နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြု

နေပြည်တော် -ဇူလိုင် ၁၉

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ဂါရဝပြုသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် မန်းငြိမ်းမောင်၊ jeng phang နော်တောင်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဉီးထွန်းထွန်းဦး၊  (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟို ကော်မတီဥက္ကဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဌ  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ ဒုတိဝန်ကြီးများနှင့် တာဝန် ရှိသူများ၊  အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် အဖွဲ့ဝင်များက အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြား ထားသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ် ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တက်ရောက်လာကြသူများက ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြ သည်။

ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်း ခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ က သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံး ရဲဘော် အလေးပြု ခရာမှုတ်၍လည်းကောင်း အလေးပြုကြပြီးနောက် နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့သ အမျှပေးဝေကြသည်။

ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စား လှယ်များက အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေးဝေကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီး အကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ် အောင်ဆန်း နှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူ ဗိမာန်၌ လွမ်းသူ့ ပန်းခွေချ အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီ/ပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်း အမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ယင်းနောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြုကြသည့် ပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ တန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့ အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။