ပထမဆုံးအကြိမ် လက်နက်၊ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

ပထမဆုံးအကြိမ် လက်နက်၊ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော် ဇူလိုင် ၁၈

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း   သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ နယ်မြေခံ သင်တန်းကျောင်းခန်းမ၌ လက်နက်၊ ခဲယမ်းများနှင့်အတူ ဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား ကြိုဆိုလက်ခံ၍ လက်နက်၊ ခဲယမ်းများ လွှဲပြောင်းလက်ခံရယူပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို ပြုလုပ်ကြသည်။

ဦးစွာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူးက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော ဘုတ်ပြင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ်မှ  PDF အဖွဲ့ဝင်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့သယ်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများကို လွှဲပြောင်းရယူ၍ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းအပ်နှံပေးကြပြီး မိဘအုပ်ထိန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံ သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။