ပြည်တွင်းစားသုံးဆီဖူလုံဖို့ သေချာရေရာအောင် နေကြာတိုးချဲ့စိုက်ပျိုးကြပါစို့
ဆီထွက်သီးနှံနေကြာမှာ မြန်မာတောင်သူ များနှင့် မစိမ်းလှပါ။ မြန်မာနိုင်ငံတွင် နေကြာကို ယခင်ကတည်းက နိုင်ငံအဝှမ်း စိုက်ပျိုး ခဲ့ကြပြီး နေကြာစိုက်ခင်းများဖြင့်ဝေဆာစွာအလှဆင်ခဲ့ကြသည်။ နေကြာရနံ့သင်းပျံ့ခဲ့သည်။ နေကြာစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင် ခဲ့ကြသည်။ ယခုအခါ ဆီထွက်သီးနှံနေကြာကို ပြည်တွင်းစားသုံးဆီလိုအပ်ချက်အရ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေကြာစိုက်ဧက တိုးမြှင့်စိုက်ပျိုးတော့မည်ဖြစ်သည်။ ယင်းသို့ ဆီထွက်သီးနှံနေကြာအား အရှိန်အဟုန် မြှင့်တင်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ဧကသတ်မှတ်ပြီး ယခုနှစ် မိုးရာသီမှစတင်၍ ကြိုးပမ်းပြင်ဆင် ဆောင်ရွက်လျက်ရှိနေကြပေသည်။
ဤသတင်းစကားများကြောင့် စာရေးသူသည် ဆီထွက်သီးနှံနေကြာစိုက်ပျိုး ထုတ်လုပ်မှုအဆင့်ဆင့်အား နေကြာစိုက် တောင်သူများ ထံ အချိန်မီ သတင်းစကား လက်ဆောင်ပါးလိုပါသောကြောင့် ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင် မြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း သတင်းစကားရယူပြီး ရရှိသော နေကြာစိုက်ပျိုးရေး သိကောင်းစရာ အချက်အလက်များကို နေကြာစိုက်တောင်သူများထံ တိုက်ရိုက်သတင်းစကား လက်ဆောင်ပါးလိုက်ရပေသည်။
ယင်းဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး ကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး၌ နေကြာစိုက်ဧကပေါင်း ၁ ဒသမ ၅ သန်း စိုက်ပျိုးသွားမည်ဖြစ်သည်။ စိုက်ဧက အပြည့်အဝ အောင်မြင်ဖြစ်ထွန်း စေရေးအတွက်လည်း အဘက်ဘက်မှ ကြိုးပမ်းပြင်ဆင် ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်သည်။ နေကြာစိုက်ပျိုးရေးကို မြန်မာတောင်သူများ စိတ်ဝင်စားကြသည်။ လိုလိုလားလား စိုက်ပျိုးလို ကြသည်။ အကြောင်းမှာ နေကြာသည် တောင်သူများအတွက် အကျိုး ပေးသီးနှံဖြစ်သည်။ အခြားဆီထွက်သီးနှံများနှင့် နှိုင်းယှဉ် ကြည့်မည်ဆိုလျှင် နေကြာ သည် စိုက်ပျိုးရလွယ်ကူသော သီးနှံမျိုး ဖြစ်သည်။ စိုက်ပျိုးစရိတ်သက်သာသော သီးနှံလည်းဖြစ်သည်။ တစ်ယူနစ်ဧရိယာမှ ထွက်ရှိသောဆီထွက်နှုန်းလည်း ပိုမိုသော သီးနှံဖြစ်သည်။ ထို့ပြင် စိုက်ပျိုးသူ နေကြာ တောင်သူများအတွက် အကျိုးအမြတ် ကျိန်းသေရရှိနိုင်သော သေချာရေရာသော သီးနှံမျိုးဖြစ်သည်။ ဝင်ငွေတိုးတက်ရရှိစေပြီး အစားအစာ ဘေးကင်း လုံခြုံစေသော သီးနှံမျိုးဖြစ်သည်။
