74th Singapore Open Amateur Championship ဂေါက်သီးရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့ ထွက်ခွာ
နေပြည်တော် ဇူလိုင် ၁၇
၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှ ၂၂ ရက်အထိ စင်ကာပူနိုင်ငံ Tanah Merah Country Club, Tampines Course ၌ ကျင်းပမည့် 74th Singapore Open Amateur Championship ဂေါက်သီးရိုက် ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ပြိုင်ပွဲဝင် မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးအောင်မင်းထွန်း (အဖွဲ့ဝင်၊ မျိုးဆက်သစ်လူငယ် ဂေါက်သီးအားကစားသမားများ ဆပ်ကော်မတီ)၊ အားကစားသမားများအဖြစ် ထွန်းသူရိန်နှင့် အောင်ဗိုလ်ကောင်းသန့်တို့ ပါဝင်ကြသည်။
ယင်းပြိုင်ပွဲသို့ နိုင်ငံတကာမှ ကစား သမား ၁၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်သည် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် နိုင်ငံတကာပြိုင်ပွဲများသို့ စေလွှတ် ယှဉ်ပြိုင်စေလျက် ရှိကြောင်း သိရသည်။