ခြိုးခြံချွေတာ ချွေတာစုဆောင်း

ခြိုးခြံချွေတာ ချွေတာစုဆောင်း

မြန်မာအဘိဓာန်တွင် ခြိုးခြံဟူသော ဝေါဟာရကို “ချို့ချို့တဲ့တဲ့ ပင်ပင်ပန်းပန်းကျင့်သည်၊ ချွေတာသည်ဟုလည်းကောင်း၊ ချွေတာကို ငွေကြေး၊ ပစ္စည်းစသည်အကုန်အကျနည်းပါးအောင် အသုံးအစွဲကို ဆင်ခြင်သည်ဟု လည်းကောင်း” အဓိပ္ပာယ်ဖွင့်ဆိုသည်။ ခြိုးခြံခြင်းသည် ကျင့်စဉ်တစ်ရပ်ဖြစ်ပြီး ခြိုးခြံတတ်မှ ချွေတာတတ်မည်။ ချွေတာတတ်မှစုဆောင်းတတ်သည်။ ခြိုးခြံခြင်းသည် ကပ်စေးနှဲခြင်း၊ နှမြောခြင်းမဟုတ်။ အကျိုးရှိစွာ အသုံးပြုတတ်ခြင်းဖြစ်ပြီး အသုံးနှင့်အဖြုန်းကို ခွဲခြားသိမြင် ဆောင်ရွက် တတ်ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ဉာဏ်နှင့်သတ္တိကို ထိရောက်စွာအသုံးချခြင်းဟု သတ်မှတ်နိုင်သည်။

လူသားတိုင်းအသက်ရှင်ရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန်ကြိုးစားရှာဖွေကြရသည်။ ကံ၊ ဉာဏ်၊ ဝီရိယကွာခြားချက်အရ ဆင်းရဲ၊ ချမ်းသာကွာခြားမှုဖြစ်တတ်သည်။ ခြိုးခြံခြင်း၊ ချွေတာစုဆောင်းခြင်းသည် ငွေကြေးဓနဥစ္စာကြွယ်ဝသူ၊ မကြွယ်ဝသူနှစ်ရပ်စလုံးနှင့် သက်ဆိုင်သည်။ မည်မျှပင်ချမ်းသာကြွယ်ဝနေပါစေ အသုံးအစွဲမတတ်လျှင်၊ ပညာဉာဏ်မရှိလျှင် လက်ရှိဘဝ၌ပင်ဆင်းရဲခြင်းသို့ ရောက်သွားလေ့ရှိသည်။ ငယ်စဉ်ကသင်ကြားခဲ့ရသော ကုဋေရှစ်ဆယ်သူဌေးသား၏ ဉာဏ်အမြော်အမြင်ကင်းမဲ့မှုသာဓကကို ဆင်ခြင် အလေးထားအပ်သည်။ လက်တွေ့ဘဝများတွင်လည်း ကံအကြောင်းတရားကြောင့် အောင်ဘာလေ ထီဆုကြီးများ ဆွတ်ခူး ရရှိချမ်းသာ သွားသူတချို့မှာ ချမ်းသာမှုဒဏ်ကိုမခံနိုင်ဘဲ ငွေကိုရေလိုသုံးသဖြင့် မကြာမီတွင် ဒုံရင်းဘဝသို့ ပြန်ရောက်သွား လေ့ရှိသည်။ ထိုသူများမှာခြိုးခြံခြင်း၊  ချွေတာခြင်းကိုမသိရှိဘဲ ဖြုန်းတီးမှုကိုဦးစားပေးသဖြင့် ထိုသို့ဆုံးရှုံးသွားရခြင်း ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းပြုသူတိုင်း ဝင်ငွေရရှိမြဲဖြစ်သည်။ အနည်းနှင့်အများကွာခြားသလို အလုပ်၏ အတိမ်အနက်နှင့်လုပ်ငန်းကြီး၊ ငယ်ကိုလိုက်၍လု ပ်ခနှုန်းထားမတူကွဲပြားသည်။ သို့ရာတွင် အလုပ်တိုင်းသည် သမ္မာအာဇီဝဖြစ်ဖို့လိုသည်။ မသမာမှုနှင့် ချမ်းသာ သွားသူများရှိသည်။ မသမာမှုဖြင့်ရသောငွေသည်အကြောင်းအမျိုးမျိုးပြ၍ ပြန်လည် ထွက်ခွာသွားတတ်ကြောင်း အသိရှိရေး အလွန်လိုသည်။ သမ္မာအာဇီဝ အလုပ်သည် ချွေးနှဲစာ၊ သန့်ရှင်းသောငွေဖြစ်လာသဖြင့်နည်းသည်၊ များသည်မဆိုသာ တန်ဖိုးထား အပ်သည်။

