၂၀၂၂ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ   ဦးကျော်ကျော်လွင်က အားကစားသမားများ အနေဖြင့် အားကစား စိတ်ဓာတ်အပြည့်ဖြင့်   ပြိုင်ပွဲပြီးဆုံးသည်အထိ ကောင်းသောယှဉ်ပြိုင်ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ရဝမ်၊ လီဆူ၊ ရှမ်း၊ ဂျိမ်းဖောရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် Fitness Dance အဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက်      ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့်  ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများက ဖွင့်ပွဲအနေဖြင့်     ဆာရ်ခွမ်ဒမ်းဘောလုံးအသင်းနှင့်  မာမူးလဲ့ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား နေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲသို့    ပူတာအိုမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ပြိုင်ပွဲဝင်အသင်း ၂၇ သင်းတို့က  အုပ်စုလေးခုခွဲ၍ ဇူလိုင် ၂၁ ရက်မှ စက်တင်ဘာ ၅ ရက်အထိ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဗိုလ်လုပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။                 

ဖုန်ကန်(ပူတာအို)