ဉာဏ်ရည်မြင့်မား တိုးတက်ဖို့ စာပေဖတ်မှတ် လေ့လာစို့

ဉာဏ်ရည်မြင့်မား တိုးတက်ဖို့ စာပေဖတ်မှတ် လေ့လာစို့

    စာပေဟူသည်ကား ဘဝ၏ အနှစ်သာရဟုပြောလျှင် မှားမည်မဟုတ်ချေ။ ဘဝဟူသောနယ်ပယ်၊ ပတ်ဝန်းကျင်ဟူသော သဘောတရားတို့ကို ခံစားနားလည်ပေးနိုင်သော အစွမ်းသတ္တိသည် စာပေ၌ပင် ကိန်းအောင်းနေခြင်းဖြစ်သည်။ စာပေဟုဆိုရာ၌ သုတစာပေလည်းရှိသလို ရသစာပေလည်း ရှိပေသည်။ စာပေတွင် စကားပြေ ကဗျာ လင်္ကာ၊ ဝတ္ထုဇာတ်လမ်းစသည်တို့ ပါဝင်ပေသည်။ မည်သည့်စာပေကို ဖတ်စေကာမူ စကားလုံးတိုင်း၏ အဓိပ္ပာယ်ကိုသိမြင်လာအောင် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ စာဖတ်သည်ဟူသော အကြောင်းပြချက်တစ်ခုဖြင့်သာ စာဖတ်လျှင်မည်သည့် အရာမျှမှတ်မိမည်မဟုတ်ပေ။  အချိန်လည်းကုန်၍ အရာလည်းမထင်၊စာပေ၏အကျိုးကျေးဇူးလည်း မသိမြင်ဘဲ ရှိနေပေလိမ့်မည်။

စာပေဟူသည်ကား လူသားတို့၏ ဘဝလက်တွဲဖော်၊ ခရီးသွားဖော်ဖြစ်သည်ကို အများစုမေ့နေကြသည်။

စာပေဖတ်ထားသောသူသည်  ဘဝခရီးလမ်းတွင် အောင်မြင်မှုရရှိရန် နီးစပ်ပေသည်။ လူသားအချင်းချင်း ပညာအရည်အချင်း တူသော်လည်း စာပေဖတ်သူကသာ  ပို၍အောင်မြင်ပေသည်။ ဘဝ၏ကြီးပွားရေး၊ စီးပွားရေး၊ လူမှုရေးမှန်သမျှသည် စာပေဖတ်မှသာပို၍ ကျယ်ပြန့်သည်ကို သိမြင်လာလိမ့်မည်။ ကျယ်ကျယ်ပြန့်ပြန့် သိမှသာ  လူသားတို့၏ နှလုံးသားကိုဖတ်၍ ခံစားနားလည်ပေလိမ့်မည်။  ထိုသို့ခံစား နားလည်နိုင်မှသာ လူ့ဘဝတွင် ကောင်းကျိုးလိုရာ ဟူသမျှဆောင်ရွက်တိုင်း အောင်မြင်နေမည်ဖြစ်သည်။ လူသားတစ်ယောက်၏ စိတ်ကိုမြင်ကြည့်သိလိုလျှင် စာများများ ဖတ်ရပေမည်။ စာပေဟူသည် စကားလုံးတိုင်းတွင် အဓိပ္ပာယ်ရှိပေသည်။ စာပေဖတ်ပါများ၍ စာလုံးများ၏ အဓိပ္ပာယ်ကို  နားလည်သဘောပေါက်လာပါက  လူသားတို့၏ စိတ်နှလုံးကိုလည်းပုံဖော်၍ မြင်နိုင်စွမ်းရှိမည်သာ သေချာပါသည်။  ဘဝတစ်ခုဖြစ်တည်ကတည်းက လူသားတို့သည် တစ်ဦးနှင့်တစ်ဦး၊ တစ်မိသားနှင့် တစ်မိသား၊  မိမိနှင့်ဆက်နွှယ်ရာ ပတ်ဝန်းကျင်၊  မိမိလှည့်လည် သွားလာနေသော အရပ်ဒေသ စသည်တို့မှ လူပုဂ္ဂိုလ်များနှင့်လည်း ပေါင်းသင်းဆက်ဆံရပေသည်။စာပေများ ဖတ်ထားပါက “တစ်ရွာတစ်ပုဒ်ဆန်း”ဟူသော်လည်း မျက်ကန်းမဖြစ်ဘဲ အသစ်အဆန်းများကြားတွင် ရပ်တည်နိုင်ပေလိမ့်မည်။ စာပေဖတ်ခြင်း၏ တန်ခိုးသည်ကြီးမားသောကြောင့် လက်တွဲဖော်ဟုပင် တင်စားရပေသည်။

