နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် - ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညား အောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

နိုင်ငံရေးနှင့်ဆက်စပ်သည့် လုံခြုံရေးအခြေအနေ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်များကို  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရအရေးပေါ် အခြေအနေ ကြေညာ၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ ခြင်း မဟုတ်ကြောင်း၊ မိမိတို့ အားပေးအပ်ထားသည့် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆဲဥပဒေ များအပေါ် တွင်မူတည်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူချိန်တွင် ဆူပူမှုများ မရှိသေးသော်လည်း ဖေဖေါ်ဝါရီ ၃ ရက်နောက် ပိုင်းတွင်ဆူပူမှုများစတင် ဖြစ်ပေါ် ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် မှုများကိုလုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် စည်းရုံးရေးဆိုင်ရာလမ်းကြောင်းများဖြင့် ထိန်းသိမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ နည်းပါးသွားသည်ကို တွေ့ရှိရကြောင်း၊ အကြမ်း ဖက်မှုများကို အရေးယူဆောင်ရွက်ခဲ့ရာတွင် ဥပဒေနှင့်အညီသာ ထိန်းသိမ်း ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ပြည်ထဲရေးဝန်ကြီး ဌာနမှဆောင်ရွက်ရပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင် သောင်းကျန်းမှုများ ကို တပ်မတော်မှတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆူပှုအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အချို့သောနေရာဒေသများမှလွဲ၍ တတ်နိုင်သမျှရဲတပ်ဖွဲ့ဝင်များဖြင့် သာဖြေရှင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် စစ်အုပ်ချုပ်ရေးသတ်မှတ်မှု များကို တတ်နိုင်သမျှ အနည်း ဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း။

နိုင်ငံရေးအရနောက်ဆက်တွဲပေါ်ပေါက်လာသည့် အကြမ်းဖက် NUG နှင့် CRPH တို့ကတည်ထောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများကို လုပ်ဆောင်လျက်ရှိပြီး သံဃာတော် များနှင့် သီလရှင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်မိသားစုဝင်များ၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်မှုများ လုပ်ဆောင် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၈၇ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓ ဘာသာ ကိုးကွယ်ကြသူများ ဖြစ်ကြကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့်ဇူလိုင် ၂၀ ရက်အထိ သံဃာတော် ၅၂ ပါးနှင့် သီလရှင် ၁ ပါးတို့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ပါးနှင့် ပျောက်ဆုံးသူ ၈ ဦး စုစုပေါင်း ၇၀ ရှိပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သံဃာတော်များနှင့် သီလရှင်များကို အကြမ်းဖက်မှုသတ်ဖြတ်မှုအများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ စစ်ကိုင်းတောင်တွင် သံဃာတော်များနှင့် သီလရှင်များ အများဆုံး ဝါဆိုနေကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် ဗုဒ္ဓဘာသာ ရှေးအကျဆုံးနှင့်အများဆုံး ကိုးကွယ်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သော်လည်း ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနှင့် သီလရှင်များ အကြမ်းဖက် သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်ကို အံဩဖွယ်တွေ့မြင်ရကြောင်း၊ မကွေးတိုင်းတွင် လည်း အလားတူပင်ဖြစ်ကြောင်း။

ပညာရေးဝန်ထမ်းများသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ PDF အမည်ခံအကြမ်းဖက် သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၄၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၁ ဦး၊ ပျောက်ဆုံးသူ ၂၅ ဦး စုစုပေါင်း ၉၃ ဦးရှိကြောင်း၊ ထိုသို့ပညာရေးဝန်ထမ်း များသတ်ဖြတ်ခံရမှုတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးသည် အများဆုံးဖြစ်သည်ကိုတွေ့ရှိရကြောင်း။

