အာဖရိကဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ အာဖရိက တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံး ဆန်ခါတင် ကစားသမား သုံးဦးစာရင်းကို အတည်ပြုထုတ်ပြန်ခဲ့ရာ ဆီနီဂေါအသင်းမှ ဂိုးသမား မန်ဒီနှင့် တိုက်စစ်ကစားသမား မာနေး၊ အီဂျစ်အသင်းမှ ဆာလက်ချ်တို့ပါဝင်ခဲ့ကြကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းမှ ဂိုးသမားမန်ဒီအနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီက ကလပ်အသင်း၌ အောင်မြင်မှု တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ဆီနီဂေါအသင်းနှင့် ၂၀၂၂ အာဖရိကဖလား ဆွတ်ခူးနိုင်ခဲ့သည်။
လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်ချ်သည် အီဂျစ်အသင်းနှင့် အောင်မြင်မှုမရရှိသော်လည်း ပြီးခဲ့ သည့်ဘောလုံးရာသီက အသင်းနှင့် အက်ဖ်အေဖလား ကာရာဘောင်းဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည့်အပြင် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနှင့် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးကစားသမားဆုတို့ကို ရရှိခဲ့သည်။
မကြာသေးမီက ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့်တိုက်စစ်မှူး မာနေးသည် ပြီးခဲ့သည့် ဘောလုံးရာသီက လီဗာပူးအသင်းနှင့်အတူ အက်ဖ်အေဖလားနှင့် ကာရာဘောင်းဖလားတို့ကို ဆွတ်ခူး နိုင်ခဲ့သည့်အပြင် ဆီနီဂေါအသင်း ၂၀၂၂ အာဖရိကဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် ခြေစွမ်းပြနိုင်သကဲ့သို့ ဆီနီဂေါအသင်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရရှိရန် ရေပန်းစားနေကြောင်း သိရသည်။
Ref;90Min