ငွေကိုချစ်၍ တန်ဖိုးထားပြီး ငွေကိုခင်လျှင် ထိုငွေကပြန်၍ ခင်တတ်သည်။ ထိုသဘောသည် ဝင်ငွေကိုစနစ်ကျစွာ ကိုင်တွယ် အသုံးပြုတတ်ခြင်းဖြစ်ပြီး ခြိုးခြံချွေတာစုဆောင်းတတ်မှု၏ အစဖြစ်သည်။ ခေတ်ကာလအခြေအနေအရ ဝင်ငွေမတူသလို ထွက်ငွေ ကွာခြားမှုရှိကြောင်း လေ့လာတွေ့ရှိရသည်။

အလုပ်အကိုင်ဖန်တီးနိုင်မှုမတူကြောင်းလည်း တွေ့ရသည်။ ရှေးယခင်ခေတ်ကာလများ၌ အလုပ်အကိုင်ပေါများပြီး အလုပ်တစ်ခုကို အိမ်ထောင်ဦးစီး တစ်ယောက်က ဇောက်ချလုပ်ကိုင်လျှင်ပင် တစ်မိသားစုလုံးစားလောက်ရုံသာမက စုမိဆောင်းမိကြသည်။ တောင်သူ လယ်သမားဦးကြီးများဝင်ငွေရွှင်ကာ ရာသီသီးနှံပေါ်ချိန်၊ ရာသီဥတုကောင်းချိန်တို့၌ ထမင်းရည်ချောင်းစီးမောင်းတီးပြီး လှူနိုင်ကြသ ည်။ ဘာသာရေးပွဲတော်များနှင့် ရာသီအလိုက်ပွဲတော်များတွင် ဝက်ဝက်ကွဲ စည်ကားလျက်စတုဒိသာကျွေးမွေးမှုကို အားရပါးရ ပြုတတ်ကြသည်။ မြန်မာလူမျိုးတို့သည် ငွေကြေး စုမိဆောင်းမိသောအခါ ရွှေဝယ်၍ ရွှေတွဲလဲ၊ ငွေတွဲလဲနှင့် ပြုံးပျော်ဝင့်ဝင့် မော်ကြသည်။ ထိုအခြေအနေမှာ ခြိုးခြံစုဆောင်းတတ်ခြင်း၏ အကျိုးထူးဖြစ်သည်။

ယနေ့ကာလတွင် စီးပွားရေးကပ်ဆိုက်ခြင်းကို အခါမလပ်ကြုံတွေ့နေရသည်။ သိပ္ပံနှင့်နည်းပညာ တိုးတက်လာမှုကြောင့် လိုအပ် ချက်များ ပိုမိုများပြားလာခြင်းကလည်း ဝင်ငွေကိုထိခိုက်စေသည်။ မည်သည့်အခက်အခဲမျိုးနှင့်ကြုံတွေ့ရသည်ဖြစ်စေ “ချွေတာ စုဆောင်း သူဌေးလောင်း” ဆိုသလို ခြတောင်ပို့များကဲ့သို့ တဖြည်းဖြည်းစုတတ်လျှင် ပွားများလာမည်မှာမလွဲပင်ဖြစ်သည်။

