ဂေါက်အဆစ်ရောင်ရောဂါနှင့်ဓာတ်စာ(GOUT)
ဂေါက်အဆစ်ရောင်ရောဂါဖြစ်ရတဲ့ အခြေခံရောဂါ ဗေဒက မိုနိုဆိုဒီယမ်ယူရိတ်ဆိုတဲ့ ယူရစ်အက်စစ်ဒြပ်ပေါင်းတွေ အဆစ်ထဲမှာ ခရစ္စတယ်ပုံဆောင်ခဲ တွေလို အသွင်စုလာခြင်းဖြစ်တယ်။ ယူရစ်အက်စစ်ဒြပ်ပေါင်းက လှုံ့ဆော်တဲ့အတွက် အဆစ်(ခြေမ)မှာ ရောင်ရမ်းနီရဲပြီး နာကျင်လာခြင်းပဲဖြစ်တယ်။
အမျိုးသားတွေရဲ့ သွေးတစ်လီတာမှာ ယူရစ်အက်စစ် အများဆုံး သုည ဒသမ ၄၂ မီလီဂရမ်ရာခိုင်နှုန်း ရှိသင့်တယ်။ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေရဲ့ သွေးတစ်လီတာမှာ ယူရစ်အက်စစ် သုည ဒသမ ၃၆ မီလီဂရမ်ရာခိုင်နှုန်းထိ ရှိနိုင်ပါတယ်။ သည့်ထက်ပိုသွားရင် ရှိသင့်တာထက်များလို့ “ဂေါက်”ရောဂါစပြီပဲဖြစ်တယ်။
သွေးထဲယူရစ်အက်စစ် များသူတိုင်း ဂေါက်အဆစ် ရောင်ရောဂါ ခံစားရတာတော့ မဟုတ်ပါဘူး။ သွေးထဲမှာ ယူရစ်အက်စစ်များနေတဲ့ အခြေအနေနဲ့ ကာလအတန် ကြာဆက်ပြီးရှိနေသူတွေဟာ ဂေါက်အဆစ်ရောင် ရောဂါဖြစ်တတ်ပါတယ်။
လူတစ်ယောက်ရဲ့ သွေးထဲမှာရှိနေတဲ့ ယူရစ်အက်စစ် အများစုဟာ ပျူရင်းဒြပ်ပေါင်း တစ်မျိုးရဲ့ခန္ဓာကိုယ်တွင်း ဖြစ်ပျက်မှု ဇီဝလုပ်ငန်းစဉ် (Purine Metabolism) ကနေဖြစ်ပေါ်နေတဲ့ ယူရစ်အက်စစ်(Endogenous)တွေဖြစ်တယ်။သွေးထဲမှာရှိနေတဲ့ ယူရစ်အက်စစ်အနည်းစုက ပျူရင်းကြွယ်ဝတဲ့ အစားအသောက်တွေ စားသုံးပြီး ရရှိတဲ့ပြင်ပ (Endogenous) ယူရစ်အက်စစ်ပါပဲ။ သည်နှစ်မျိုးအနက် ခန္ဓာကိုယ်တွင်းက ထုတ်လုပ်တဲ့(Endogenous)ယူရစ်အက်စစ်ပမာဏ ပိုများတယ်။
ပုံမှန်အတိုင်းမှာ သွေးထဲရှိနေတဲ့ ယူရစ်အက်စစ်တွေဟာ ဆီးထဲမှာ ပါသွားပြီး ခန္ဓာကိုယ်ရဲ့အပြင်ကို ရောက်သွားတယ် ။ ယူရစ်အက်စစ်တွေဟာ ဆီးထဲကနေ ထွက်မသွားနိုင်မှ သွေးထဲမှာ ကာလရှည်စုပုံ နေရာက အဆစ်တွေထဲရောက်ရှိပြီး အဆစ်တွေထဲမှ မိုနိုဆိုဒီယမ်ယူရိတ် ခရစ္စတယ်တွေဖြစ်လာကာ ဒုက္ခပေးခြင်းဖြစ်တယ်။ သွေးထဲမှာ ယူရစ်အက်စစ်များစေတဲ့ အကြောင်းသုံးခုက-
(၁) ခန္ဓာကိုယ်တွင်း ပျူရင်းဒြပ်ပေါင်းတွေရဲ့ ဇီဝလုပ်ငန်းစဉ် (Metabolism)မှ ယူရစ်အက်စစ်ပိုများလာခြင်း၊
(၂) သွေးထဲမှာရှိနေတဲ့ ယူရစ်အက်စစ်တွေကို ဆီးထဲကနေ နိုင်နိုင်နင်းနင်း ွန့်ထုတ်မပစ်နိုင်ခြင်း၊
(၃) ပျူရင်းကြွယ်ဝတဲ့ အစားအသောက်တွေ စားသုံးမှုကြောင့် (Endogenous Uric Acid) များလာခြင်းတို့ဖြစ်ပါတယ်။