ထို့ကြောင့်လည်း တောင်သူများက နေကြာကို လိုလိုလားလားစိုက်ပျိုးလိုကြခြင်း ဖြစ်သည်။ အဓိကအားဖြင့် နေကြာစိုက်တောင် သူများလိုလားချက်မှာ တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်ရရှိစေရေးပင် ဖြစ်သည်။ နေကြာစိုက်ပျိုးဖို့ သင့်လျော် သောသီးနှံပုံစံမှာ သီးသန့်စိုက်ပျိုးကြခြင်း ဖြစ်သည်။ နေကြာသီးနှံကို တစ်နှစ် တစ်ရာသီသာ စိုက်ပျိုးနိုင်သောဒေသများတွင် သီးသန့်စိုက်ပျိုး ကြခြင်းဖြစ်သည်။ ဆီထွက်သီးနှံနေကြာမှာ ဘက်စုံရသီးနှံမျိုး ဖြစ်သည်။ ဆီထွက်သီးနှံနေကြာကို သီးထပ်လည်း စိုက်ပျိုးနိုင်ကြ သည်။ စပါးအပြီး သီးထပ်စိုက်ပျိုးခြင်း၊ သက်လျင်၊ သက်လတ်စပါးမျိုးများ ရိတ်သိမ်းအပြီး (မြေအစိုဓာတ်)မခန်းခြောက်မီ အချိန်လု၍ ထွန်ယက်၊ ထယ်ထိုးစိုက်ပျိုးခြင်းတို့အပြင် နေကြာသီးနှံကိုကျင်းတူး၍ စိုက်ပျိုးနိုင်သည်။ ကျင်းတူး၍စိုက်ပျိုးလျှင် ထယ်ရေး ထွန်ရေး ဆောင်ရွက်ရန် မလိုခြင်း ဖြစ်သည်။
ထိုမျှမကပေ။ ဆီထွက်သီးနှံနေကြာကို ယာသီးနှံများဖြစ်သော မိုးမြေပဲ၊ နှမ်းလျင်၊ သက်လျင်၊ ပဲတီစိမ်းနှင့် ပြောင်းဖူး စသော သီးနှံများ ရိတ်သိမ်းပြီးနောက်ပိုင်းတွင်လည်းသီးထပ်အဖြစ်စိုက်ပျိုးနိုင်ကြပေသည်။ ထို့ပြင် ဆီထွက်သီးနှံနေကြာကို သီးညှပ်အဖြစ်လည်း စိုက်ပျိုး နိုင်ကြသည်။ သီးညှပ်စိုက်ပျိုးရာတွင် နေကြာသီးနှံကို ဂျုံ၊ ပဲတီစိမ်း၊ ကြံနှင့် ပဲစင်းငုံ စသောသီးနှံများ၏ တန်းကြားတွင်လည်း ညှပ်၍စိုက်ပျိုးနိုင်ကြသည်။
ဘက်စုံရ နေကြာသီးနှံကို မိုးဦးသီးနှံ ဖြစ်သော ချည်မျှင်ရှည်ဝါ၊ သက်လျင်၊ ပဲတီစိမ်း၊ မိုးဦးနှမ်းလျင်တို့ကို စိုက်ပျိုးပြီး နောက်ပိုင်း တွင်လည်း ဂျုံသီးနှံ၏သီးညှပ် အဖြစ် စိုက်ပျိုးနိုင်ကြပါသေးသည်။ နေကြာ နှင့်အခြားသီးနှံများ တွဲဖက်စိုက်ပျိုးရာတွင် ဂျုံလေးတန်း၊ နေကြာတစ်တန်း၊ ပဲတီစိမ်းနှင့် သီးညှပ်စိုက်ပျိုးရာတွင် ပဲတီစိမ်းလေးတန်း၊ နေကြာတစ်တန်း၊ နေကြာကို ကြံဖြင့်သီးညှပ် စိုက်ပျိုး ရာတွင် ကြံပင်နှစ်တန်း၊ နေကြာ တစ်တန်းစိုက်ပျိုး၍ရသည်။ ပဲစင်းငုံနှင့် သီးညှပ်စိုက်ပျိုးမည်ဆိုပါက ပဲစင်းငုံနှစ်တန်း ကြားတွင် နေကြာ တစ်တန်းစိုက်ပျိုးနိုင်သေးသည်။