ပြည်သူများပညာရည်မြင့်မားရန်လိုအပ်မှု

ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်ဇူလိုင်လမှစတင်၍ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းများပိတ်ထားမှုကြောင့် နိုင်ငံတော် နှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကိုလည်း ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း၊ ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားမီ ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ၏ အရေအတွက်၏ ၇၆ ရာခိုင်နှုန်းခန့် ကျောင်းအပ်နှံကြသည်ကိုတွေ့ရကြောင်း၊ အဆိုပါ ကျောင်းနေအရွယ်များတွင်လည်း မူလတန်းအရွယ်တွင်များပြားသော်လည်း  အလယ် တန်းနှင့် အထက်တန်းသို့ ရောက်ရှိချိန်တွင်နည်းပါးသွားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံပညာရည်မြင့်မားရေးနှင့်ပတ်သက်ပြီး အားလုံးက တွန်းတွန်း တိုက်တိုက်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အချို့ ကျောင်းနေ အရွယ်ကလေးများအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လုံခြုံရေးအရ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ကျောင်းအပ်နှံခြင်းမရှိသကဲ့သို့ နိုင်ငံရေးအရ အစိုးရ အခြေခံပညာကျောင်းများတွင် အချို့ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ သင်ကြားမှုများ မပြုသည်ကိုလည်းတွေ့ရှိရကြောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများက ဖွင့်လှစ် ထားသည့် Kaung For You အထက်တန်းကျောင်းကို စတင်ဆောင်ရွက်ခဲ့သည့် မြစ်သားမြို့နယ် လက်ထောက်ပညာရေးမှုး(CDM) ကောင်းသိုက်စိုးနှင့် အပေါင်းအပါ ၃ ဦးကို ဇူလိုင် ၁၃ ရက်တွင် အောင်ပန်းမြို့၌ အခကြေးငွေယူ၍ ပျော်ပါး၍ရသည့် အမျိုး သမီးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ထွက်ဆိုချက်ရ ဆက်စပ်လျက် ရှိသူများကိုလည်း ဖော်ထုတ်ရရှိခဲ့ပြီး အချို့ကိုဖမ်းဆီးထိန်းသိမ်းအရေးယူ ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါကျောင်းများတွင် အပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူ များစာရင်းကိုလည်းရရှိခဲ့ကြောင်း၊ သို့သော် ကျောင်းနေအရွယ်ကလေးများသည် နိုင်ငံရေးနားလည်မှုမရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ ကို မိမိတို့အနေဖြင့် အရေးယူရန်မရှိကြောင်း၊ သို့သော် အခြားပါဝင်ပတ်သက်နေသူ များကိုဆက်လက်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်ရန် ကျန်ရှိနေသည့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း မိမိတို့ အနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာသင်ကြားရေးသည် နိုင်ငံအတွက်လူသားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊ မည်သည့် စာသင်ကျောင်းတွင်သင်ကြားသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာပြီးဆုံးချိန်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သည့် ပညာများ ရရှိသွား ရန်လိုကြောင်း၊ ထို့ကြောင့်ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။  

ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို ကျောင်းနေအရွယ်ကလေးများဖြစ်သည့် ၅ နှစ်မှ ၁၈ နှစ်အကြား ကျောင်းသား၊ ကျောင်းသူ ၅၈၂၀၀၀၀ ကျော်အား ထိုးနှံပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ၃၅၈၃၀၀၀၀ ကျော်ရှိပြီး ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုနှင့် အုပ်ချုပ်မှုလမ်းကြောင်း အဆင်ပြေသည့် နေရာများတွင် ၉၉ ရာခိုင်နှုန်းခန့်ထိုးနှံ ပေးနိုင်ပြီးဖြစ်ကြောင်း၊ ထိုးနှံရန်ကျန်ရှိသည့် နေရာဒေသများတွင်လည်း ဆက်လက် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုမှာ များစွာကျဆင်းသွားပြီဖြစ်ကြောင်း၊ ပြည်တွင်းကူးစက်မှု နည်းပါး ပြီး ပြည်ပမှဝင်ရောက်လာသူများမှ ကူးစက် လျက်ရှိသည်ကိုသာ တွေ့ရှိရကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု

မိမိတို့အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံမူဝါဒများ ချမှတ်၍ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဒုတိယဦးစားပေးအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကိုတည်ငြိမ် အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်ရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တတိယ ဦးစားပေးအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော် ၏ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေးတို့ပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ရှေးယခင်ကတည်းက စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိက ထားသည့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်သည့် နိုင်ငံတစ်ခုပင်ဖြစ်ကြောင်း၊ ယခင် က စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချမှုများရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်ခေတ်တွင် စီးပွားရေးစနစ်ပြောင်းလဲခဲ့ပြီး အချို့ကိစ္စရပ်များတွင် စီးပွားရေးအရ အောင်မြင်မှုများမရှိခဲ့ခြင်းကြောင့် ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့သည့်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းရသည့် နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့သည် ကိုတွေ့ရကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေများပြားသည့် နိုင်ငံကြီးများရှိ ကြောင်း၊ အဆိုပါနိုင်ငံများသို့ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံသည့် ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်မည်ဆိုပါက ပြည်သူများနှင့် နိုင်ငံ၏စီးပွားရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုဦးစားပေး ဆောင်ရွက် နေရခြင်းသည် မိမိတို့နိုင်ငံ ရှိလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူ များဖြစ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည်လည်း စိုက်ပျိုးရေး နှင့်မွေးမြူရေးကို အခြေခံ သည့် စီးပွားရေးလုပ်ငန်းပင်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ပညာတတ်မြောက်မှုအခြေအနေသည် မြို့ပြနေပြည်သူများထက် ပညာတတ်မြောက်မှု လူဦးရေနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ လူသားအရင်း အမြစ် များ များပြားသော် လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ Skill Labor များ နည်းပါးသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် လက်တွေ့ကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အထက်တန်းပညာသင်ကြားရေး နှင့်ကုန်ထုတ်လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် မြစ်ချောင်းများ ပေါများပြီး ရေချိုအရင်းအမြစ်များများစွာရှိပြီး ရေချိုကိုအသုံးချ၍ စိုက်ပျိုးရေးလုပ်ငန်း များဆောင်ရွက်နေသည့် နေရာများရှိသကဲ့သို့ စိုက်ပျိုးမြေဧရိယာသည်လည်း လုံလောက်စွာရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဧကပေါင်း ၃၃ သန်းခန့်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ အခြားနှစ်ရှည် သီးနှံများဖြစ်သည့် ရာဘာ၊ ဆီအုန်းနှင့် အုန်းစိုက်ပျိုးမှုစသည့် နှစ်ရှည်သီးနှံပင်များ ကိုလည်း စိုက်ပျိုးကြကြောင်း၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို စိုက်ပျိုးရာတွင် အချို့ဒေသများ၌ တစ်သီးသာစိုက်ပျိုးသည်ကိုတွေ့ရှိရကြောင်း၊ သီးထပ်များစိုက်ပျိုး ခြင်းနှင့် အထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေး လုပ်ငန်းများမှ ဝင်ငွေများပိုမိုရရှိလာပြီး စိုက်ပျိုးတောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊  ထို့ကြောင့် တောင်သူလယ်သမားများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို သီးခြား ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

ပြီးခဲ့သည့်ကာလအတွင်း ပြည်ပမှဆီတင်သွင်းမှုများ များပြားခဲ့သဖြင့် ဆီထွက် သီးနှံများကို ထိန်းသိမ်းခြင်းနှင့် ပြည်ပတင်ပို့ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ တောင်သူ များအနေဖြင့် လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်ရှိသကဲ့သို့ လွတ်လပ်စွာရောင်းချခွင့်ရှိ ကြောင်း၊ ထို့ကြောင့် တောင်သူများ၏သီးနှံများကို ပြည်တွင်းပြည်ပ လွတ်လပ်စွာ ရောင်းချနိုင်ရေး ခွင့်ပြုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းကဲ့သို့သော အသင်းများမှတစ်ဆင့် နိုင်ငံတော်၏အကျိုးစီးပွား အတွက် ထိန်းသိမ်းရောင်းချသွားမည်ဆိုပါက တောင်သူများ လွတ်လပ်စွာရောင်းချနိုင် သကဲ့သို့ နိုင်ငံတော်၏ဝင်ငွေကိုလည်းတိုးတက်စေမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။   