စာပေသည် လူသားတို့အတွက် ခရီးသွားဖော်လည်း ဖြစ်ပေသည်။  စာပေဖတ်၍  ခရီးသွားသည့်အခါ အဘယ်ခရီးပင်ဖြစ်ပါစေ လွယ်ကူချောမွေ့စေသည်။သတင်းစာများ၊ ဆောင်းပါးများ ဖတ်သည့်အခါ အနယ်နယ်အရပ်ရပ်မှ ဗဟုသုတများ ရရှိနိုင်သလို နိုင်ငံတကာ သတင်းများကိုလည်း သိရှိနိုင်ပေသည်။ လူသားတို့၏ နားမျက်စိဟူသမျှကို     စာပေမှဖွင့်ပေးရုံသာမက စိတ်အာရုံကိုလည်း ဒေသမရွေး ခေါ်ဆောင်သွားတတ်ပေသည်။  မိမိမသိသော အကြောင်းအရာများ၊ မိမိမမြင်ဖူးသော အရာများ၊ မိမိမရောက်ဖူးသော နေရာများသို့ စာပေဖတ်ခြင်းဖြင့်   အရောက်သွားနိုင်ပေသည်။

စာပေဖတ်သည့် လူဦးရေထက် စာပေမဖတ်သော လူဦးရေက များပေလိမ့်မည်။ ဝမ်းစာရေးအတွက်သော် လည်းကောင်း၊  ပညာရေး အတွက်သော်လည်းကောင်း  အားလပ်ချိန် နည်းပါးသည်မှာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်အချိန် နည်းပါးစေကာမူ စာပေဖတ်ရန်အနည်းဆုံး ၁၅ မိနစ်ခန့်အချိန်ပေးရန် လိုအပ်ပါသည်။ မိမိဖတ်မိသောစာပေသည် မိမိဘဝအတွက် တစ်စိတ်တစ်ဒေသ အကျိုးရှိမည်ဆိုလျှင်ပင် အချိန်ကုန်ရ ကျိုးနပ်ပေလိမ့်မည်။ မည်သည့်စာပေကိုမဆို မရွေးချယ်ဘဲ ဖတ်ရမည်။ ရသစာပေဖတ်မိလျှင် စိတ်ခံစားချက်တို့မှတစ်ဆင့် မိမိအတွက် အကောင်းဆုံး ပြေလျော့နည်း ရရှိနိုင်ပေမည်။ အကောင်းဆုံး အတွေးအခေါ်များလည်း ဖြစ်ပေါ်လာပေလိမ့်မည်။ သုတစာပေကို ဖတ်မိလျှင် မိမိ၏လုပ်ငန်းခွင်၊ မိမိ၏ပတ်ဝန်းကျင်တွင် မိမိအတွက် အကောင်းဆုံး နေထိုင်ပြုမူရန်၊ တီထွင်ကြံဆနိုင်ရန်တို့ကို ပြုလုပ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် စာဖတ်ချိန်ကို အားလပ်ချိန်မှာရသလောက် ဖယ်ထုတ်၍ ပေးကြရပေမည်။

စာပေဖတ်သည့်သူများတွင်မှ ဖတ်သူနှင့် ဖတ်မှတ်သူဟူ၍ ကွဲပြားသွားကြသည်။ စာပေဖတ်သူနှင့် စာပေဖတ်မှတ်သူတို့ကြားတွင် အသိပညာ၊ အတတ်ပညာသာမက    ဉာဏ်ရည်တိုးတက်မှုပါ ကွာခြားသွားကြသည်။ တချို့ကစာပေတိုင်းကို ဖတ်သည်။ စိတ်ပျော်ရွှင်မှု သက်သက်ရည်ရွယ်၍ဖတ်ခြင်း၊    အပျင်းပြေ ဖတ်ခြင်း၊ မဖြစ်မနေအခြေအနေမို့ ဖတ်ရခြင်းတို့ကြောင့် ဖတ်နေကြခြင်းပင်ဖြစ်သည်။ မှတ်သားရမည့်အချက်များကိုမူ မေ့လျော့နေတတ်ကြသည်။ မိမိစိတ်ခံစားချက်နှင့် ကိုက်ညီသည့်စာကိုသာ ဖတ်နေကြသည်။မှတ်ဖို့ရန်အတွက် မစဉ်းစားမိချေ။ ဖတ်လည်းဖတ်မည်၊မှတ်လည်းမှတ်မည်ဆိုလျှင် မိမိ၏ ဦးနှောက်ကို အမြဲတမ်း အလုပ်ပေးထားသောကြောင့် ဉာဏ်ရည်ကြွယ်ဝလာမည်ဖြစ်သည်။

