ်ဆင့်ဆိုချင်ပါသည်။ လူတို့အနေဖြင့် အမြဲစောင့်ထိန်းအပ်သောကြောင့် နိစ္စသီလဟူ၍လည်း ခေါ်ပါသည်။ ထိုနိစ္စသီလကို ခါးဝတ်ပုဆိုးကဲ့သို့ သတိတရားဖြင့် မြဲမြံစွာစောင့်ထိန်းအပ်သည်။

ခါးဝတ်ပုဆိုးကျွတ်သွားပါက လောကတွင် ရှက်စရာကောင်းသကဲ့သို့ ငါးပါးသီလမမြဲပါကလည်း လောကတွင်ရှက်ဖွယ်ဖြစ်ပေသည်။ သို့ရာတွင် လူတို့အနေဖြင့် ပုဆိုးကျွတ်ခြင်းကိုသာ လောက၏ရှက်ဖွယ်အဖြစ် မှတ်ယူတတ်ကြပြီး ငါးပါးသီလမမြဲခြင်းကိုမူ လောက တွင်ရှက်ဖွယ်အဖြစ် မှတ်ယူခြင်းမရှိကြပါ။ မမြင်တတ်ကြပါ။ ငါးပါးသီလမမြဲခြင်းကို ပညာရှင်များက တိရစ္ဆာန်နှင့်အလားတူသည်ဟု ဆိုကြသည်။ တိရစ္ဆာန်တို့သည် ခါးဝတ်ပုဆိုးမရှိခြင်းကို ရှက်စရာဟုမသိသကဲ့သို့ လူမိုက်တို့သည်လည်း ငါးပါးသီလမမြဲခြင်းကို ရှက်စရာဟု မထင်ဘဲရှိနေသည်။ အမှန်အားဖြင့် ကမ္ဘာကြီး၌ ငြိမ်းချမ်းသာယာမှုမရှိခြင်းမှာလည်း လူမိုက်တွေပေါများ နေသော ကြောင့်ဟုဆိုပါက မှားမည်မဟုတ်ပေ။ လူလိမ္မာအရေအတွက်ထက် လူမိုက်အရေအတွက်က များပြားလာသောအခါ ကမ္ဘာကြီးတွင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ အေးချမ်းမှုများ ကွယ်ပျောက်လေသည်။

ထို့ကြောင့် ဤကမ္ဘာကြီးငြိမ်းချမ်းသာယာရေးအတွက် ဘယ်သူတရားပျက်ပျက်  ကိုယ်မပျက်ဟူသော စိတ်ကိုမွေးမြူကြရ မည်ဖြစ် သည်။ မိမိအနေဖြင့် ငါးပါးသီလကို မြဲမြံစွာစောင့်ထိန်းရပေမည်။ မိမိနည်းတူ သူတစ်ပါးကိုလည်း စောင့်ထိန်းဖြစ်အောင် တတ်စွမ်း နိုင်သမျှ ဆွဲဆောင်ရပေမည်။ သို့မှသာ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် မည်သူမဆိုစိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်မည် ဖြစ်သည်။ လူလူချင်းဆက်ဆံရာတွင် တစ်ဦးပေါ်တစ်ဦး ကိုယ်ချင်းစာစိတ်ဖြင့် ဆက်ဆံမည်ဆိုပါလျှင် ဆက်ဆံရေး ပြေပြစ်ချောမွေ့ မည်။ တစ်ဦးကိုတစ်ဦးက သတ်ရန်မဆိုထားနှင့် တစ်ဦး၏ အကျိုးစီးပွားကိုတစ်ဦးက ထိခိုက်အောင် နစ်နာအောင်ပြုမည်မဟုတ်ပေ။ ထို့အတူသူ့ အကျိုးပျက်စီးစေမည့် သူ့ပစ္စည်းကိုယူဖို့မဆိုထားနှင့် ပေးသောပစ္စည်းကိုပင် ယူလိုစိတ်ရှိမည်မဟုတ်ပါ။ အဒိန္နာဒါနာ သိက္ခာပုဒ်အရ သူတစ်ပါးပစ္စည်းကို သူမပေးဘဲမယူခြင်း ခိုးယူမှုမပြုခြင်းသည် လူအချင်းချင်း ဆက်ဆံရေး ကောင်းမွန်စေသည်။

လူတို့သည် တဏှာလောဘကြောင့် သောကဖြစ်ရ၏။ တဏှာလောဘကြောင့်ဘေးဖြစ်ရ၏။ တဏှာလောဘမရှိသူ၌ သောကသည် မဖြစ်တော့၊ ဘေးဆိုသည်ကား ဆိုဖွယ်ရာရှိတော့မည် မဟုတ်ပါ။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းဟူသည်မှာ သူတစ်ပါး သားမယားကိုစော်ကားခြင်း တဏှာလောဘဖြစ်သည်။ မုသာဝါဒါဆိုသည်မှာ လိမ်ညာ၍ပြောခြင်းဖြစ်သည်။ သူတစ်ပါး အကျိုး ပျက်စီးအောင် လိမ်လည်လှည့်ဖြားပြောဆိုခြင်းသည် မုသာဝါဒဖြစ်သည်။ မဟုတ်မမှန်သောစကားကိုရယ်ရွှင်ဖွယ်အဖြစ်ပင် မပြောဆို သင့်ပါ။ သုရာမေရယ အရက်သေစာ သောက်စားမူးယစ်ခြင်းဖြင့် မကောင်းမှုမှန်သမျှပြုလုပ်ရန် ဝန်လေးတော့မည် မဟုတ်ပေ။ ယနေ့ ခေတ်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် စိတ်ကြွဖောက်ပြန်ကာ လူသတ်မှုကိုပင် လွယ်ကူစွာ ကျူးလွန်လာကြလေသည်။

လူသားအားလုံးသည် ငါးပါးသီလကို လုံခြုံစွာစောင့်ထိန်းနိုင်မည်ဆိုပါက ဤကမ္ဘာကြီးတွင် တရားဥပဒေပင် ထုတ်ပြန်ထားရန် မလိုပေ။ ကမ္ဘာ့ဥပဒေဟူသမျှသည် ငါးပါးသီလ၌ တစ်နည်းမဟုတ်တစ်နည်းဖြင့် အကျုံးဝင်နေသည်သာဖြစ်သည်။ ယနေ့ ကမ္ဘာကြီး တွင်မြင်တွေ့နေရသည်မှာ အင်အားကြီးနိုင်ငံအချို့က အင်အားငယ်သောနိုင်ငံများအပေါ် မုသားစကား သတင်းအမှားများ အသုံးပြု ကာ ဝင်ရောက်စွက်ဖက်လျက်ရှိနေသည်။ ငါးပါးသီလကို လွယ်လွယ်ကူကူ ဖောက်ဖျက်နေကြသည်။ လူသားမှန်သမျှတို့သည် ကိုယ်စီ အသိဖြင့် ငါးပါးသီလသို့မဟုတ် နိစ္စသီလကို စောင့်ထိန်းလိုက်နာကြမည်ဆိုပါက ဤကမ္ဘာကြီးသည် အလွန်ပင် အေးချမ်းသာယာ နေမည်။ ထို့ကြောင့် လူတိုင်းသည် ကောင်းသောအကျင့်၊ ကောင်းသောအကြံကို မြဲမြံစွာကျင့်သုံးကြလျက် ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို တည်ဆောက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။