အောင်မြင်လိုသူတိုင်း ကြိုးစားကြသည်

အောင်မြင်လိုသူတိုင်း ကြိုးစားကြသည်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅ ရက်)

လောက၌လွန်လေပြီးသောအရာတို့သည် မရှိသောအရာများဖြစ်သည်။ ဖြစ်ပေါ်လာလတ္တံ့သောအရာတို့သည်လည်း မရှိသေးသော အရာများဖြစ်ကြသည်။ သို့အတွက် အနာဂတ်ကိုအားကိုးခြင်း၊ အတိတ်ကိုပြန်၍ ပြန်လည်လွမ်းဆွတ်ခြင်းတို့သည် အကျိုးမဲ့ဖြစ် လေသည်။ မိမိဘဝအတွက် မိမိ၏လက်ရှိအချိန်သည်သာ အကောင်းဆုံးဖြစ်သည်။ အလုပ်တစ်ခုကို အကြွေးမထားဘဲ ချက်ချင်း လုပ်ကိုင်တတ်သူ၊ ဆောင်ရွက်တတ်သူသည် တိုးတက်ကြီးပွားရန် ခြေလှမ်းစတင်လှမ်းသူဖြစ်သည်။ အစပြုတတ်သောအလေ့ရှိမှသာ ကြီးပွားချမ်းသာရာရနိုင်လေသည်။ အများသူငါတို့လိုလားသော တိုးတက်ကြီးပွားခြင်းသည် တစ်ချက်တည်းဖြင့်ကြီး ပွားနိုင်သည် မဟုတ်ပေ။ အဆင့်ဆင့်သော သင်ယူတတ်မြောက်စရာများကို သင်ကြားတတ်မြောက်ပြီးမှသာ ကြီးပွားခြင်းသို့ရောက်ပေမည်။

မည်သူတစ်ဦးတစ်ယောက်မျှတစ်လှမ်းတည်းလှမ်းသဖြင့် အထွတ်အထိပ်သို့မရောက်နိုင်ပါ။ မြင့်သောတောင်ထိပ်တို့မည်သည် တဖြည်းဖြည်းတက်ရလေသည်။ နိမ့်သောနေရာကိုသာ တစ်ချက်တည်းရောက်အောင်ခုန်ချနိုင်သော်လည်း တစ်ခါတစ်ရံ ကျိုးတတ်၊ ပဲ့တတ်၊ သေဆုံးတတ်ပါသေးသည်။ ယနေ့ခေတ်သည် ရှေးကထက်ပင် အတတ်ပညာရပ်တွေ ပေါများလှပေသည်။ “အသက်မွေးမှု တစ်ခုပညာကိုယ်စီပါ” ဟူသောစကားကဲ့သို့ မိမိနှင့်နီးစပ်သော အတတ်ပညာတစ်ခုခုကိုလိုချင်လျှင် နှိမ့်ချသောစိတ်နှင့် သည်းညည်းခံ သောစိတ်အရင်းခံရှိပါက မည်သည့်ပညာရှင်ထံမဆို သွားရောက်ကာ တပည့်ခံသင်ယူနိုင်လေသည်။

 ဝီရိယရှိသောသူနှင့် ရိုးသားဖြောင့်မတ်သူတို့အတွက် ပညာသင်ပေးချင်သည့် ဆရာများစွာရှိပါသည်။ မိမိကိုယ်ကို အသုံးကျသူ တစ်ယောက်ဖြစ်အောင် ကြံဆောင်နိုင်သောသတ္တိရှိပြီး ရိုးသားသောအလုပ်အကိုင် လုပ်ကိုင်လိုစိတ်ရှိရန်လိုအပ်သည်။ ထိုသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းကား ပေါများလှပါသည်။ အထူးသဖြင့် “နှုတ်ချို သျှိုတစ်ပါး” ဟုဆိုထားပေရာ မိမိကချိုချိုသာ သာမွန်မွန် ရည်ရည်ပြောဆိုမည်ဆိုလျှင် မကြိုက်မနှစ်သက်သူရှိမည်မဟုတ်ပါ။ မိမိပါးစပ်ကိုမိမိ လိမ္မာပါးနပ်စွာ အသုံးပြုတတ်ပါက လူချစ်လူခင်ပေါများပြီး အလုပ်ဆိုသည်မှာ ခက်ခဲမည်မဟုတ်ပါ။

