၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မစတင်သေးသော်လည်း ပြိုင်ပွဲမှ ပထမဆုံးထုတ်ပယ်ခံ ရနိုင်သည့်နည်းပြအဖြစ် အဲဗာတန်အသင်းနည်းပြ လမ်းပတ်က ရေပန်းစားလျက်ရှိကြောင်း သိရသည်။
နည်းပြလမ်းပတ်သည် ပြီးခဲ့သည့်ဘောလုံးရာသီ ဇန်နဝါရီလက အဲဗာတန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိဘဲ ဘောလုံးရာသီကုန်ဆုံး ချိန်အထိ တန်းမဆင်းရအောင်ကြိုးစားခဲ့ရကာ အဆင့်(၁၇) နေရာ၌ရပ်တည်နိုင်ခဲ့သည်။
နည်းပြလမ်းပတ်သည် ပြီးခဲ့သည့်ဘောလုံးရာသီ ကတည်းက ရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် တန်း ဆင်းရနိုင်သော အခြေအနေများနှင့် တွေ့ကြုံခဲ့ရသည့်အတွက် နည်းပြလမ်းပတ်ကို ပြန်လည်ထုတ်ပယ်ရန် အသင်းပရိသတ်များကပင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိတွင်လည်း အဲဗာတန်အသင်းအနေဖြင့် ရာသီကြိုခြေစမ်းပွဲစဉ်များ၌ ရလဒ်ဆိုးများထပ်မံ တွေ့ကြုံနေရပြီး ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ကစားသည့် မေဂျာလိဂ်ကလပ်အသင်းဖြစ်သော မင်နီဆိုးတား ယူနိုက်တက် အသင်းကို ၄ ဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်ပြီးနောက် အသင်းပရိသတ်များက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကာ အဓိက ကစားသမားအစုံအလင် အသုံးပြုခဲ့သော်လည်း ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်းမှ ထုတ်ပယ်ခံရရန် ပိုမိုသေချာလာခြင်းဖြစ်ကြောင်း သိရသည်။
Ref;Sky Sports