အခြေခံလူတန်းစားတို့၏ အကြီးကျယ်ဆုံးပြဿနာမှာ အကြွေးယူခြင်းဖြစ်သည်။ အကြွေးအမျိုးမျိုးရှိသည်။ ဈေးကြွေး၊ နေ့ပြန် တိုးကြွေး၊ အလွတ်ချေးငှားသောအကြွေး နှင့်အပေါင်ပစ္စည်းပြန်ရွေးရမည့်အကြွေးဟူ၍ အမျိုးမျိုးရှိသည်။ ဝင်ငွေနှင့် ထွက်ငွေညီမျှ ရေးသည် မိသားစုတိုင်းအတွက် အလွန်လိုအပ်သည်။ မလိုအပ်သည်ကို မဝယ်မိရေး၊ မစားအပ်သည်ကို မစားရေး၊ မဝတ်အပ်သည်ကို မဝတ်ရေးနှင့် ငွေရှိလျှင်ရှိသလို “ရှိပူရသေးကုန်မှအေး” သဘောမထားရေးတို့မှာ အဓိကကျသည်။ ထိုသို့ပြုမိ၊ လုပ်မိလျှင် အကြွေး သံသရာလည်တတ်သည်။ မည်မျှပင်နွမ်းပါးနေပါစေ၊ အကြွေးကင်းခြင်းသည် စိတ်ချမ်းသာမှုတစ်ခုပင်ဖြစ်သည်။ ဝင်ငွေအပေါ် ကောင်းစွာ စီမံခန့်ခွဲနိုင်သူ၊ တစ်နည်းဆိုသော် ခြိုးခြံချွေတာ စုဆောင်းတတ်သူများအဖို့အကြွေးကင်းကင်းဖြင့် စိတ်လက်ချမ်းသာစွာ နေထိုင်သွားတတ်ကြသည်။ တချို့အကြွေးများမှာ သံသရာအထိပါသွားတတ်သဖြင့် အကြွေးကင်းအောင်ကြိုးစားသင့်လှသည်။

ခြိုးခြံချွေတာစုဆောင်းသည်ဟု ဆိုရာ၌ မစားမသောက်၊ မဝတ်မဆင်ဘဲ ခြိုးခြံရမည်ဟု မဆိုလိုပါ။စားသင့်သည်ကို စားရန် လိုအပ် သလို၊ ဝတ်သင့်သည်ကိုဝတ်ရမည်ဖြစ်သည်။ “ဥစ္စာဖြို စားဖိုက” ဟုဆိုသည်။မီးဖိုချောင်ကိစ္စနိုင်နင်းမှသာ မကုန်သင့်သည်ကို မကုန်အောင် တားဆီးနိုင်မည်။ စားသောက်ရေးတွင် အာဟာရပြည့်ဝရေးလိုအပ်သည်။ ဈေးကြီးသည့် ဟင်းလျာများ အစားသင့်တင့် သည့်ဈေးဖြင့် အာဟာရပြည့်အောင်စားသောက်မှ အဆင်ပြေမည်။ အသားအစားပဲအမျိုးမျိုးစားသုံးခြင်း၊ တစ်နိုင်တစ်ပိုင် စိုက်ခင်း ထူထောင်ခြင်းနှင့်မွေးမြူခြင်းတို့က မီးဖိုချောင်စရိတ်များစွာ သက်သာစေသည်။ အဝတ်အစားဝတ်ရာ၌ သန့်ရှင်း၊ လုံခြုံမှုကို ဦးစားပေး သင့်သည်။ ခေတ်ပေါ်ဈေးသက်သာသည့် အဝတ်အစား၊ အသုံးအဆောင်များစွာရှိသဖြင့် ထိုက်သင့်သလို ဝတ်စားဆင်ယင် ရေးသာ လိုအပ်သည်။

မဖြစ်မနေသုံးစွဲရမည့်ကိစ္စရပ်မှာ ကျန်းမာရေးနှင့် ပညာရေးဖြစ်သည်။ ကျန်းမာအောင်ကျင့်ကြံလျက် မကျန်းမာပါက ထိထိရောက် ရောက် ကုသနိုင်မှ ဆောလျင်စွာ ပျောက်ကင်းမည်။ ပညာရေးသည် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်၍ ပညာနှင့်ပတ်သက်လာလျှင် ငွေနှမြော၍မရ၊ ခြိုးခြံ၍မရပေ။ အလားတူစွာ လူမှုရေးနယ်ပယ်အတွင်းသာရေး၊ နာရေးအတွက် ကုန်ကျမှုရှိလာမည်။ မသုံးမဖြစ် သုံးရသည်။ လူမှုရေးတာဝန်ကျေလျှင် လူမှုပတ်ဝန်းကျင်တွင် ဝင်ဆံ့မည်ဖြစ်သဖြင့် ရပ်ရွာကူညီရေးအတွက် မလွဲမသွေသုံးစွဲရသည်။ ထိုသို့အဆင်ပြေအောင်ဆောင်ရွက်နိုင်ရေးအတွက် နဂိုကတည်းက ချွေတာစုဆောင်းတတ်မှသာ အဆင်ပြေညီညွတ်မည်ဖြစ်သည်။