မိမိအလုပ်ကို ကောင်းစွာကျွမ်းကျင်စေရမည်။ ကျွမ်းကျင်မှုရှိမှသာ သူများထက်သာလွန်ပေမည်။ လုပ်ငန်းမကျွမ်းကျင်သမျှ သူများ ထက်ထူးအောင်မကြံဆောင်နိုင်ချေ။ မိမိ၏အလုပ်နှင့်ပတ်သက်၍ နည်းလမ်းရှိသမျှကိုကြံရမည်။ ယနေ့ဈေးကွက်ဝင်ပစ္စည်းများကို လေ့လာကြည့်ပါက အချိန်ကာလအတိုင်းအတာ တစ်ခုရောက်ရှိသည်နှင့် မူလဒီဇိုင်းထက်လူအများ စိတ်ဝင်စားမှုရှိအောင် အသွင်အပြင် ပြောင်းလဲရောင်းချသည်ကို တွေ့မြင်ကြရသည်။ အသစ်အသစ်တို့ကြာမြင့်၍ ဟောင်းသွားသည့်အခါ နောက်ထပ် အသစ် အသစ်များကို ထပ်မံတီထွင်ကြရသည်။ လူအများစိတ်ဝင်စားအောင် ဆွဲဆောင်ကြရသည်။

ဤသို့တီထွင် ဆန်းသစ်နိုင်မှုရှိရန်အတွက် အဓိကလိုအပ်ချက်မှာ ရိုးသားမှု၊ ကြိုးစားမှုနှင့် ပညာရှာဖွေနိုင်မှုတို့ဖြစ်သည်။ “ပညာ ဆည်းပူး၊ ပန်းသို့ခူး” ဆိုသည့်ပမာ ပန်းကိုရှာဖွေဆွတ်သကဲ့သို့ ပညာကိုကြိုးပမ်းရှာဖွေ ဆည်းပူးရမည်သာဖြစ်သည်။ ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သောသူသည် ပရိသတ်အလယ်တွင် ရဲရဲရင့်ရင့်ပြောဆိုဝံ့၍ တင့်တယ်သည်။ ပညာရှာဖွေသူသည် ပျင်းရိခြင်း ကင်းရမည်။ ပျင်းနေလျှင် ပညာတတ်လိမ့်မည် မဟုတ်ကြောင်း ပညာရှင်များ ဆုံးမထားပြီးဖြစ်သည်။

စာအုပ်ရှိသမျှကို ဖတ်ရမည်။ သတင်းရှိသမျှကို နားထောင်ရမည်။ မှတ်သားသင့်သည့် အချက်အလက်များကို ရေးမှတ်ထားရမည်။ အချက်အလက်ကောင်းရှိသမျှ မလွတ်စေရန် သတိထားရှိရမည်။ ထိုကဲ့သို့ ဉာဏ်လက်နက်၊ ဝီရိယလက်နက်စုံလင်သောသူသည် အောင်မြင်ခြင်းကို ဆုပ်ကိုင်ထားနိုင်သည်။ ရှေးလူကြီးများ အဆက်ဆက်သည် နောင်လာနောက်သားများအတွက် ဦးဆောင် လမ်းပြ ဖြစ်ခဲ့ကြသည်။ အလုပ်ဖြင့်လည်း သက်သေပြခဲ့ကြသည်။ စာဖြင့်လည်း မှတ်တမ်းတင်ခဲ့ကြသည်။ မည်သည့်အလုပ်မှာမဆို ပထမတန်း ဖြစ်ရုံထက် ပထမတန်းစားထက် နည်းနည်းကလေးပိုအောင် စိတ်ကိုထားရမည်။ အကြံကောင်းသောသူသည် အလုပ် ကောင်းသောသူ၏ အရှင်ဖြစ်သည်ဟူသော စာမှတ်တမ်းသည် ရှေးလူကြီးများ၏ လက်ဆင့်ကမ်းအမွေဖြစ်သည်။

ဝီရိယရှိသောသူတို့သည် ဘုရင်မင်းမြတ်တို့ ချီးမြှောက်ခြင်းကိုခံရ၏ဟု အနောက်တိုင်းသားတို့ ပြောစမှတ်ပြုကြလေသည်။ ၎င်းဝီရိယ သည် ကြီးပွားခြင်း၏ ဆေးစွမ်းကောင်းများ ဖြစ်သည်။ လုံ့လဝီရိယဟူသည် ကြိုးစားမှုပင်ဖြစ်သည်။ ပါးစပ်ဖြင့်ပြောဆိုနေခြင်းထက် လက်တွေ့လုပ်ကိုင် ဆောင်ရွက်ခြင်းကသာ မိမိအတွက်၊ တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပေ မည်။ တိုင်းပြည်နှင့် လူမျိုးတိုးတက်ကြီးပွားရေးအတွက် လူတိုင်းမှာ ရိုးသားသောစိတ်၊ ကြိုးစားသောစိတ်ရှိနေပြီး အလုပ်ဖြင့် တိုင်းပြည်ကို ချစ်ကြမည်ဆိုပါလျှင် မိမိကိုယ်တိုင်လည်း အမြင့်သို့ရောက်မည်။ မိမိတိုင်းပြည်သည်လည်း ဖွံ့ဖြိုးတိုးတက်နေမည် ဖြစ်သည်။ ထို့ကြောင့် အောင်မြင်လိုသူတိုင်း ဇွဲလုံ့လဝီရိယဖြင့် ကြိုးစားကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။  ။