ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ
နေပြည်တော် ဇူလိုင် ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် တာဝန်ရှိသူများနှင့်အတူ ယမန့်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလ အတွင်း တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့် e-ID စနစ်လုပ်ငန်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အရေးပါသည့် လုပ်ငန်းများဖြစ်သည်နှင့် အညီ သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုရရှိမှသာ အောင်မြင်နိုင်မည့် လုပ်ငန်းများဖြစ်သည့်အတွက် ယခုကဲ့သို့ ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားပြီး လူမှုရေးအသင်း အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်စီမံချက် တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်၏ အရေးကြီးမှုနှင့် မဲစာရင်း မှန်ကန်ရေးအတွက် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အခြေအနေ၊ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးမဖြစ်မနေ ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက် အဆင့်(၂)ကို ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်နှင့် e-ID စနစ်အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နေမှု၊ မိမိတို့ဌာန လုပ်ငန်းများအား နည်းပညာများ အသုံးပြု၍ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံနှင့် ဌာနအပေါ် သစ္စာစောင့်သိကြရေး၊ ဌာနလုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်ရေး၊ IT နည်းပညာနှင့် ဘာသာစကား တတ်ကျွမ်းရေးနှင့် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ရေး တို့ကို အလေးထား ကျင့်ကြံဆောင်ရွက်ကြရေး၊ စည်းလုံးညီညွတ်စွာ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။