နေကြာစိုက်တောင်သူများ အဓိကသိထားရမည့်အချက်မှာ သီးညှပ်စိုက်ပျိုးရာတွင် နေကြာကို တစ်ပင်နှင့်တစ်ပင် (၁ ပေ) အကွာ အဝေးခြား၍ စိုက်ပျိုးရမည်ဖြစ်သည်။ ဤအချက်မှာ အရေးကြီးသော အချက်ဖြစ်သည်။ ထို့ပြင် ဆီထွက်သီးနှံ နေကြာကို ကုလားပဲ ကဲ့သို့သော သီးနှံများ နှင့်လည်းရောပြီး “သီးရော” သီးနှံအဖြစ်လည်း နေကြာကိုစိုက်ပျိုးနိုင်ကြပါသေးသည်။
ဤသို့ ဆီထွက်သီးနှံနေကြာသည် သီးထပ်သီးညှပ်နှင့် သီးရောသီးနှံအဖြစ် စိုက်ပျိုးနိုင်ကြသောကြောင့် နေကြာစိုက် တောင်သူများ အတွက် စိုက်ပျိုးရလွယ်ကူ ပြီး စိုက်ပျိုးစရိတ်သက်သာသော သီးနှံမျိုး ဖြစ်နေသည်။
သို့ဖြစ်ရာ နေကြာသီးနှံအထွက်နှုန်း တိုးတက်စေမည့် အခြားနည်းလမ်းများ လည်း ရှိနေပါသေးသည်။ နေကြာသတင်း စကား လက်ဆောင်ပါးလိုပါသည်။ ယင်းတို့မှာ အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက် ရှိသော မျိုးကောင်းမျိုးသန့်၊ စပ်မျိုး (F1) အသုံးပြု စိုက်ပျိုးကြရမည်ဖြစ်ပေသည်။
နေကြာစိုက်ပျိုးကြမည့် တောင်သူများ အနေဖြင့် အထူးမှတ်သားရမည့်အချက်မှာ မိုးရာသီတွင် မေလမှ ဇွန်လအတွင်း စိုက်ပျိုး ရမည်ဖြစ်သည်။ မိုးနှောင်းရာသီ ချိန်တွင် နေကြာကို စိုက်ပျိုးမည်ဆိုပါက စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စိုက်ပျိုး ကြရမည်ဖြစ်သည်။ နေကြာ စိုက်ပျိုးရန်အတွက် မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ဆောင်ရွက်ထားမှသာလျှင် နေကြာစိုက်ပျိုးရေးတွင် အဆင်ပြေအောင်မြင်ဖြစ်ထွန်းမည်ဖြစ်သည်။
ထို့ပြင် နေကြာစိုက်တောင်သူများအတွက် နေကြာအထွက်နှုန်း တိုးတက်ရရှိရေးမှာ အဓိကအရေးပါသော အချက်ဖြစ်သည်။ (တစ် ဧကဝင်ဆံ့မည့် အပင်အရေအတွက်မှာ ၂၉၀၀၀) ဝင်ဆံ့ရမည်ဖြစ်သည်။ နေကြာပင်ကို တန်းကြား၊ ပင်ကြား (၂ ပေ _ ၉ လက်မ) ထားရှိပြီး စိုက်ပျိုးရမည် ဖြစ်သည်။ နေကြာမျိုးစေ့ကို (၁ ဒသမ ၅ လက်မ-၂ လက်မ) အနက်တွင် တစ်ကျင်း လျှင် နေကြာမျိုးစေ့ နှစ်စေ့နှုန်း ထည့်သွင်း စိုက်ပျိုးရမည်ဖြစ်သည်။
