ဘိုင်ယန်မြူးနစ် အသင်းက ဂါနာဘရီအား  ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို

ဘိုင်ယန်မြူးနစ် အသင်းက ဂါနာဘရီအား  ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို

ဘိုင်ယန်မြူးနစ်အသင်းက  အသင်းမှ  အဓိက တောင်ပံကစားသမား ဂါနာဘရီကို   ၂၀၂၆  ခုနှစ်အထိ   သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် ဂါနာဘရီသည် အာဆင်နယ်အသင်း အကယ်ဒမီမှ  ပေါ်ထွက်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်က အာဆင်နယ်အသင်းတွင် စာချုပ်ချုပ်ဆိုပြီး  စတင်ပါဝင်ကစားခဲ့သော်လည်း   အသင်းတွင်  ပုံမှန်ပွဲထွက်ခွင့် မရရှိခဲ့သည့် အတွက်  ၂၀၁၇  ခုနှစ်က  ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

ဂါနာဘရီသည် ဘိုင်ယန်မြူးနစ်အသင်းတွင်လည်း ချက်ချင်း ပွဲထွက်ခွင့်မရရှိဘဲ ဟော့ဖန်ဟိန်းအသင်းသို့    အငှားသွားရောက် ကစားပြီးနောက်  ခြေစွမ်း ပြနိုင်ခဲ့သည့်အတွက်  ၂၀၁၈  ခုနှစ်က  ဘိုင်ယန်မြူးနစ် အသင်းနှင့်   ပြန်လည် ပူးပေါင်းခဲ့ပြီးနောက် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့သူဖြစ်သည်။

ဂါနာဘရီသည် ဘိုင်ယန်မြူးနစ် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အစောပိုင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချဖွယ်ရှိနေသည့် အတွက်   ပရီးမီးယားလိဂ် ထိပ်တန်းအသင်းများက   အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဂါနာဘရီနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့ သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ကြန့်ကြာနေမှုကို အခွင့်ကောင်း ယူပြီး ပရီးမီးယားလိဂ်ကလပ် အသင်းများဖြစ်သည့် အသင်းဟောင်း အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီး အသင်းတို့က   အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဘိုင်ယန်မြူးနစ် အသင်းက ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

ဂါနာဘရီသည် စာချုပ်ဟောင်းတွင် တစ်နှစ်လုပ်ခ လစာ ယူရို  ရှစ်သန်းသာ ရရှိခဲ့သော်လည်း စာချုပ်သစ် ချုပ်ဆိုမှုအရ တစ်နှစ်လုပ်ခလစာ ယူရို ၁၀ သန်းကျော် အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။