နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့  Republic of the Tatarsan ရှိ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံ နှင့် HIMGRAD Industrial Complex တို့သို့ သွားရောက

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့  Republic of the Tatarsan ရှိ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံ နှင့် HIMGRAD Industrial Complex တို့သို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် - ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၁၃ ရက်တွင် Republic of the Tatarsan၊ ကာဇန်မြို့ရှိ Kazan Aircraft Production Association နှင့် HIMGRAD Industrial Complex တို့သို့ သွားရောက်လေ့လာ ကြည့်ရှု သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသို့ ရောက်ရှိကြ ရာ မန်နေဂျင်းဒါရိုက်တာ Mr.Vladimir Ginsburg နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး ရဟတ်ယာဉ် ထုတ်လုပ်မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်း ပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် Simulator ဖြင့် ရဟတ်ယာဉ် စမ်းသပ် မောင်းနှင် ခန်းသို့ ရောက်ရှိလေ့လာပြီး ကိုယ်တိုင် စမ်းသပ်မောင်းနှင်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံ မန်နေဂျင်းဒါရိုက်တာတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

အဆိုပါ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသည် ၁၉၄၀ ပြည့် နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Rostec Cooperation မှ ပိုင်ဆိုင်သည့် Russian Helicopters ကုမ္ပဏီ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ယနေ့ အချိန် ကာလအထိ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်ပေါင်း ၁၂၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း၊ Kazan ရဟတ်ယာဉ်ထုတ်လုပ်ရေး အလုပ်ရုံသည် ၂၀၀၇ ခုနှစ်တွင် အဓိက ရှယ်ယာရှင် ဖြစ်လာမည့် Russian Helicopters ဖက်စပ်ကုမ္ပဏီသို့ ဝင်ရောက်ခဲ့ပြီး Mi-38 အလတ်စား ဘက်စုံသုံး ရဟတ်ယာဉ်အတွက် ရှေ့ပြေးတည်ဆောက်ခြင်းနှင့် အများ အပြားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၁၉၄၅ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်ပေါင်း ၂၇ ခုကျော် ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုမှတဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် HIMGRAD Industrial Complex သို့ ရောက်ရှိကြရာ  အထွေထွေ ဒါရိုက်တာ Airat Mansurovich က Complex အတွင်း စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ရှင်းလင်းပြောကြားမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များအား HIMGRAD Industrial Complex အတွင်း လုပ်ကိုင်ကြသည့် စီးပွား ရေးလုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ကုန်ကြမ်းပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဆေးပစ္စည်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ၊ လျှပ်စစ်ပစ္စည်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတ်မြေဩဇာနှင့် ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းများ နှင့် အခြား လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နေမှု၊ ဖြန့်ဖြူးမှု တို့နှင့် ပတ်သက်၍ လုပ်ငန်း အလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေး နွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေ များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုသည့် UAV ထုတ်လုပ်ရေး အလုပ်ရုံ၊ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးနှင့် စစ်မြေပြင်သုံးကျည်ကာ ပို့ဆောင်ရေး ယာဉ်၊ အင်ဂျင်များ ထုတ်လုပ်ထားရှိမှုတို့ကြည့်ရှုလေ့လာကြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အား မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းမှ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာထုတ်လုပ်သည့် Organic plant သို့ရောက်ရှိလေ့လာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင် မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ယင်းနောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တာတာစတန်ပြည်နယ်၊ ကာဇန်မြို့၊ ကာဇန်လေဆိပ် မှတဆင့် စိန့်ပီတာစဘတ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ တာတာစတန် ပြည်နယ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း နှင့် စိန့်ပီတာစဘတ်မြို့၊ ပူကောဗာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စိန့်ပီတာ စဘတ်မြို့ အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။