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုမှတဆင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကောင်းမွန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားရာတွင်  “အလားတူပဲ ပညာရေးမြှင့်တင်မှုနဲ့ ပတ်သက်ရင်လည်း စောစော က ကျွန်တော်ပြောတဲ့  ပညာရေးမှာ အများစုက မူလတန်းပညာနဲ့ အလယ်တန်းပညာ အဆင့်ပဲ ကျွန်တော်တို့က ဖြစ်ပါတယ်။ လူနည်းစုပဲ အထက်တန်းပညာနဲ့ အဆင့်မြင့် ပညာတတ်တဲ့သူများဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီ အလယ်တန်း ပညာနဲ့အောက်မှာ တတ်နေတဲ့ ပြည်သူအများစုရှိနေတဲ့ ကျေးလက်ဒေသတွေရဲ့ ပညာရေး၊ ပြည်နယ်များရဲ့ ပညာရေး မြှင့်တင်ဖို့အတွက် အထူးဦးစားပေးဆောင်ရွက် သွားဖို့ လိုတယ်ဆိုတာလေးလည်း  ကျွန်တော်တွေ့ရှိပါတယ်။ နိုင်ငံမှာတော့ အခြေခံ ဥပဒေအရ အခြေခံပညာမူလတန်းအဆင့်ကိုတော့ မသင်မနေရ ပညာရေးလို့ သတ်မှတ် ထားတာ။ ဥပဒေအရသတ်မှတ်ထားတာရှိပါတယ်။ သို့သော် လက်ရှိအခြေအနေမှာ မူလတန်း ပညာသည်  မလုံလောက်ပါဘူး။ ဒီလောက် ခေတ်မီတဲ့ ကမ္ဘာကြီးမှာ လိုက်မီ ဖို့ ဆိုတာတော့ မူလတန်းပညာနဲ့ ဘယ်လိုမှ မပြည့်စုံဘူး။ ဒါကြောင့် ကျွန်တော်တို့ အစိုးရ တာဝန်ယူတဲ့အချိန်မှာ kg+9 ပေါ့။ ၉ တန်း၊ အလယ်တန်းပညာ ပြီးတဲ့အထိကို ကျွန်တော်တို့ အခမဲ့ ပညာရေးအနေနဲ့ မသင်မနေရ တွန်းအားပေးဆောင်ရွက်ဖို့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုသာ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် စောစောကပြောတဲ့ ကျေးလက်တွေမှာ Skill Labour ဖြစ်နိုင်တဲ့ သူတွေ။ ကျွန်တော်တို့ က ပညာတတ်တွေနဲ့၊ အထိုက်အလျောက် ပညာတတ်တွေ ဖြစ်လာပြီးတော့မှ။ သူတို့ကို  လေ့ကျင့်မွေးထုတ်ပေးလိုက်မယ် ဆိုလို့ရှိရင်။ သူတို့လုပ်တဲ့ စီးပွားရေးကို အထောက်အကူပြုတဲ့ အတတ်ပညာတွေ တတ်လာမှာဖြစ်ပါတယ်။ ဒါကို မျှော်တွေးပြီး တော့မှ။ အခု  ခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိပါတယ်။ ၁၂၇ ခရိုင်မှာ First wave အနေနဲ့ ကျွန်တော်တို့ ကျောင်းပေါင်း ၅၀ လောက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှု တွဲဖွင့် ထားတဲ့ အထက်တန်းကျောင်းတွေ ဖွင့်ဖို့။ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ကျွန်တော် ဆွေးနွေးထားပြီးဖြစ်ပါတယ်။ ကျောင်းပေါင်း ၅၀ လောက်စဖွင့်မယ်။ အဲ့ဒီတော့ ဒီ ဆရာတွေ ရဖို့အတွက်ကိုလည်း မွေးမြူရေးကျောင်းဆင်းတွေ၊ စိုက်ပျိုးရေး ကျောင်းဆင်းတွေ ဒီလိုလည်း ခန့်ဖို့ လိုသလိုပဲ။ လက်ရှိတာဝန်ပေးထားတဲ့ စိုက်ပျိုး ရေးဦးစီး၊ မွေးမြူရေးဦးစီး၊ အဲ့ဒီမှာ တာဝန်ပေးထားတဲ့သူများကိုလည်း အကူဆရာ များအနေနဲ့ အဲ့ဒီကျောင်းတွေမှာ သင်ကြားပေးဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက် နေတာ ရှိပါတယ်။ အဲ့ဒါကို ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာတော့ ကျေးလက်မှာ လုပ်ငန်းလုပ်နေတဲ့ သူများအတွက် Skill Labour တွေ အများကြီး မွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်မှန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ သွားရမယ် ဆိုတာလေး လည်း ကျွန်တော်သွားလိုပါတယ်။