ဂေါက်အဆစ်ရောင်ရောဂါ မဖြစ်အောင် အစားအသောက် တစ်မျိုးတည်းနဲ့ ကာကွယ်လို့ထိန်းလို့မရ နိုင်ဘူး။ ခန္ဓာကိုယ်တွင်း ယူရစ်အက်စစ်ဖြစ်ပေါ်မှု နည်းစေတဲ့ဆေးတွေကို မှီဝဲရတယ်။ ဆီးထဲကနေ ယူရစ်အက်စစ် စွန့်ထုတ်မှုကို ကောင်းစေတဲ့ဆေးတွေ မှီဝဲရမယ်။ အဆစ်နာတဲ့ဝေဒနာကို သက်သာစေတဲ့ ဆေးတွေမှီဝဲရပါမယ်။ ဂေါက်ရောဂါမှာ အစားအသောက်တွေရဲ့ ကဏ္ဍက ရုတ်တရက်ရောဂါဖောက်ပြီး အဆစ်ရောင်လာတဲ့အတွက် အပြင်းအထန် နာကျင်တဲ့အဖြစ်မျိုး (Acute Attack) ထပ်မဖြစ်အောင် ကာကွယ်ထိန်းသိမ်းပေးဖို့၊ ရောဂါပိုဆိုး မလာအောင် ထိန်းသိမ်းရာမှာ နည်းလမ်းတစ်ခုအနေနဲ့ သုံးဖို့၊ ရောဂါကြောင့် အဆစ်တွေပျက်စီး မသွားအောင် ကာကွယ်ထိန်းသိမ်းရာမှာ နည်းလမ်းတစ်ခုအနေနဲ့ သုံးဖို့ဖြစ်တယ်။
ဂေါက်အဆစ်ရောင် ပိုဆိုးဝါးစေတဲ့ အစာတွေက အသည်း၊ ကျောက်ကပ်နဲ့ ဝမ်းတွင်းကလီစာတွေ၊ ပင်လယ်စာတွေ၊ အရက်ဘီယာသောက်သုံးသူတွေ၊ ဂေါက်အဆစ်ရောင်ရောဂါကြွပြီး ရုတ်တရက် မခံမရပ်နိုင်အောင်နာတဲ့ အဖြစ်မျိုးကြုံရတတ်တယ်ဆိုတာ သိလာခဲ့တာ နှစ်ရာနဲ့ချီကြာမြင့်ခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ ၅၀၀၀ ကို ၁၀ နှစ်ကြာဆက်ပြီး လေ့လာခဲ့ရာ ယင်းသုတေသနက- (၁) ပင်လယ်စာ စားသုံးသူတွေဟာ မစားသုံးသူတွေထက် ဂေါက်အဆစ်ရောင်ရောဂါ တစ်ဆခွဲပိုများတယ်။
(၂) အသားစားသုံးမှုများသူတွေက ဂေါက်အဆစ်ရောင်ရောဂါ ခံစားရနိုင်တဲ့ အန္တရာယ်တစ်ဆခွဲ ပိုများတယ်။
(၃) သကြားများများ ထည့်ထားတဲ့အချိုရည်ကို နေ့စဉ် နှစ်ကြိမ်မက သောက်သုံးလေ့ရှိသူတွေဟာ ဂေါက် အဆစ်ရောင်ရောဂါ ခံစားရနိုင်တဲ့အန္တရာယ်နှစ်ဆနီးပါး ပိုများပါတယ်။
(၄) သကြားမပါဘဲ သကြားအစားထိုး ပစ္စည်းတွေ သုံးထားတဲ့အချိုရည်က ဂေါက်ရောဂါနဲ့ ဆက်စပ်မှုမတွေ့ရပါ။
(၅) ဖရက်တို့ (Fructose) သကြားများတဲ့ ပြောင်းသကာရည်သုံးပြီး ချိုအောင်လုပ်ထားတဲ့ အချိုရည်တွေနဲ့မုန့်အချိုရည်တွေက အန္တရာယ်ရှိတယ်။
(၆) အရက်ဘီယာသောက်ရင်း ဂေါက်ရောဂါဖောက်တယ်။ ဂေါက်ရောဂါဖောက်စေတဲ့ အချက်တွေမှာ ဘီယာကအဆိုးဆုံးပဲ။ ဘီယာမှာ ပျူရင်းပါဝင်မှု များတယ်။ ဘီယာ၊ ဝီစကီ၊ ချက်အရက်တွေက ဒုက္ခပေးနိုင်တယ်။ ဂေါက်ရောဂါဖောက်ခြင်းဟာ သောက်တဲ့ အရက်ပမာဏပေါ်မှာ မူတည်ပြီး ကွဲပြားတယ်။ အမျိုးသမီး အရက်သောက်များတဲ့ သူတွေဟာ မသောက်တဲ့သူတွေထက် ဂေါက်ရောဂါဖြစ်နိုင်ခြေ သုံးဆပိုများတယ်။
