ဘာစီလိုနာအသင်း ပရိသတ်များက မဲပေးရွေးချယ်သည့် အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် မာရာဒိုနာကို ရွေးချယ်

ဘာစီလိုနာအသင်းပရိသတ်များက မဲပေးရွေးချယ်ခဲ့သည့်  အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ၁၀ ဦးစာရင်းတွင် မက်ဆီကိုကျော်ဖြတ်ပြီး မာရာဒိုနာကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

မက်ဆီသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘာစီလိုနာအသင်းနှင့် စတင်ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ    ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ခုနစ်ကြိမ်အထိ ရရှိခဲ့သည့်အပြင် အသင်းနှင့်ပြိုင်ပွဲစုံ ၇၇၈ ပွဲကစားခဲ့ကာ ၆၇၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး စပိန်လာလီဂါဖလား ၁၀ ကြိမ်၊ ကိုပါဒယ်ရေးဖလားခုနစ်ကြိမ်၊ စပိန်စူပါဖလား ခုနစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား  လေးကြိမ်၊   ဥရောပစူပါဖလားသုံးကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလားသုံးကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ကာ ပြီးခဲ့သည့်နှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက  ပီအက်စ်ဂျီအသင်းသို့  ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့ကာ လက်ရှိအချိန်အထိ ဘာစီလိုနာအသင်း၏   သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသော်လည်း အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ၁၀ ဦးစာရင်းတွင် မာရာဒိုနာ၏နောက်၌သာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

မာရာဒိုနာသည် ၁၉၈၂ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ဘောလုံးရာသီနှစ်ရာသီသာ ဘာစီလိုနာအသင်း၌ ကစားခဲ့သူဖြစ်ပြီး အသင်းနှင့် ၅၈ ပွဲကစားရာ ၃၈ ဂိုးအထိသာ သွင်းယူနိုင်ခဲ့သော်လည်း    ဘာစီလိုနာ အသင်းပရိသတ်များက အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားကို မဲပေးရွေးချယ်ရာတွင် မာရာဒိုနာကိုသာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

အကောင်းဆုံးကစားသမား  ၁၀  ဦးစာရင်းတွင်  မာရာဒိုနာနှင့် မက်ဆီတို့နောက်တွင် ရော်နယ်ဒင်ဟို၊ ဂျိုဟန်ခရိုတ်၊  အင်နီယေစတာ၊  ဇာဗီ၊  ဆွာရက်ဇ်၊ ရော်နယ်ဒို၊  ပီကေးနှင့်  ပူယိုးလ်တို့က အသီးသီး ရပ်တည်နေကြောင်း သိရသည်။

Ref;Marca.com