ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
ကြေညာချက်အမှတ်(၁၈၉/၂ဝ၂ဝ)
၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်
(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁ဝ ရက်)
အသက်အရွယ် ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲ ပေးခွင့်ပြုကြောင်း အသိပေး ထုတ်ပြန်ကြေညာခြင်း
၁။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅(ဂ)(၃) နှင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၅၁(ခ) တို့အရ မဲဆန္ဒနယ်အတွင်းရှိနေသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သော အသက်အရွယ်ကြီးရင့်နေသူများသည် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးခွင့်ရှိပြီး အဆိုပါ ပုဂ္ဂိုလ်များကြိုတင် ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက စီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ယခုကာလတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေများ အရ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့်မြို့နယ်များနှင့် လူဦးရေ ထူထပ်သော မြို့နယ်များ(၁ စတုရန်း ကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ၅ဝဝဝ ဦးနှင့်အထက်)တွင် နေထိုင်သော ရောဂါကူးစက်ခံရမှု လွယ်ကူနိုင်သည့် အသက် ၆ဝ နှစ်နှင့် အထက်ရှိသူ (၁၉၆ဝ ပြည့်နှစ်နှင့် ယင်းနှစ်၏ ရှေ့ပိုင်းမွေးဖွားသူ)များကို ၂၉-၁ဝ-၂ဝ၂ဝ ရက်နေ့မှ ၅-၁၁-၂ဝ၂ဝ ရက်နေ့အထိ နေအိမ်တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။
၃။ အပိုဒ်(၂)ပါ သတ်မှတ်ထားသော မြို့နယ်များမှအပ ကျန်မြို့နယ်များတွင် နေထိုင်ကြသည့် အသက် ၆ဝ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အနေဖြင့် မဲရုံသို့ကိုယ်တိုင် လာရောက်ဆန္ဒမဲ မပေးနိုင်သော အခြေအနေရှိပါက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲ ပေးရန်ဖြစ်ပါသည်။ ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင် သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ၂ဝ၂ဝ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အနက် အသက် ၆ဝ နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင်များ အနေဖြင့် ၂၉-၁ဝ-၂ဝ၂ဝ ရက်နေ့မှ ၅-၁၁-၂ဝ၂ဝ ရက်နေ့အထိ အထက်အပိုဒ်(၂)နှင့်(၃)ပါအတိုင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ပါကြောင်း အသိပေး ထုတ်ပြန် ကြေညာအပ်ပါသည်။
(လှသိန်း)
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်