အရက်သောက်ပြီးပြီးချင်း ၄၈ နာရီအတွင်း ဂေါက်ရောဂါဖောက်တာဟာ သောက်တဲ့အရက်အမျိုးအစားနဲ့ ပမာဏအပေါ် မူတည်တယ်။
သုတေသနမှာတွေ့ခဲ့ရတဲ့ ထူးခြားချက်က (Purine))ဒြပ်ပေါင်းကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် တွေစားသုံးမှုဟာ ဂေါက်အဆစ်ရောင်ရောဂါ ဝေဒနာခံစားရမှုနဲ့ ဆက်စပ်မှုမရှိဘူး ဆိုတယ်။
ဂေါက်အဆစ်ရောင်သက်သာစေတဲ့ အစာတွေက -
အဆီထုတ်ထားတဲ့ နို့နှင့်နို့ထွက်ပစ္စည်း (ဒိန်ချဉ်)၊ ကော်ဖီ၊ ဗီတာမင်စီကြွယ်ဝတဲ့ အစာတွေက ဂေါက်ရောဂါကို သက်သာစေပါတယ်။ ဂေါက်ရောဂါ ခံစားရနိုင်တဲ့ အန္တရာယ်ဟာ တစ်ရက်မှာ အစားအသောက်မှ ဗီတာမင်စီ ၁၅၀၀ မီလီဂရမ်လောက် စားသုံးသူတွေနဲ့ ဗီတာမင်စီ ၂၅၀ မီလီဂရမ် စားသုံးသူတွေနဲ့ နှိုင်းယှဉ်ရင် တစ်ဝက်လောက်ပဲ ရှိတယ်။
ဂေါက်ရောဂါနဲ့ ပူးတွဲဖြစ်တတ်တဲ့ ရောဂါတွေက အဝလွန်ခြင်း၊ သွေးပေါင်ချိန်များခြင်း၊ သွေးထဲက သကြားပမာဏ ထိန်းရခက်ခြင်း၊ သွေးထဲမှာ အဆီဒြပ်ပေါင်းတွေရဲ့ပမာဏ ကမောက်ကမဖြစ်ပြီး ထရိုင်ဂလစ်စရိုက် အဆီတွေများခြင်း၊ (HDL)ကိုလက်စထရောနည်းခြင်း စတဲ့ဇီဝပျက်ယွင်းရောဂါစု (Metabolic Syndrome) ရဲ့ လက္ခဏာတွေအားလုံး သို့မဟုတ် နှစ်ခုသုံးခုဖြစ်စေ တစ်ခုချင်းဖြစ်စေ ဂေါက်ရောဂါ ရှိသူမှာ ပိုမြင့်ပါတယ်။ ဇီဝရောဂါစု (Metabolic Syndrone) ဟာ ဂေါက်ရောဂါရှိသူတွေ မှာ ၆၂ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ဂေါက်ရောဂါမရှိသူတွေမှာ ၂၅ ဒသမ ၄ ရာခိုင်နှုန်းရှိတယ်။
သွေးချိုဆီးချိုရှိသူမှာ ဂေါက်ရောဂါရှိသူ ၁၅ ဒသမ ၁ ရာခိုင်နှုန်း သွေးထဲမှာအဆီဓာတ်ရဲ့ ပမာဏပုံမှန်မဟုတ်တဲ့ သူတွေမှာ ဂေါက်ရောဂါရှိသူ ၂၇ ရာခိုင်နှုန်း၊ သွေးတိုးရောဂါမှာ ဂေါက်ရောဂါရှိသူ ၃၆ ရာခိုင်နှုန်း တွေ့ရပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချိုစတဲ့ အခြေအနေ တွေပါတွဲပြီးရှိတဲ့ ဂေါက်ရောဂါဝေဒနာရှင်တွေဟာ ရုတ်တရက် ဂေါက်ရောဂါဖောက်ပြီး အသည်းအသန် အဆစ်နာတဲ့အဖြစ်မျိုး ပိုပြီးကြုံနိုင်ပါတယ်။ နှလုံးသွေးကြောပိတ်ခြင်း (Myocardial lnfarct)၊ နှလုံး အားကုန်ခြင်း(Heart Failure)ပိုဆိုးဝါးစေပါတယ်။ ။
ဒေါက်တာလွင်သန့်