တစ်ဆက်တည်းမှာပဲ ဒါတင် လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါ ဘူး။ ပုဂ္ဂလိက ကဏ္ဍ က ဒါတွေက၊ လုပ်ရမယ့်ကဏ္ဍဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရကတော့ လူသားအရင်းအမြစ်တွေ ရရှိအောင် ဆောင်ရွက်ပေးဖို့သာဖြစ်ပါတယ်။ ကျန်တာတော့၊ ပုဂ္ဂလိက က လုပ်ရမယ်။ တစ်ဖက်ကလည်း အစိုးရကနေပြီးတော့ သွင်းအားစုတွေရအောင်လည်း ဖန်တီးပေးရတာတွေရှိတယ်။ ဥပမာ - ရေ ရအောင် ဖန်တီးပေးရတာတို့၊ မြေဩဇာရအောင်ဖန်တီးပေးတာတို့၊ မျိုးစေ့ တွေရအောင် ဖန်တီး ပေးရတာတို့ ဒါကတော့ စိုက်ပျိုးရေးပိုင်းပေါ့လေ။ မွေးမြူရေးပိုင်းဆိုလည်း တိရိစ္ဆာန် အစားအစာတွေရဖို့အတွက်၊ ဆေးဝါးတွေ ရဖို့တို့၊ နောက်တစ်ခါ ခုနကပြောတဲ့ ရေ ရရှိဖို့တို့၊ နောက်တစ်ခါ မျိုးကောင်းမျိုးသန့်တွေ ရရှိဖို့တို့ ဒါတွေလည်း ကျွန်တော်တို့ က  အစိုးရကနေပြီးတော့မှ ဝိုင်းပြီး ကူညီပေးရမှာဖြစ်ပါတယ်။ ဒါ ပုဂ္ဂလိက ကဏ္ဍ လုပ်ပေးမှလည်း အစိုးရရဲ့ ပါဝင်ပတ်သက်မှုကတော့ ကျွန်တော်တို့ အချိန်ကာလ အတိုင်းအတာတစ်ခုထိတော့ ရှိနေဦးမှာဖြစ်ပါတယ်။ လုပ်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကို ကျွန်တော်တို့အနေနဲ့၊ ကျွန်တော် တို့ ကောင်စီအနေနဲ့ ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာလေးလည်း  ကျွန်တော် ပြောလိုပါတယ်။” (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ပြောကြားမှု Video File ကို ပြသမည်ဖြစ်ပါသည်။)

ဝါစိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု

ဆက်လက်ပြောကြားရာတွင်  မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဧက ၂ သိန်း ၄ သောင်း ကျော်ရှိကြောင်း၊ ဝါစိုက်ပျိုးမှု နှင့်ပတ်သက်၍ ချည်မျှင်ရှည်ဝါမှ အဆင့်မြင့် ချည်ထည်များ ထုတ်လုပ်နိုင်ကြောင်း၊ ယခုစိုက်ပျိုးနေသည့်ဝါများသည် ချည်မျှဉ်ရှည်ဝါ ဟု ဆိုသော်လည်း အဆင့်မြင့် ချည်ထည်များကို ထုတ်လုပ်နိုင်မှုမရှိကြောင်း၊ ထို့ကြောင့် အဆင့်မီသည့် ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်ပနိုင်ငံများနှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းဝါစိုက်ပျိုးမှု လုပ်ငန်း များကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ၏ဝတ်ရေးအတွက် ပိုမို အဆင်ပြေမည်ဖြစ်သကဲ့သို့ ပြည်တွင်းမှထွက်ရှိသည့် ဝါထွက်ကုန်များကို အသုံး ပြု၍ အဆင့်မီ အထည်ချုပ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏ စီးပွားရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ကျေးလက်နေပြည်သူများ၏ လူမှုနေမှုစနစ်များမြှင့်တင်ပေးရန်လိုအပ်

မိမိတို့နိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်နေ ပြည်သူများ၏ လူနေမှုစနစ်များမှာ အခြားနိုင်ငံများ ထက်နိမ့်ကျလျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝတွင် အားနည်းချက်များရှိခြင်းကြောင့်သာ လူနေမှုစနစ်များနိမ့်ကျနေခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်၍ အောင်မြင် အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေတိုင်းရင်းသား ပြည်သူများ ၏ လူမှုစီးပွား များပြောင်းလဲတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့လူမှုစီးပွားများ တိုးတက်ပြောင်းလဲ လာချိန်တွင် နေထိုင်သည့်အိမ်ရာများ အဆင့်မြှင့်တင် တည်ဆောက်ရန် ဆောက်လုပ် ရေး လုပ်ငန်းများတွင် လိုအပ်သည့် ဘိလပ်မြေများ ကိုပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နိုင်ငံအတွင်း၌ ဘိလပ်မြေ ထုတ်လုပ်နိုင်သည့် အခြေခံ ကုန်ကြမ်းများလုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိ စက်ရုံများ အပြည့်အဝလည်ပတ်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အလားတူ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်ရာ တွင်လည်း အဆောက်အဦများဆောက်လုပ်နိုင်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်း များကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များ ဆောင်ရွက်မည်ဆိုပါက အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေနှင့် သံ၊ သံမဏိတို့ သည် နိုင်ငံ၏လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် မဖြစ်မနေလိုအပ်သဖြင့် အားပေး ဆောင်ရွက်သွားမည်ဆိုပါက များစွာပြောင်းလဲတိုးတက်သွားမည် ဖြစ်ကြောင်း။

လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးသည်လည်း အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်ယူရာတွင် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက် ၍ရကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ ၌ ကာဗွန်ဒိုင်အောက် ဆိုဒ်ထုတ်လွှတ်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိ သကဲ့သို့ မိမိတို့နိုင်ငံသည်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ၌ ကာဗွန်ဒိုင် အောက်ဆိုဒ် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေးကို အထောက်အကူ ပြုသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချမည်ဆိုပါက အကျိုးရှိမည်ဖြစ် ကြောင်း၊ မြစ်ကြီးများပေါ်၌ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း များကို ဆောင်ရွက်၍ရကြောင်း၊ မေခ၊ မလိခ၊ ဧရာဝတီ၊ ရွှေလီ၊ ချင်းတွင်း၊ တာပိန်၊ သံလွင်စသည့် မြစ်ကြီးများပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်နေရာများ များစွာ ရှိကြောင်း၊ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်း စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်ကြရန်လိုကြောင်း။

အလားတူ မိမိတို့နိုင်ငံ အလယ်ပိုင်းရှိနေရာဒေသအများစု၏ မိုးရွာရက်မှာပျမ်းမျှ အားဖြင့် ရက် ၁၀၀ ခန့်သာရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အားကို ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်း ဒေသများ၌လည်း လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက် ၍ရကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံတော်အဆင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့်လည်း အသေးစားနှင့် အလတ်စားထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်မှ အားပေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ထာဝရငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှု

ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ဧပြီလ ၂၂ ရက် နေ့က စတင်ပြုလုပ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် ၃ ဖွဲ့တို့ကတွေ့ဆုံရန်  အကြောင်းပြန်ကြားခဲ့ ပြီး ၉ ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် တစ်ဖွဲ့နှင့်လည်း မကြာမီ အချိန်အတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများတွင် ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး တို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ ၎င်းတို့ထံမှ သဘောတူညီမှုများရရှိခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန် တကယ်လိုအပ်ပြီး ဖြစ်သင့်သည်နှင့်ဖြစ်ချင်တာများကို ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ထို့ကြောင့်တွေ့ဆုံဆွေးနွေးလိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးလိုပါက ထပ်မံဖိတ်ခေါ်ပါကြောင်း၊ ကျန်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ပါဝင် လာမည်ဆိုပါက မိမိတို့နိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည် ပြည့်စုံကောင်းမွန်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ရုရှားနိုင်ငံသို့ အလုပ်သဘောအလယ်အပတ်ခရီးသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော် အတွင်းရှိရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင်မင်္ဂလာ အခမ်းအနားပြုလုပ် ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံ များသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ စစ်ဘက်နည်းပညာဆိုင် ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍ၊ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် အခြားကဏ္ဍ ပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့ကြောင်း။  ကာလတို အလုပ်သဘောခရီးစဉ်တစ်ခုဖြစ်ခဲ့သော်လည်း နိုင်ငံ့အတွက် အကျိုးရှိသည့် ဆွေးနွေးမှုများစွာကို ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင် သည့် ခရီးစဉ် တစ်ခုဖြစ်ခဲ့သည်ကို အသိပေးလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကောင်စီအဖွဲ့ဝင်များက မြန်မာ- ရှရှားချစ်ကြည်ရေးအသင်း အဖွဲ့များ ဖွဲ့စည်းရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို  နှစ်နိုင်ငံပြည်သူများ အကြား အပြန်အလှန် နားလည်သိရှိစေရန် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်၊  အနာဂတ်နိုင်ငံတော်အတွက် လူငယ်များအားစနစ်တကျ ပြုစုပျိုးထောင်ပေးရေး၊ ပညာရေးမူဝါဒလမ်းကြောင်းကို သွေဖယ်၍ဆောင်ရွက်နေ သည့် ပုဂ္ဂလိကကျောင်းများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ရေး၊  မူလတန်းပြ ဆရာ၊ ဆရာမများ ရာထူတိုးမြှင့်ရန်ကိစ္စကိုလျင်မြန်စွာ ဆောင်ရွက်ပေးပြီး လိုအပ်ချက် ရှိသည့်နေရာ ဖြည့်စွက်ခန့်ထားနိုင်ရေး၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေပြီး ရာသီဥတုကို အထောက်အကူပြုစေရေးအတွက် ကျွန်းစိုက်ခင်းများကို စီမံချက်ချမှတ် ၍ တိုးချဲ့စိုက်ပျိုးရေး၊ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ပပျောက်ရေး အတွက် ကြိုတင်ကာကွယ်တားဆီးရေး၊ ကျေးလက်ကျန်းမာရေးဌာနများ၏လိုအပ် ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက စီမံဆောင်ရွက် ပေးရေး၊ လူငယ်များလမ်းမှားမရောက်စေရေးအတွက် အခြေခံပညာကျောင်းများတွင် စာရိတ္တပညာပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်ကြားပေးရေး၊ ယာဉ်လိုင်းများ လက်မှတ်ရောင်းချခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားကို စနစ်တကျစိစစ်ဆောင်ရွက်ရေး၊ တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် နှစ်နိုင်ငံခရီး သွားလုပ်ငန်းကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊  သိပ္ပံနှင့်နည်းပညာ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပညာတော်သင်စေလွတ်ရေးကိစ္စများကို လည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးအထောက်အကူပြု စီမံကိန်းများကို မိမိသဘောဆန္ဒအလျောက် ပါဝင်သည့်စနစ်ဖြင့် ထူထောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးမူဝါဒနှင့် မကိုက်ညီသည့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများ ဖွင့်လှစ်သည့် ကိစ္စနှင့်ပတ်သက်၍ စိစစ်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနများတွင် ဝန်ထမ်းများဖြည့်တင်းနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး လတ်တလောတွင် အလုပ်သင်ဆရာဝန်များနှင့် သူနာပြုများ ဖြည့်တင်း ပေးထားပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အသုံးပြုမှုအပေါ်မူတည်၍ သီးနှံအထွက် နှုန်းများ ကွာခြားမှုရှိကြောင်း၊ မြေဩဇာ ၂ မျိုး ကိုအချိုးချပေါင်းစပ်ခြင်းဖြင့် သီးနှံအထွက်တိုးရရှိနိုင်မည်ဖြစ်ပြီး သဘာဝမြေဩဇာ ကို အဓိထားအသုံးပြုနိုင်ရေး သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  လက်တွေ့ကျသည့် စိုက်ပျိုးရေးစနစ်နှင့် ခေတ်မီမွေးမြူရေးစနစ်ကို ဦးတည် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန် - ပြည်၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - မန္တလေး မီးရထားလမ်းများ အဆင့်မြှင့်တင်၍ ခေါက်ရေတိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်အဖွဲ့များနှင့်ပတ်သက်၍ ကြိုတင် ကန့်သတ်ချက် မထားဘဲ ဆွေးနွေးလျက်ရှိပြီး  အချို့အဖွဲ့များနှင့်လည်းဆွေးနွေးနိုင်ရေး ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ လူငယ်များ စာရိတ္တမြင့်မားရေး အတွက် ပြည်သူ့နီတိနှင့် (၃၈)ဖြာမင်္ဂလာကို သင်ကြားပေးလျက်ရှိပြီး ဒီမိုကရေစီ အနှစ်သာရကိုလည်း သိရှိအောင်သင်ကြားပေးသွားရမည် ဖြစ်ကြောင်း၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက်  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိ ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊  ကျွန်းစိုက်ခင်းများ တိုးတက် ရေးအတွက် နိုင်ငံတဝန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုး သွားရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊  သမိုင်းဝင်ပုဂ္ဂိုလ်များ၏  အထိမ်းအမှတ် မော်ကွန်းဥပဒေ ပြဌာန်းနိုင်ရေး ပြန်လည်စိစစ်သုံးသပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။