စာရေးသူအထက်တန်း ပညာသင်ယူနေသည့် အရွယ်တွင် စာပေဖတ်ခြင်းနှင့် မှတ်ခြင်းတို့၏ အကျိုးကျေးဇူးကို သိရှိနားလည်ခဲ့ရသည်။စာရေးသူတို့အား ဇီဝဗေဒဘာသာရပ် သင်ကြားပြသပေးသော ဆရာသည် မှန်ကန်ခြင်း(Right)ဟူသော စကားလုံးနှင့် ဉာဏ်ရည်ထက်မြက်ခြင်း(Bright)ဟူသော စကားလုံးတို့ကို စာသင်ချိန်တိုင်း အမြဲသုံးနှုန်းလေ့ရှိသည်။  ဆရာမေးလိုက်သော စကားလုံးတစ်လုံးကို အမှန်ဖြေနိုင်တိုင်း(Right)ဟုဆရာ့နှုတ်မှ အားရပါးရ ချီးမွမ်းလေ့ရှိသည်။ Right ကိုနားလည်ခဲ့သော်လည်း  This   is   Bright    ဟု ကျောင်းသား၊ ကျောင်းသူများကို ချီးမွမ်းခြင်းအားနားမလည်ခဲ့ပေ။ အဘယ်အရာကို ဉာဏ်ထက်မြက်သည်ဟု ဆိုလိုခြင်းမသိခဲ့။ စာရေးသူအနေဖြင့် ညံ့ဖျင်းခဲ့ခြင်းလည်း ဖြစ်သည်။ တစ်နေ့သောအခါ ဆရာမှ စာသင်နေလျက် စကားလုံးတစ်ခုကို ထပ်ခါထပ်ခါပြန်ရွတ်ပြပြီး ဘာကိုမှတ်မိသလဲဟု မေးခဲ့သည်။ စာရေးသူ၏ အတွေးတွင် အသံထွက်ဆင်တူသော(မြန်မာလို ကာရန်ညီနဘေညီ)   စကားလုံးတစ်လုံးကို သတိရမိလိုက်သည်။ ထို့ကြောင့် တခြားသင်ခန်းစာတွင် သင်ကြားဖူးသော စာပိုဒ်ထဲမှ အဓိပ္ပာယ်တူ စကားလုံးနှင့် အသံထွက်နဘေညီသော  စကားလုံးတစ်လုံးတို့ကို ဖြေလိုက်မိသည်။ ဆရာ့နှုတ်ဖျားမှ့ Yes ,That is Right ဟုချီးကျူးသည့်အခါ အလွန်ပျော်သွားမိသည်။ စာရေးသူ နားလည်လိုက်သည်မှာ စာပေဖတ်ရုံသာမက စာကိုမှတ်မှသာလျှင် ဉာဏ်ရည်ထက်မြက်၍ အဘယ်အရာကိုမဆို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်မည်မှာ သေချာသည် ဟူ၍သာဖြစ်သည်။

