နေပြည်တော် ဇူလိုင် ၂၀
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့ဘောလုံး အားကစားအဆင့်အတန်းကို တိုးတက်မြင့်မားလာစေရေးနှင့် သွေးသစ်လူငယ်ဘောလုံးသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဘောလုံးအားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း။
မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်တွင် အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သကဲ့သို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက် တစ်ရပ်အဖြစ်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာဘောလုံးအသင်း အောင်မြင်မှုရရှိနိုင် ရန် မြန်မာ့လက်ရွေးစင်လူငယ်များကို ကျောထောက်နောက်ခံအဖြစ် အင်အားအများဆုံး ဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လူငယ်ဘောလုံးပြိုင်ပွဲများကို မိမိတို့ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးနေခြင်းဖြစ်ကြောင်း။
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ဘောလုံးအားကစား ပြန်လည်အောင်မြင်မှုရရှိရန် အရေးကြီး တာဝန် တစ်ရပ်အဖြစ်ခံယူပြီး အောင်နိုင်ရေး စီမံချက်ရေးဆွဲကာ အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်မှ အားကစားကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အားကစားသမားများအနေဖြင့်လည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံဂုဏ်သိဏ္ခာကျစေမည့် ပြုမူဆောင်ရွက်မှုမျိုး မပြုလုပ်မိစေရန် အထူးမှာလိုကြောင်း။
ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝနှင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြရန်၊ ဒိုင်လူကြီး များကလည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်က အားထားရမည့် ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားကာ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် လေးချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပွဲစဉ်အဖြစ် နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး ကြသည်။
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ် (၃)တို့၌ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းမှ အားကစား သမား စုစုပေါင်း ၃၂၅ ဦးတို့က ယှဉ်ပြိုင်ကစားကြမည်ဖြစ်သဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)