ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေသည့် တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူရန် အစီအစဉ်မရှိဟု အင်တာမီလန်အသင်း အမှုဆောင် အရာရှိချုပ် မာရော့တာ အတည်ပြု
ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲပြီးနောက် လက်ရှိ တွင် အသင်းလက်မဲ့ဖြစ်နေသည့် တိုက်စစ်ကစားသမား ဒိုင်ဘာလာကိုခေါ်ယူရန် အစီအစဉ်မရှိဟု အင်တာမီလန်အသင်း အမှုဆောင်အရာရှိချုပ် မာရော့တာက အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် ဒိုင်ဘာလာသည် ၂၀၁၅ ခုနှစ်က ပါလာမိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ကာ ပြီးခဲ့သည့် ဇွန်လကုန်က အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
အသင်းလက်မဲ့ဖြစ်နေသည့် ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည့် အတွက် ပရီးမီးယားလိဂ်ကလပ် အသင်းအများစုက ခေါ်ယူလိုနေသော်လည်း ဒိုင်ဘာလာကိုယ်တိုင်က အီတလီ စီးရီးအေတွင်သာ ဆက်လက်ကစား လိုနေသည့်အတွက် ပရီးမီးယားလိဂ်ကလပ် အသင်းများ၏ ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့ပြီး အစောပိုင်းက အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း အင်တာမီလန်အသင်းက ချယ်လ်ဆီးအသင်းမှ လူကာကူကို ခေါ်ယူခဲ့ပြီးနောက် ဒိုင်ဘာလာကို ခေါ်ယူမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
မာရော့တာက “ဒိုင်ဘာလာက ထိပ်တန်းကစား သမားကောင်း တစ်ဦးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းမှာ တိုက်စစ်ပိုင်းအတွက် ဒိုင်ဘာလာကို မလိုအပ်တော့ပါဘူး” ဟု ပြောသည်။