တချို့မိသားစုများတွင် အသုံးစာရင်းစာအုပ်ထားရှိပြီး နေ့စဉ်သုံးစွဲမှုကိုစာရင်းစာအုပ်၌ ရေးမှတ်တွက်ချက်လေ့ရှိသည်။ ထိုအလုပ်မှာ အပိုအလုပ်မဟုတ်။ ငွေကြေးကို စနစ်တကျစီမံခန့်ခွဲတတ်သူတို့၏ အမူအကျင့်ဖြစ်သည်။ နေ့စဉ်ထွက်ငွေစာရင်းမှတ်ခြင်းဖြင့် သတ်မှတ် ငွေထက်ပိုသုံးမိက ထိန်းညှိတတ်ခြင်း၊ ငွေအပျောက်အရှစစ်ဆေးနိုင်ခြင်း၊ ကုန်ဈေးနှုန်းအတတ်အကျကိုချိန်ဆနိုင်ခြင်း၊ မလိုအပ်ဘဲ ဝယ်မိသည့်ပစ္စည်းကို ရှာဖွေတွေ့ရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ ခြိုးခြံချွေတာ စုဆောင်းလိုသူများ အနေဖြင့် အသုံးစာရင်းစာအုပ်ထားရှိအသုံးပြုသင့်သည်။

ငွေကြေးစုဆောင်းရာတွင် ဝင်ငွေ၏ ဆယ်ပုံတစ်ပုံစုဆောင်းသင့်သည်ဟု မြတ်စွာဘုရားဟောကြားသော ဒေသနာတရားတော်များ အရ ဇာတကဝတ္ထုများတွင်ဖော်ပြသည်။ တစ်နေ့ဝင်ငွေ ၅၀၀၀ ကျပ်ဆိုလျှင် ငါးရာကျပ်စုရမည့် သဘောဖြစ်သည်။ သုံးစွဲပြီး ပိုလျှံမှ စုဆောင်းခြင်းမပြုဘဲ စုဆောင်းပြီး ကျန်ငွေကိုသာ သုံးစွဲရေးသတိထားသင့်သည်။ စုဆောင်းရာ၌ စုဆောင်းငွေကို စုဘူးနှင့်စုခြင်းက အကောင်းဆုံးဖြစ်သည်။ အလွယ်တကူမမြင်နိုင်ဘဲ မေ့မေ့ပျောက်ပျောက်ထားနိုင်၍ဖြစ်သည်။

စုဆောင်းငွေများလာလျှင် ပွားများလာအောင် နားလည်တတ်ကျွမ်းသူများထံ မေးမြန်း၍ အရင်းအနှီးပြုသင့်သည်။ မည်သူကိုမျှ အလွတ် သဘောငွေမချေးပါနှင့်။ ငွေအချောင်ရအောင် လောင်းကစားမလုပ်ပါနှင့်။ အရက်သေစာ၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲခြင်း မပြုပါနှင့်။ ထိုသို့မပြုပါက ချွေတာစုဆောင်းမှုကို များစွာအထောက်အကူပြုမည်ဖြစ်သည်။

ငွေကြေးချွေတာခြင်းသာမက လျှပ်စစ်မီးချွေတာခြင်း၊ သောက်သုံးရေချွေတာခြင်း၊ အိမ်သုံးပစ္စည်းများမကွဲမရှ၊အဖိတ်အစဉ်မရှိအောင် ဂရုတစိုက်ထိန်းသိမ်း ကာကွယ်ခြင်းတို့သည် မိသားစုအတွက်များစွာ အထောက်အပံ့ရသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကိုလည်း အားပေးကူညီရာရောက်သည်။ အချုပ်အားဖြင့်ဆိုရသော် ခြိုးခြံချွေတာစုဆောင်းခြင်းသည် စနစ်ရှိခြင်း၊ စည်းကမ်း ရှိခြင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံခြင်းတို့ဖြစ်သည့်အပြင် ဘဝ၌တင့်တယ်စွာ နေထိုင်နိုင်ရေးအကျိုးပြုသဖြင့် ခြိုးခြံချွေတာ စုဆောင်း တတ်ရေးလိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

လင်းအရုဏ်ဦး(ပဲခူး)