ဤသို့လျှင် နေကြာအထွက်နှုန်း တိုးတက်ရရှိဖို့ဆိုလျှင် မြေပြင်ချိန်ကလည်း အရေးကြီးသည်။ မြေပြင်ချိန်တွင် တစ်ဧကလျှင် သဘာဝ မြေသြဇာ ငါးတန် (နွားလှည်း ၁၀ စီး) ခန့်၊ ယူရီးယား ၁၁၂ ပေါင်၊ တီစူပါ ၅၆ ပေါင်နှင့် ပိုတက် ၅၆ ပေါင်တို့အား နေကြာ စိုက်ပျိုးမည့် မြေကြီးအတွင်းသို့ ထည့်သွင်းပေးထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ နေကြာကို စနစ်တကျစိုက်ပျိုးခြင်းအားဖြင့် နေကြာအထွက်နှုန်းအတွက် စိတ်ချရမည်ဖြစ်သည်။ သတ်မှတ်ထားသော နေကြာ အထွက်နှုန်းလည်း ရရှိမည်ဖြစ်ပေသည်။ နေကြာတောင်သူများအတွက် ဝင်ငွေတိုးပွားအကျိုးများမည့် နေကြာသီးနှံ အထွက် တိုးနည်းလမ်းများကိုလည်း ထပ်မံ၍သတင်းစကားပါးလိုသည်။ ယင်းတို့မှာ နေကြာသီးနှံအပင်ပေါက်စုံပြီး ၁၄ ရက်သားတွင် တစ်ကျင်း တစ်ပင်ချန်ပြီး သားခွဲရမည်ဖြစ်သည်။
နေကြာအပင်ပေါက် ငယ်စဉ်မှာ ပေါင်းမြက်ကင်းစင်ဖို့အဓိကဖြစ်သည်။ နေကြာပင် အဖူးဝင်ချိန် (၂၅-၃၀) ရက်သားခန့်တွင် တစ်ဧက လျှင် ယူရီးယား ၅၆ ပေါင် ထပ်မံထည့်သွင်း ပေးရမည်ဖြစ်သည်။ အဖူးဝင်ချိန် (၃၀-၃၅) ရက်သားခန့်နှင့် ပန်းပွင့်ချိန် (၅၅-၆၀) ရက်သားခန့်တွင် နေကြာပင် အခြေအနေကိုကြည့်၍ ရေပေးသွင်းရမည်ဖြစ်သည်။ မွေးမြူရေး ပျားအုံများကိုလည်း တစ်ဧကလျှင် တစ်ပုံး၊ နှစ်ပုံးထားရှိပေးရမည်ဖြစ်သည်။
ယင်းသို့ နေကြာအထွက်နှုန်း တိုးတက်ရရှိရန် အဘက်ဘက်မှ ကြိုးပမ်းစွမ်းဆောင်နေကြသော်လည်း နေကြာအထွက်နှုန်း ယုတ်လျော့စေသော သို့မဟုတ် အထွက်နှုန်းကျဆင်းစေသော လုပ်ငန်းတစ်ခုမှာ နေကြာသီးနှံဖျက် ပိုးမွှားအန္တရာယ်ဖြစ်သည်။ သီးနှံဖျက် ပိုးမွှားများကို သီးနှံကာကွယ်ရေး ပိုးသတ်ဆေးများဖြင့်လည်းကောင်း၊ နေကြာစိုက်ခင်းအတွင်း ဝင်ရောက်ဖျက်ဆီးသော ကြွက်အန္တရာယ်နှင့် ကြက်တူရွေးဖျက်ဆီးမည့် အန္တရာယ်များကိုလည်းကောင်း ကြိုတင်ဟန့်တား ကာကွယ်နှိမ်နင်း ကြရမည် ဖြစ်ပေသည်။
သို့ဖြစ်ပေရာ နေကြာစိုက်တောင်သူများ ကြိုးပမ်းစိုက်ပျိုးခဲ့သော နေကြာပင်၏ နေကြာရိတ်သိမ်းချိန်မှာလည်း အရေးကြီးလှပါသည်။ နေကြာရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိဘဲ စနစ်တကျရိတ်သိမ်းနိုင်ပါက နေကြာအထွက်နှုန်းကို မထိခိုက်နိုင်ပါ။ တောင်သူများ အနေဖြင့် နေကြာပွင့်နောက်ကျောဘက်တွင် အဝါရောင်သန်းလာပြီလား၊ မသန်းသေးဘူးလား၊ ဆိုသည်ကို လေ့လာကြည့်ရှုရပါမည်။ အဝါရောင်သန်းလာပြီဆိုပါက နေကြာပင်သက်တမ်း ၈၀-၈၅ ရက်သားခန့်တွင်နေကြာကို အချိန်မီ ရိတ်သိမ်းကြရမည်ဖြစ်ပေသည်။
ယင်းသို့ ရိတ်သိမ်းပြီးသော နေကြာပွင့်များအား နှစ်ရက်၊ သုံးရက်နေလှန်း၍ ခြွေလှေ့သန့်စင်ပါ။ ရရှိနေသော နေကြာစေ့များအား နှစ်ရက်၊ သုံးရက်နေလှန်းအခြောက်ခံပြာတီး၍ အစိုဓာတ် (၇-၉) ရာခိုင်နှုန်းတွင် သိုလှောင်ထားဖို့ဖြစ်ပါသည်။
