COVID-19   ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၀

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိ လျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသ ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၆၂ ပါး၊ အရပ်သား ၇ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သာသနာနွယ်ဝင်သီလရှင် ၄၀ ပါးနှင့် အရပ်သား ၄ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၃၈ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအရပ်သား ၆၅၀ ဦးတို့ကို အသီးသီး ဆက်လက်လက်ခံကုသပေးလျက်ရှိပြီး ယနေ့တွင် ရဲမွန်မြို့၊ နယ်မြေခံသင်တန်းကျောင်းသို့ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၉၇ ဦးအား ထပ်မံရောက်ရှိ လက်ခံခဲ့သည်။ အဆိုပါဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။

  ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ အတည်ပြုလူနာ ၁၅၆ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။

  ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၄၂၃ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည်သူ ၂၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၇၈ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။