ဟိုယခင်က သတင်းစာဖတ်ခြင်း အလေ့အထရှိကြသည်။ ပြည်တွင်းသတင်းသာမက ပြည်ပသတင်းများကိုပါ သတင်းစာဖတ်၍ သိရှိကြရသည်။ သတင်းစာ မရောက်နိုင်သော အရပ်ဒေသများတွင်  ထုပ်ပိုးရန် အသုံးပြုသော သတင်းစာ စက္ကူအပိုင်းအစများမှ စာများကိုပင် တယုတယဖတ်၍ ကြည်နူးကြရသည်။ ရှေးယခင်ကလူကြီးတွေ သိပ်ဉာဏ်ကောင်းတာပဲ၊ အခုခေတ် နှင့် ဘာမှမဆိုင်ဟူသော စကားကိုကြားရတိုင်း စာပေဖတ်ခြင်းနှင့် မဖတ်ခြင်းအကျိုးတရား အပေါ်မှာ ကွာခြားသွားသည်ကို သတိပြုမိသည်။ ယခုခေတ်တွင် စာပေဖတ်သူ လျော့ပါးလာသည်မှာ   ခေတ်မီလာ၍ဖြစ်သည်ဆိုလျှင် မှားပါသည်။ ခေတ်မီလာသည်နှင့်အမျှ စာပေပို၍ ဖတ်မှတ်ရမည်ကို သတိမထားဘဲ ခေတ်ရေစီးကြောင်း၌သာ မျောပါနေပြီး “တလွဲဆံပင်ကောင်း”နေကြခြင်းကြောင့်ဖြစ်သည်။ စာပေဖတ်မှတ်ရမည်ထက် ခေတ်မီနည်းပညာ၏ သာယာမှုတစ်ခုအပေါ်မှာ ယစ်မူးနေကြသည်ဆိုလျှင်မှားမည် မဟုတ်ချေ။ စာအုပ်စာပေရှာဖွေ ဖတ်စရာမလို၊ အင်တာနက်ပေါ်ရှာလျှင် ဘာမဆိုရနိုင်တာပဲဟုသာ အလွယ်ပြောတတ်ကြသည်။ တကယ်တမ်း အင်တာနက်ပေါ်တွင် စာဖတ်သူများသည်၊ မများသည် ကိုမူ အဘယ်သို့မျှခန့်မှန်း၍ မရနိုင်ဖြစ်ရသည်။

ယနေ့အင်တာနက်ခေတ်ဖြင့် ကမ္ဘာ့ရွာကြီး တည်ရှိနေသည်။ ထိုကမ္ဘာ့ရွာကြီးထဲ ကျင်လည်နေကြသူမှာ အလွန်များပြားလှသည်။ သိတတ်စ ကလေးအရွယ်မှသည် အသက်အရွယ် အိုမင်းသူများအထိ ဖုန်းတစ်လုံးရှိရုံမျှ ဖြင့် အင်တာနက်ကို သုံးစွဲနေကြသည်။ အင်တာနက် တွင်  စာဖတ်သည်ဟူသော အကြောင်းပြချက်ဖြင့် စာအုပ်စာပေကဏ္ဍသည် အင်အားဆုတ်ယုတ်လာသလို စာကြည့်တိုက်ဟူသည်လည်း စာဖတ်သူ ရှားပါးလာသည်။တကယ်တမ်း အင်တာနက်ပေါ်တွင် စာဖတ်သူဦးရေ၌ လူငယ်အရေအတွက်မှာ နည်းပါးပါသည်။ ခေတ်နှင့်အညီ ရင်ပေါင်တန်း၍ ကြိုးစားကြရမည်ဖြစ်သော်လည်း”ဂိမ်းကစားခြင်း”မှာသာ အချိန်ကုန်ခံ၍ ယှဉ်ပြိုင်နေကြပေသည်။ စာဖတ်ရန်ဝေး၍ ထမင်းစားချိန်ကိုပါ မေ့လျော့နေကြသည်မှာ ဝမ်းနည်းဖွယ်ကောင်းပေသည်။ ကစားချိန်ကစား၊ စာဖတ်ချိန်ဖတ်၊ အိပ်ချိန်၊စားချိန်ပုံမှန်သာ အချိန်ကိုအသုံးချနိုင်လျှင် ခေတ်မီလူငယ်များ ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

“ဂိမ်းကစားခြင်း”သည် ဉာဏ်ရည်သွက်သည်ဟု လူငယ်အများစု ပြောလေ့ရှိသည်။ ဉာဏ်ရည်သွက်ခဲ့သည်ဆိုလျှင် သော်လည်း စာအုပ်စာပေ ဖတ်မှတ်ခြင်း ဗဟုသုတ မရှိပါက အဘယ်မှာ အကျိုးရှိပါအံ့နည်း။

