စိတ်နှလုံးအေးချမ်းမှုနှင့် ငြိမ်းချမ်းသာယာမှု

စိတ်နှလုံးအေးချမ်းမှုနှင့် ငြိမ်းချမ်းသာယာမှု

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆ ရက်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးနွေးထွေးသော ဆက်ဆံရေးသည် လွန်စွာခိုင်မာတည်တံ့သော မိတ်ဆွေကောင်း ဆက်ဆံရေးဖြစ်ပါသည်။ မိုင်ပေါင်း ၃၀၀၀ ကျော် ကွာဝေးသော်လည်း စိတ်ထားချင်း နီးစပ်ကြသည်။  တစ်နိုင်ငံ၏ ကောင်းကျိုးကို တစ်နိုင်ငံက သယ်ပိုးကူညီ ဆောင်ရွက်လိုသည့်စိတ်ဖြင့် နှစ်နိုင်ငံချစ်ကြည်စွာ ဆက်ဆံနေသည်မှာ နှစ်ပေါင်း ရှည်ကြာလျက်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာကို လေးနက်စွာ ယုံကြည်ကိုးကွယ်သော နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာသာသနာသည် လူသားတို့၏ စိတ်နှလုံးကို အေးချမ်းမှုနှင့် ငြိမ်းချမ်းသာယာမှုဖြစ်စေသည်။

သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အနီး ကာလုဂါပြည်နယ် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ ပုံတူစေတီတော်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပခဲ့သည်။ သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များကြွရောက်ချီးမြှင့်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှနှင့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။

ဤစေတီတော်ကြီးမှာ မော်စကိုမြို့အနီး ကာလုဂါပြည်နယ်တွင် တည်ထားလျက်ရှိသည့် ပထမဆုံးသော ထေရဝါဒဗုဒ္ဓဘာသာ စေတီတော်ဖြစ်သည်။ ပုဂံမြို့ရှိရွှေစည်းခုံစေတီ ပုံတူစေတီတော်ဖြစ်ပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ကုသိုလ်ပြုခြင်းဖြစ်သည်။ စေတီတော်ကြီးကို ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာတည်သရွေ့ ထွန်းလင်းတည်တံ့နေစေရန်၊ ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေးတွင် ပိုမိုတိုးတက်လာစေရန်၊ အရှေ့တိုင်း ဗုဒ္ဓယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို ပြသရန်ရည်ရွယ်၍ တည်ထားခြင်းဖြစ်ကြောင်းသိရှိရသည်။

ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုစာရင်းဝင် ပုဂံမြို့တွင် တည်ရှိသည့် မူလရွှေစည်းခုံ စေတီတော်မြတ်ကြီးကို ပထမမြန်မာနိုင်ငံတော် စတင်တည်ထောင်ခဲ့သည့် အနော်ရထာမင်းတရားကြီးက ရှင်အရဟံမထေရ်မြတ်၏ သြဝါဒခံယူ၍ လွန်ခဲ့သည့် ၉၆၃ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။   အနော်ရထာမင်း နတ်ရွာစံပြီးနောက် သားတော် ကျန်စစ်သားမင်းက ဆက်လက် တည်ဆောက်ခဲ့သည်။  စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးခဲ့သည့်နှစ်အထိ နှစ်ပေါင်း ၃၁ နှစ်ကြာ တည်ဆောက်ခဲ့ပြီး ပုဂံရှိနှစ်ထပ်စေတီတော် ၄၅ ဆူ အနက်တစ်ဆူ အပါအဝင်ဖြစ်သည်။

ထိုသို့ သမိုင်းအစဉ်အလာနှင့် ယဉ်ကျေးမှုအစဉ်အလာ ထူးကဲပြည့်စုံသည့် ရွှေစည်းခုံပုံတူ စေတီတော်မြတ်ကြီးကို ရုရှားနိုင်ငံတွင် တည်ထားခြင်းမှာ ရုရှား-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင် တစ်ခုလည်းဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် မြန်မာထေရဝါဒဗုဒ္ဓ စင်တာကျောင်းတော်ကြီး တည်ထောင်နိုင်ခဲ့သည်။ ရုရှားနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ တရားအားထုတ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ မတည်လှူဒါန်းမှုဖြင့် သဒ္ဓမ္မဇောတိက သိမ်တော်ကြီးနှင့် ရွှေတိဂုံစေတီပုံတူ အထွတ်တင်စေတီကို မြန်မာနိုင်ငံမှ သံဃာတော်အရှင်သူမြတ်များ ပင့်ဆောင်၍ ပန္နက်ချ မင်္ဂလာဆောင်ရွက်နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ အစိုးရအဖွဲ့ ကိုယ်စားလှယ်များက ရွှေတိဂုံစေတီပုံတူ အထွတ်တင်စေတီကို ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူ ပူဇော်ခဲ့ပြီး သဒ္ဓမ္မဇောတိက သိမ်တော်ကြီးကို ရေစက်ချလှူဒါန်းခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပထမဆုံး မြန်မာ့ယဉ်ကျေးမှု လက်ရာအပြည့်ဖြင့် ရွှေစည်းခုံပုံတူ စေတီတော်ကြီး ယခုကဲ့သို့ တည်ထားနိုင်ရန်အတွက် မြန်မာနိုင်ငံမှ စေတနာရှင်အလှူရှင်များ၊ မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မတည်လှူဒါန်းမှုနှင့်အတူ သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင် ၁၀ ကြိမ်တိုင်တိုင်ကြွရောက်ကြိုးပမ်းတော်မူခဲ့ပြီး သီတဂူဗုဒ္ဓဝိဟာရ (မော်စကို)တွင် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆရာတော်များ၊ သံအမတ်ကြီးများ၊ စစ်သံမှူးများ ဦးဆောင်စီမံ ကြီးကြပ်မှုနှင့် မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊ ရုရှားနိုင်ငံမှ ဒါယကာ၊ ဒါယိကာမများ စုပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဘာသာ သာသနာဟူသည်မှာ လူတို့၏ စိတ်နှလုံးအေးချမ်းမှု၊ ငြိမ်းချမ်းသာယာမှုကို အထောက်အပံ့ပြုသည့်အတွက် ယခုစေတီတော်မြတ်ကြီး သည်လည်း ရုရှားနိုင်ငံသူနိုင်ငံသားများ၏ စိတ်နှလုံးအေးချမ်းမှု၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ ခိုင်မြဲသည့်အေးချမ်း သာယာမှုကို ခိုင်မာစွာ ဆောင်ကြဉ်းပေးမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ရုရှား-မြန်မာချစ်ကြည်ရေး ပိုမိုခိုင်မာ၍ နှစ်နိုင်ငံပြည်သူများ အားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။