နေကြာကို မျိုးကောင်း၊ မျိုးသန့်(စပ်မျိုး) F1 ကို တောင်သူများ စိုက်ပျိုးကြမည်ဆိုလျှင်အထွက်နှုန်းအတွက် စိတ်ချရပါသည်။ နေကြာ မျိုးကောင်းမျိုးသန့်ကို ရယူသုံးစွဲခြင်းမရှိပါက နေကြာအထွက်နှုန်းလျော့နည်းဖို့ဖြစ်လာနိုင်ပါသည်။ နေကြာမျိုးကောင်းမျိုးသန့်ကိုသာ ရွေးချယ်စိုက်ပျိုးကြဖို့ သတင်းစကားလက်ဆောင်ပါး ပါသည်။
သို့ဖြစ်ရာ မြန်မာတစ်ပြည်လုံးမှာ နေကြာစိုက်ပျိုးကြမည့်တောင်သူများကို အထူးသတိပေးလိုသည်မှာ တောင်သူ အချင်းချင်းထံမှ ရရှိသော နေကြာမျိုးများ နှင့် ပွဲရုံများမှရရှိသော နေကြာမျိုးများကို အသုံးမပြုကြဖို့ ဖြစ်ပါသည်။
နေကြာမျိုးကောင်းမျိုးသန့်ရရှိနိုင်သော နေရာများကတော့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ထုတ် ကုမ္ပဏီများနှင့် မျိုးစေ့ထုတ်တောင်သူ အသင်းအဖွဲ့များမှရောင်းချသော (နေကြာ စပ်မျိုး)များကိုသာ ရယူသုံးစွဲစိုက်ပျိုးကြဖို့ ဖြစ်ပေ သည်။ သို့ဖြစ်ရာ နေကြာသီးနှံသည် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းသုံးရာသီစလုံး အောင်မြင်စွာစိုက်ပျိုးနိုင်သော ဘက်စုံ သီးနှံဖြစ်ခြင်း ကြောင့် နေကြာသည် ထူးခြား သောသီးနှံဖြစ်ပါသည်။ စိုက်ဧရိယာတိုးချဲ့ ရေးအတွက် အခွင့်ကောင်းများရရှိနေသော သီးနှံလည်း ဖြစ်ပေသည်။ ဆီထွက် သီးနှံနေကြာကို အလားအလာရှိသော မြန်မာပြည်တစ်ဝန်းဒေသများတွင် နေကြာစိုက်ဧက တိုးချဲ့ စိုက်ပျိုးခြင်း၊ အစေ့ထွက်နှင့် ဆီထွက်နှုန်းကောင်းသော စပ်မျိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုး ခြင်းပြုလုပ်ပါက နေကြာ တစ်ဧကအထွက်နှုန်းနှင့် ထုတ်လုပ်မှုတိုးတက်လာ မည်ဖြစ်သည့်အပြင် “ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံလာမည်” မှာ အသေအချာ ပင်ဖြစ် ပါသည်။
သို့ဖြစ်ပေရာ နေကြာသည်ကား တောင်သူများ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ် လေရာ အစေ့ထွက်နှင့် ဆီထွက်နှုန်းကောင်း သော စပ်မျိုးနေကြာကို စိုက်ပျိုးကြမည် ဆိုပါလျှင် နေကြာအထွက်နှုန်းသေချာစွာ ရရှိမည်ဖြစ်ပါ သောကြောင့် “ပြည်တွင်း စားသုံးဆီဖူလုံဖို့ သေချာရေရာအောင် နေကြာတိုးချဲ့စိုက်ပျိုးကြပါစို့” ဟုသာ သတင်း စကားလက်ဆောင် ပါးရေးသားလိုက်ရပါ ပေသည်။ ။
မော်ကျွန်း-မြင့်အောင်