မြန်မာလူမျိုးများသည် စာအုပ်စာပေဖတ်ရာတွင် ဝါသနာကြီးသူများဖြစ်သည်။ စာအုပ်စာပေ ဖတ်မှတ်ခြင်းဖြင့်  ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များလည်း ရှိခဲ့သည်။ တိုင်းတစ်ပါးကပင် ချီးမွမ်းခဲ့ကြရသော ပုဂ္ဂိုလ်များလည်း ရှိခဲ့သည်။ ရှေးယခင်က မြန်မာနိုင်ငံသည် စက်မှုထွန်းကားသော နိုင်ငံမဟုတ်ချေ။   သို့သော် ရှေးမြန်မာလူမျိုးများသည် တီထွင်ကြံဆမှုကို တတ်နိုင်သလောက် ကြိုးစားပြုလုပ်ကြသည်။ မြန်မာလူမျိုးတို့သည် ဉာဏ်ပညာ ထက်မြက်သည့် အလျောက် တိုင်းတစ်ပါးမှ တင်သွင်းသော စက်ပစ္စည်းကိရိယာ ဟူသမျှကို အသုံးပြုတတ်သည်။ ပြုပြင်တတ်သည်။ ထိုသို့ ထက်မြက်သောဉာဏ်ရည်အား စာပေဖတ်ခြင်းဖြင့် ဖြည့်စွက်ခဲ့သောကြောင့် ယခုအခါထုတ်လုပ်မှုကဏ္ဍ၌ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းခဲ့ခြင်းပင်ဖြစ်သည်။ သိပ္ပံပညာ ထွန်းကားသော နိုင်ငံမဟုတ်သော်လည်း  စာပေဖတ်ရှူလေ့လာမှုတွင်  မြန်မာလူမျိုးတို့သည် ထိပ်တန်းနေရာ၌  နေရာယူခဲ့ကြပေသည်။

ယနေ့ခေတ် လူငယ်များသည် ရှေးလူကြီးများထက် ဉာဏ်ရည်သာလွန် ကောင်းမွန်၏။ ပစ္စည်းတစ်စုံတစ်ရာကို တွေ့လျှင် စူးစမ်းတတ်သော အလေ့အထကောင်းလည်း ရှိပေသည်။ ခေတ်မီနည်းပညာကို သုံးစွဲရာတွင်လူကြီးများထက် လူငယ်များကပို၍  ကျွမ်းကျင်ကြသည်။ သို့သော် ထိုမျှနှင့်ရောင့်ရဲတင်းတိမ် ပျော်မွေ့နေကြသည်မှာ နှမြောစရာ ကောင်းလှပေသည်။ စာအုပ်စာပေဖတ်ခြင်းသည် သိပ်အရေးမပါဘဲ ကြည့်လျှင်တတ်သည် ဟူသော အယူအဆများ လက်ကိုင်ထားသလို ဖြစ်နေကြသည်။ စာအုပ်စာပေဖတ်ရန် ပျင်းရိနေသူ များပြားနေသည်။ တတ်သည့်ပညာကို စာပေဗဟုသုတ နှင့်ပေါင်းစပ်လျှင် ပညာရှင်တစ်ယောက်ဖြစ်လာနိုင်သည်ကို မေ့လျော့နေကြသည်။ ယခုခေတ်မီ တိုးတက်သော အချိန်ကာလ၊ ပွင့်လင်းမြင်သာမှုကို ဦးစားပေးသော အချိန်ကာလများဖြစ်သည့်အလျောက် စာပေမျိုးစုံကို လေ့လာဖတ်ရှူနိုင်ပေသည်။ ပြင်ပဗဟုသုတ များစွာကို ရှာဖွေရန် အကောင်းဆုံးသော အချိန်ကာလပင်ဖြစ်သည်။    အင်တာနက် ဆော့ကစားရုံမျှဖြင့် တင်းတိမ်၍ ရေလိုက်လွဲနေလျှင်     ခေတ်နှင့်အမီ ရင်ပေါင်တန်းရန်မဖြစ်နိုင်ဘဲ ခေတ်နောက်ကျကျန်ခြင်းမျိုး ခံစားရပေလိမ့်မည်။ ခေတ်နှင့်အမီ ပြုမူနေထိုင်ရုံမျှ နှင့်ခေတ်မီသည်မဟုတ်ချေ။ ခေတ်နှင့်အညီစဉ်းစား တွေးခေါ်နိုင်မှု၊    ဗဟုသုတပြည့်ဝမှု ရှိမှသာလျှင် ခေတ်မီပါလိမ့်မည်။ ထို့ကြောင့် ခေတ်ရေစီးကြောင်းပေါ်မှာ  ဝင့်ထည်စွာ ရပ်တည်နိုင်ရန်အတွက် စာပေကိုဖတ်မှတ်၍ ဉာဏ်ရည်ထက်မြက်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း  ရေးသား လိုက်ရပေသည်။   ။

မေတ္တာမိုးနှင်း(ပဲခူး)